မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ပညာရှိသူတွေနဲ့ ပေါင်းသင်းခြင်းကနေ အကျိုးရရှိခဲ့

ပညာရှိသူတွေနဲ့ ပေါင်းသင်းခြင်းကနေ အကျိုးရရှိခဲ့

အမေရိကန်​နိုင်ငံ၊ တောင် ဒါကို​တာ​ပြည်နယ်၊ ဘ​ရွတ်​ကင်း​မြို့​ရဲ့ အေး​စိမ့်​နေတဲ့ တစ်မနက်။ မကြာ​ခင်မှာ ဒေသ​တစ်ခုလုံး အေးခဲ​လာ​တော့မယ်။ အဲ​ဒီနေ့​မှာပဲ ကျွန်တော်တို့​အုပ်စု​လေး​ဟာ အေး​စိမ့်​နေတဲ့ ကျီ​ထဲမှာ ရှိနေ​လို့ အံ့ဩ​သွား​ကြပါ​လိမ့်မယ်။ ရေ​အေး​ဖြည့်​ထားတဲ့ တိရစ္ဆာန်​စား​ကျင်း​ရှေ့မှာ ကျွန်တော်တို့ ရပ်​နေကြတယ်။ အကြောင်းရင်းကို သိ​ဖို့ နောက်ကြောင်း အနည်းငယ် ပြောပြပါ​ရစေ။

အစောပိုင်း မိသားစုဘဝ

ဦးလေး အဲဖရက်နဲ့ အဖေ

၁၉၃၆ ခုနှစ်၊ မတ်လ ၇ ရက်မှာ ကျွန်တော် မွေးဖွား​လာတယ်။ သားသမီး​လေးယောက်​ထဲမှာ အငယ်ဆုံး​ပါ။ တောင် ဒါကို​တာ​ပြည်နယ် အရှေ့ပိုင်း​က မွေးမြူရေး​ခြံ​လေးမှာ ကျွန်တော်တို့ နေတယ်။ စိုက်ပျိုး​မွေးမြူရေး​ဟာ ကျွန်တော်တို့ မိသားစု​အတွက် အရေးပါ​ပေ​မဲ့ အရေးကြီးဆုံး​တော့ မဟုတ်ဘူး။ ၁၉၃၄ ခုနှစ်မှာ မိဘတွေဟာ ယေဟောဝါသက်သေ​တွေအဖြစ် နှစ်ခြင်းခံ​ခဲ့ကြတယ်။ ကောင်းကင်ဖခင် ယေဟောဝါ​ဆီ ဆက်ကပ်အပ်နှံ​ထား​လို့ ဘုရားအလိုတော် ထမ်းဆောင်ခြင်း​ဟာ သူတို့​ဘဝ​မှာ အရေးကြီးဆုံး ဖြစ်တယ်။ ကျွန်တော့်​အဖေ က​လဲ​ရ​န့်စ်​နဲ့ နောက်ပိုင်းမှာ ဦးလေး အဲ​ဖရက်​တို့​က တောင် ဒါကို​တာ၊ ကွန်​ဒေ​မြို့ အသင်းတော်​ငယ်​လေးမှာ ကုမ္ပဏီ​အမှုထမ်း (အခု အကြီးအကဲအဖွဲ့ ညှိ​နှိုင်း​ရေး​မှူး) အဖြစ် ထမ်းဆောင်​ခဲ့ကြတယ်။

အစည်းအဝေး တက်​တာ၊ ကျမ်းစာပါ အနာဂတ် မျှော်လင့်ချက်​အကြောင်း ပြောပြဖို့ တစ်အိမ်တက်ဆင်း သွား​တာဟာ ကျွန်တော်တို့ မိသားစု​ရဲ့ လုပ်ရိုးလုပ်စ​ဉ်​ပဲ။ မိဘတွေရဲ့ ပုံသက်သေ​နဲ့ လေ့ကျင့်ပေးမှု​က သားသမီး​တွေ​အပေါ် အကြီးအကျယ် အကျိုးသက်ရောက်​ခဲ့တယ်။ ကျွန်တော် ခြောက်နှစ်​အရွယ်မှာ အစ်မ ဒို​ရ​သီ​နဲ့ ကျွန်တော် ကြေညာသူ ဖြစ်လာတယ်။ ၁၉၄၃ ခုနှစ်မှာ အစည်းအဝေး​ကဏ္ဍ​တစ်ခု ဖြစ်​လာတဲ့ ဟောပြော​သွန်သင်ခြင်း​သင်တန်း​မှာ ပါဝင်ခဲ့တယ်။

