စာရှုသူများထံမှ မေးခွန်းလွှာ
ကိစ္စတစ်ခုကို အတည်ပြုဖို့ အနည်းဆုံး သက်သေနှစ်ယောက် လိုတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (တော. ၃၅:၃၀။ တရား. ၁၇:၆။ ၁၉:၁၅။ မ. ၁၈:၁၆။ ၁ တိ. ၅:၁၉) ဒါပေမဲ့ ယောက်ျားတစ်ယောက်က တခြားသူနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကို “တောထဲမှာ” စော်ကားတဲ့အခါ မိန်းကလေး အော်ရင် မိန်းကလေးမှာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အပြစ်မရှိဘူး၊ ယောက်ျားမှာတော့ အပြစ်ရှိတယ်လို့ ပညတ်တရားမှာ ဖော်ပြထားတယ်။ မျက်မြင်သက်သေ မရှိပေမဲ့ ဘာကြောင့် ယောက်ျားမှာ အပြစ် ရှိပြီး မိန်းကလေးမှာ အပြစ်မရှိရတာလဲ။
တရားဟောရာ ၂၂:၂၅-၂၇ မှာပါတဲ့ မှတ်တမ်းမှာ ယောက်ျား အပြစ်ရှိကြောင်း သတ်မှတ်ပြီးဖြစ်တဲ့အတွက် ယောက်ျားရဲ့ အပြစ်ကို အဓိက ဖော်ထုတ်နေတာ မဟုတ်ဘူး။ အမျိုးသမီးမှာ အပြစ်မရှိကြောင်း ဖော်ထုတ်နေတာ ဖြစ်တယ်။ ရှေ့နောက်စကားကို သုံးသပ်ကြည့်ပါ။
တခြားသူနဲ့ စေ့စပ်ထားတဲ့ အမျိုးသမီးကို “မြို့ထဲမှာ” စော်ကားတဲ့ ယောက်ျားတစ်ယောက်အကြောင်း ရှေ့အခန်းငယ်တွေမှာ ပြောထားတယ်။ စေ့စပ်ထားတဲ့ အမျိုးသမီးကို အိမ်ထောင်သည်အဖြစ် ယူမှတ်တဲ့အတွက် အဲဒီယောက်ျားဟာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အပြစ်ရှိတယ်။ အမျိုးသမီးကော။ သူက “မြို့ထဲမှာ ရှိပေမဲ့ မအော်” ဘူး။ သူသာ အော်ခဲ့မယ်ဆိုရင် တခြားသူတွေ ကြားပြီး ကူညီနိုင်မယ်။ ဒါပေမဲ့ မအော်တဲ့အတွက် ဖောက်ပြန်မှုမှာ အလိုတူအလိုပါ ဖြစ်ပြီး နှစ်ယောက် စလုံး အပြစ်ရှိတယ်။—တရား. ၂၂:၂၃၊ ၂၄။
မတူညီတဲ့ အခြေအနေတစ်ခုကို ပညတ်မှာ ဆက်ဖော်ပြထားတယ်– “ဒါပေမဲ့ ယောက်ျားတစ်ယောက်က တခြားသူနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကို တောထဲမှာ တွေ့လို့ အနိုင်ကျင့်ပြီး စော်ကားလိုက်တယ်ဆိုရင် အဲဒီယောက်ျားကိုပဲ သေဒဏ်ပေးရမယ်။ ဒါဟာ လူတစ်ယောက်ကို ရန်လုပ်ပြီး သတ်တဲ့အမှုနဲ့ အတူတူပဲ။ မိန်းကလေးကတော့ သေထိုက်တဲ့အပြစ် မကျူးလွန်တဲ့အတွက် သူ့ကို ဘာမှ မလုပ်ရဘူး။ အဲဒီယောက်ျားက စေ့စပ်ထားတဲ့ မိန်းကလေးကို တောထဲမှာ တွေ့တာဆိုတော့ မိန်းကလေးက အော်ရင်တောင် ကယ်မယ့်သူ မရှိလို့ပဲ။”—တရား. ၂၂:၂၅-၂၇။
ဒီဖြစ်ရပ်မှာ မိန်းကလေးက ‘အော်ရင်တောင် ကယ်မယ့်သူ မရှိဘူး’ လို့ တရားသူကြီးတွေ ယူဆကြတယ်။ ဒါကြောင့် မိန်းကလေးက အိမ်ထောင်ရေး ဖောက်ပြန်တာ မဟုတ်ဘူး။ ဒါပေမဲ့ ယောက်ျားကတော့ တခြားသူနဲ့ စေ့စပ်ထားတဲ့ အမျိုးသမီးကို “အနိုင်ကျင့်ပြီး စော်ကားလိုက်” တဲ့အတွက် မတရားကျင့်တဲ့ အပြစ်၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အပြစ်ရှိတယ်။
ဒီပညတ်က အမျိုးသမီးမှာ အပြစ်မရှိကြောင်း အဓိက ဖော်ပြတာ ဖြစ်ပေမဲ့ အဲဒီယောက်ျားမှာ မတရားကျင့်တဲ့ အပြစ်၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အပြစ် ရှိကြောင်းလည်း ဖော်ပြတယ်။ အဲဒီကိစ္စကို တရားသူကြီးတွေ “အသေအချာ စုံစမ်း” မှာ ဖြစ်ကြောင်း၊ ရှင်းရှင်းလင်းလင်း၊ အကြိမ်ကြိမ် ဖော်ပြထားတဲ့ ဘုရားစံနှုန်းအတိုင်း ဆုံးဖြတ်စီရင်မှာဖြစ်ကြောင်း ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။—တရား. ၁၃:၁၄။ ၁၇:၄။ ထွ. ၂၀:၁၄။