၁၉၅၂ ရှေ့ဆောင်လုပ်ငန်း

ခရိုင် အစည်းအဝေး​တွေ၊ တိုက်နယ် အစည်းအဝေး​တွေဟာ ကျွန်တော်တို့​ဘဝ​မှာ အရေးကြီးတယ်။ ၁၉၄၉ ခုနှစ်၊ တောင် ဒါကို​တာ၊ စူး​ဖောလ်​မြို့ ခရိုင်​အစည်းအဝေး​မှာ ဧည့်​ဟောပြောသူ​က ညီအစ်​ကို ဂ​ရ​န့် စူ​တာ ဖြစ်တယ်။ “သင်​ထင်​သည်ထက် နောက်ကျ​နေ” ဆိုတဲ့ သူ့​ဟောပြော​ချက်ကို အမှတ်ရနေ​တုန်းပဲ။ တည်ထောင်​ပြီး​ဖြစ်တဲ့ ဘုရားနိုင်ငံတော် သတင်းကောင်း ကြေညာ​ရာမှာ ဆက်ကပ်အပ်နှံ​ထားတဲ့ ခရစ်ယာန်​အားလုံး အပြည့်အဝ ပါဝင်​သင့်တယ်​လို့ အလေးပေး ပြော​သွားတယ်။ အဲဒါက ယေဟောဝါ​ဆီ ဆက်ကပ်အပ်နှံ​ဖို့ ကျွန်တော့်ကို လှုံ့ဆော်ပေး​ခဲ့တယ်။ ဒါကြောင့် ဘ​ရွတ်​ကင်း​မြို့ တိုက်နယ် အစည်းအဝေး​နောက်​တစ်ခုမှာ အစပိုင်း ဖော်ပြခဲ့တဲ့​အတိုင်း အေး​စိမ့်​နေတဲ့​ကျီ​ထဲ ရောက်နေ​တာပေါ့။ တိရစ္ဆာန်​စား​ကျင်း​ဟာ ၁၉၄၉၊ နိုဝင်ဘာ ၁၂ ရက်မှာ ကျွန်တော်တို့ လေးယောက်​အတွက် နှစ်ခြင်း “ကန်” ဖြစ်ခဲ့တယ်။

အဲဒီအချိန်ကစပြီး ရှေ့ဆောင်​လုပ်ဖို့ ပန်းတိုင်​ထားတယ်။ ၁၉၅၂၊ ဇန်နဝါရီ ၁၊ အသက် ၁၅ နှစ်​အရွယ်မှာ ရှေ့ဆောင်​စ​လုပ်​ခဲ့တယ်။ “ပညာရှိ​တို့နှင့် ပေါင်းဖော်​သောသူ​သည် ပညာရှိ​တတ်၏” လို့ ကျမ်းစာမှာ ပြောထားတယ်။ ရှေ့ဆောင်​လုပ်​မယ်​ဆိုတဲ့ ကျွန်တော့် ဆုံးဖြတ်​ချက်ကို ပံ့ပိုး​ပေးတဲ့ ပညာရှိ မိသားစုဝင်​များစွာ ရှိတယ်။ (သု. ၁၃:၂၀) အသက် ၆၀ အရွယ် ဦးလေး ဂျူလီ​ယ​ပ်​က ကျွန်တော့်ရဲ့ ရှေ့ဆောင်​အဖော်​ပါ။ အသက်​ကွာ​ပေ​မဲ့ ရှေ့ဆောင်​လုပ်ငန်းမှာ သိပ်ပျော်​ခဲ့ကြတယ်။ သူ့​အတွေ့အကြုံ​က​နေ ပညာ​အများကြီး ရခဲ့တယ်။ မကြာခင်​မှာပဲ ဒို​ရ​သီလ​ည်း ရှေ့ဆောင်​ဖြစ်လာတယ်။

တိုက်နယ်​ကြီးကြပ်မှူးများ​ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှု

ကလေးဘဝ​တုန်းက တိုက်နယ်ကြီးကြပ်မှူး​နဲ့ ဇနီး​တွေကို အိမ်​မှာ​တည်း​ဖို့ မိဘတွေ ဖိတ်ခေါ်​လေ့ရှိတယ်။ ကျွန်တော့်ကို အထူး​ကူညီပေး​ခဲ့တဲ့ မောင်နှံ​က​တော့ ဂျက်​စီ​နဲ့ လင်း ကန့်​ဝဲ​တို့​ပါပဲ။ ကျွန်တော် ရှေ့ဆောင်​လုပ်ဖို့ ဆုံးဖြတ်​တာ သူတို့ရဲ့ အားပေးမှု​ကြောင့်​လည်း​ ပါတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှု​ကြောင့် ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်​ချင်စိတ် ရှိ​လာတယ်။ အနီး​နား အသင်းတော်​တွေကို လည်ပတ်​တဲ့အခါ သူတို့နဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်တော့်ကို ဖိတ်​ခေါ်တယ်။ တကယ့်ကို အားရှိစရာ၊ ပျော်စရာ​ပါပဲ။

တိုက်နယ် နောက်​တစ်တွဲ​က​တော့ ဘတ်​မီ​လာ​နဲ့ ဇနီး ဂျုံး​ပါပဲ။ အဲဒီတုန်းက ကျွန်တော် အသက် ၁၈ နှစ်​ပြည့်​ပြီး စစ်မှုထမ်း​ရေး​ကိစ္စ ကြုံနေ​ရတယ်။ ဒေသခံ စစ်မှုထမ်း ကြီးကြပ်ရေး ကော်မတီ​ရုံး​က နိုင်ငံရေးမှာ ကြားနေ​ပါ​ဆိုတဲ့ ယေရှု မိန့်မှာချက်​နဲ့ မညီ​တဲ့ စာရင်း​ထဲ ကျွန်တော့်ကို ထည့်​ထားတယ်။ ကျွန်တော်က ဘုရားနိုင်ငံတော် သတင်းကောင်း ဟော​ချ​င်​တာ။ (ယော. ၁၅:၁၉) ဒါနဲ့ အမှုတော်ဆောင် စာရင်း​ထဲ ထည့်​ပေးဖို့ စစ်မှုထမ်း ကြီးကြပ်ရေး ကော်မတီ​ရုံး​ကို အယူခံဝင်​ခဲ့တယ်။

စစ်မှုထမ်း ကြီးကြပ်ရေး ကော်မတီ​ရုံး​မှာ အမှု​ကြားနာ​ဖို့ သွား​တဲ့အခါ ညီအစ်ကို မီ​လာ လိုက်​ပေး​လို့ စိတ်ထိမိ​ခဲ့ရတယ်။ သူဟာ ပင်ကို​အားဖြင့် ပွင့်လင်း​ပြီး မကြောက်​တတ်​ဘူး။ အဲဒီလို ရင့်ကျက်​တဲ့ ပုဂ္ဂိုလ်​မျိုး အနား​မှာ ရှိနေ​လို့ စိတ်အားတက်​ခဲ့ရတယ်။ ကြားနာ​မှု ရလဒ်အနေနဲ့ ၁၉၅၄ ခုနှစ်၊ နွေရာသီ အကုန်​ပိုင်းမှာ အမှုတော်ဆောင်​အဖြစ် အသိအမှတ်ပြု​ခံ​ခဲ့ရတယ်။ ဒါကြောင့် ဘုရားရေးရာ​ပန်းတိုင် နောက်​တစ်ခု တက်လှမ်းဖို့ လမ်းပွင့်​လာတယ်။

ဗေသလအိမ်ရောက်စမှာ ကင်းမျှော်စင်ခြံက ထရပ်ကားနဲ့အတူ

အဲဒီအချိန် ဗေသလ​မှာ အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံ​ရတယ်။ နယူးယောက်​ပြည်နယ်၊ စတက်​တင်​အိုင်း​လန်း​မြို့၊ ကင်းမျှော်စင်​ခြံ​မှာ​ အလုပ်လုပ်​ရမယ်။ အဲဒီမှာ သုံးနှစ်​လောက် အမှုဆောင်ခွင့် ရခဲ့တယ်။ ပညာရှိ​သူများ​စွာ​နဲ့ တွဲလုပ်​ခဲ့ရ​လို့ အတွေ့အကြုံ​ကောင်း​များစွာ ရရှိ​ခဲ့တယ်။

ဗေသလလုပ်ငန်း

WBBR မှာ ညီအစ်ကို ဖရန့်စ်နဲ့အတူ

စတက်​တင်​အိုင်း​လန်း​မြို့​က ခြံ​မှာ WBBR ရေဒီယို အသံလွှင့်ရုံ​လည်း ရှိတယ်။ ၁၉၂၄ ခုနှစ်​က​နေ ၁၉၅၇ ခုနှစ်​အထိ ယေဟောဝါ​သက်သေတွေ အသံလွှင့်​ခဲ့တယ်။ ကင်းမျှော်စင်​ခြံ​မှာ ဗေသလအိမ်သား ၁၅ ယောက်၊ အ​ယောက် ၂၀ လောက်​ပဲ ရှိတယ်။ အများစု​ဟာ ငယ်ရွယ်​ကြ​တ​ယ်။ အတွေ့အကြုံ သိပ်​မရှိကြ​ဘူး။ ဒါပေမဲ့ အသက်ကြီး ဘိသိက်ခံ ညီအစ်ကို အ​ယ်​ဒန် ဝု​ဝေါ့ ရှိတယ်။ သူဟာ တကယ့်​ပညာရှိ​ပါပဲ။ ဖခင်​တစ်ယောက်​လို စိတ်ဝင်စားမှု​က ကျွန်တော်​တို့ကို ရင့်ကျက်​တည်ငြိမ်​စေတယ်။ တခြားသူတွေရဲ့ မစုံလင်မှု​ကြောင့် ခက်ခဲ​လာတဲ့ အခြေအနေ​တစ်ခုမှာ ညီအစ်ကို ဝု​ဝေါ့​က “လုပ်စရာ​ရှိတာ​ကို ပြီးမြောက်​အော​င် သခင် လုပ်ဆောင်​နေတာ အံ့ဩစရာ​ပါပဲ” လို့ ပြော​လေ့ရှိတယ်။

အမှုဆောင်လုပ်ငန်းမှာ စိတ်ထက်သန်လှတဲ့ ဟယ်ရီ ပီတာစန်

ကျွန်တော်တို့​နဲ့အတူ ညီအစ်ကို ဖရက်​ဒ​ရ​စ် ဖ​ရ​န့်စ် ရှိ​နေတာ​လည်း အခွင့်ထူး​တစ်ရပ်​ပါပဲ။ သူ့ရဲ့ ဉာဏ်​ပညာနဲ့ ကျမ်းစာအသိပညာ​က ကျွန်တော်တို့အားလုံး​အပေါ် ကောင်းကျိုး​သက်ရောက်​ခဲ့တယ်။ ကျွန်တော်တို့ တစ်ယောက်ချင်း​စီ​ကို ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှု ပြခဲ့တယ်။ စားဖိုမှူး​က​တော့ ဟယ်ရီ ပီတာ​စ​န်​ပါ။ နာမည်​ရင်း ပါပါ​ဂီရို​ပိုလို​ထက် မိသားစု​နာမည်ကို ခေါ်​ရတာ ပိုလွယ်​တယ်။ သူ​လည်း ဘိသိက်ခံ​ပဲ။ အမှုဆောင်လုပ်ငန်းမှာ သိပ်​ထက်သန်​တယ်။ ဗေသလ​မှာ ကြိုးစားပမ်းစား လုပ်​ပေ​မဲ့ အမှုဆောင်​လုပ်ငန်းကို ဘယ်တော့မှ လျစ်လျူမရှု​ဘူး။ လတိုင်း မဂ္ဂဇင်း​ရာ​ချီ ဝေငှ​လေ့ရှိတယ်။ ကျမ်းစာအသိပညာ ကြွယ်ဝ​ပြီး ကျွန်တော်တို့ရဲ့ မေးခွန်းများ​စွာကို ဖြေ​ပေးတယ်။

ပညာရှိ ညီအစ်မ​များ​ထံမှ အကျိုးရ​ရှိ​ခြင်း

ကင်းမျှော်စင်​ခြံ​မှာ စည်သွတ်ဘူး​တွေ ထုတ်​တ​ယ်။ တစ်နှစ်​တစ်​နှစ်ကို ဗေသလမိသားစု တစ်ခုလုံး​အတွက် အသီး​နဲ့ ဟင်းသီးဟင်းရွက် ပုံး ၄၅,၀၀၀ လောက် စည်သွတ်​ပေးတယ်။ ဒီ​နေရာမှာ ပညာရှိ ညီအစ်မ အီ​တာ ဟပ်​နဲ့ တွဲလုပ်​ခွင့် ရခဲ့တယ်။ စည်သွတ်​လုပ်ငန်း​အတွက် ပါဝင်ပစ္စည်း​တွေကို ညီအစ်မ အီတာ​ တာဝန်ယူ​ရတယ်။ စည်သွတ်​ရာသီ​အတွင်း ဒေသခံ ညီအစ်မ​တွေ လာ​ကူညီ​ပေးကြတယ်။ အီ​တာ စီမံကွပ်ကဲ​ပေး​ရတယ်။ စည်သွတ်​လုပ်ငန်းမှာ အီ​တာ အဓိက ကျ​ပေ​မဲ့ ကင်းမျှော်စင်​ခြံ​မှာ ကြီးကြပ်​နေတဲ့ ညီအစ်ကို​တွေကို လေးစားမှု ပြ​တ​ယ်။ သူဟာ ဘုရားရေးရာ ဦးစီး​မှုကို လက်အောက်ခံ​ရာမှာ ပုံသက်သေကောင်း ဖြစ်တယ်လို့ ကျွန်တော် ထင်​တ​ယ်။

အန်ဂျလာ၊ အီတာ ဟပ် တို့နဲ့အတူ

စည်သွတ်​ရာမှာ လာ​ကူညီ​ပေးတဲ့ ညီအစ်မ တစ်ယောက်က​တော့ အ​န်​ဂျ​လာ ရို​မာ​နို​ပါ။ သူ သမ္မာတရား​ရဖို့ အီ​တာ​က ကူညီပေး​ခဲ့တယ်။ ဒီလိုနဲ့ ပညာရှိ ညီအစ်မ​တစ်ယောက်နဲ့ ဆုံတွေ့​ခဲ့​ပြီး လက်တွဲ​လာ​တာ ၅၈ နှစ် ရှိနေ​ပြီ။ ၁၉၅၈ ခုနှစ်၊ ဧပြီလ​မှာ အ​န်​ဂျီ​နဲ့ ကျွန်တော် လက်ထပ်​ခဲ့​ပြီး လုပ်ငန်းတော်​အခွင့်ထူး​များစွာ ရရှိ​ခဲ့ကြတယ်။ နှစ်တွေ​တစ်လျှောက် ယေဟောဝါအပေါ် အ​န်​ဂျီ​ရဲ့ သစ္စာစောင့်သိမှု​က ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေး​ကို ခိုင်ခံ့​စေခဲ့တယ်။ ဘာ​အခက်အခဲ​ပဲ ကြုံရ​ပါစေ သူ့ကို အပြည့်အဝ စိတ်ချ​နိုင်တယ်။

သာသနာပြု​တာဝန်နဲ့ နယ်လှည့်လုပ်ငန်း

၁၉၅၇ ခုနှစ်မှာ စတက်​တန် အိုင်း​လန်း​မှာရှိတဲ့ WBBR ကို ရောင်း​လိုက်​တဲ့အခါ ဘရွတ်ကလင် ဗေသလ​မှာ ခဏ​အမှုဆောင်​ခဲ့ရတယ်။ အဲဒီနောက် အ​န်​ဂျီ​နဲ့ ကျွန်တော် လက်ထပ်​ပြီး ဗေသလ​က​နေ ထွက်​ခဲ့တယ်။ စတက်​တန် အိုင်း​လန်း​မှာ သုံးနှစ်​လောက် ရှေ့ဆောင်​လုပ်​ခဲ့တယ်။ အသံလွှင့်ရုံ​ပိုင်ရှင်​သစ်​တွေဆီ​မှာ ခဏလောက် ဆက်လုပ်​ခဲ့တယ်။ သူတို့က အသံလွှင့်ရုံ​ကို WPOW လို့ ခေါ်ကြ​တ​ယ်။

လိုအပ်တဲ့​နေရာမှာ အမှုဆောင်ဖို့ အသင့်​ဖြစ်အောင် အ​န်​ဂျီ​နဲ့ ကျွန်တော် ရိုးရှင်းတဲ့​ဘဝနဲ့ အသက်ရှင်​ကြ​တ​ယ်။ ဒါကြောင့် ၁၉၆၁ ခုနှစ် အစောပိုင်း​မှာ နာ​ဘ​ရာ​စ​ကာ​ပြည်နယ်၊ ဖောလ်​မြို့မှာ အထူးရှေ့ဆောင်​တာဝန်ကို လက်ခံ​နိုင်ခဲ့တယ်။ မကြာခင်​မှာပဲ နယူးယောက်၊ တောင် လ​န်​ဆင်း​မြို့မှာ ကျင်းပတဲ့ တစ်လ​ကြာ နိုင်ငံတော် ဓမ္မအမှု​သင်တန်း တက်ဖို့ ဖိတ်ခေါ်​ခံ​ရတယ်။ သင်တန်းတက်​ရတာ သိပ်ပျော်​ပြီး နာ​ဘ​ရာ​စ​ကာ​ကို ပြန်​ရမယ် ထင်​ခဲ့တယ်။ ဒါကြောင့် က​မ္ဘော​ဒီး​ယား​မှာ သာသနာပြု​အဖြစ် ထမ်းဆောင်ဖို့ တာဝန်သစ် ရ​တဲ့အခါ အံ့ဩ​ခဲ့ရတယ်။ အရှေ့တောင်​အာရှ​က လှပ​တဲ့​နိုင်ငံ​ကြောင့် တစ်ခါ​မှ မကြုံဖူး​တဲ့ ရှုခင်း၊ အသံ၊ ရနံ့​တွေ ခံစား​ခဲ့ရတယ်။ အဲဒီမှာ သတင်းကောင်းကို ပျံ့နှံ့​စေချင်တယ်။

ဒါပေမဲ့ နိုင်ငံရေး အပြောင်းအလဲ​ကြောင့် ဗီယက်နမ်​တောင်ပိုင်း​ကို ပြောင်းရွှေ့​ခဲ့ရတယ်။ နှစ်နှစ်​အတွင်းမှာပဲ ကျွန်တော့်ရဲ့ ဆိုးရွား​တဲ့ ကျန်းမာရေး ပြဿနာ​ကြောင့် အိမ်ပြန်​ခဲ့ရတယ်။ ကျန်းမာသန်စွမ်း​လာဖို့ တစ်ခဏ အချိန်ယူ​ခဲ့ရ​ပေ​မဲ့ ပြန်​ကျန်းမာ​လာ​တာနဲ့ အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။

၁၉၇၅ ခုနှစ်မှာ တီဗီအင်တာဗျူး မတိုင်ခင် အန်ဂျလာနဲ့အတူ

၁၉၆၅ ခုနှစ်၊ မတ်လ​မှာ နယ်လှည့်​လုပ်ငန်းမှာ စတင်ပါဝင်​ခဲ့တယ်။ အစည်းအဝေး​ကြီး အ​ကြိုပြင်​ဆင်​မှုတွေ၊ အစည်းအဝေး​ကြီး အလုပ်တွေ အပါအဝင် တိုက်နယ်​နဲ့ ခရိုင်​လုပ်ငန်းမှာ ၃၃ နှစ် ပါဝင်​ခဲ့ကြတယ်။ အစည်းအဝေး​ကြီး​တွေကတော့ အမြဲ အမှတ်ရ​စရာ​ပါပဲ။ အစည်းအဝေး​ကြီး​တွေအတွက် စီစဉ်ဖွဲ့စည်း​ရတာ ပျော်စရာ ကောင်းတယ်။ နယူးယောက်​စီး​တီ​မှာ ရှိ​ခဲ့တဲ့ နှစ်တွေ​အတွင်း ရန်ကီး​အားကစားကွင်း​မှာ အစည်းအဝေး​ကြီး အတော်များများ ကျင်းပ​ခဲ့တယ်။

ဗေသလ​နဲ့ ကျမ်းစာ​သင်တန်းများ

အထူး​အချိန်ပြည့်​အမှုဆောင်​တွေ ကြုံ​လေ့​ရှိတဲ့​အတိုင်း ခက်ခဲ​ပြီး စိတ်လှုပ်ရှားစရာ​တာဝန်တွေ ကျွန်တော်​တို့ကို စောင့်ကြို​နေတယ်။ ဥပမာ၊ ၁၉၉၅ ခုနှစ်​တုန်းက ဓမ္မအမှု​သင်တန်း​မှာ​ ပို့ချ​ပေးဖို့ တောင်းဆို​ခံ​ရတယ်။ သုံးနှစ်​ကြာ​ပြီးနောက် ဗေသလ​ကို ဖိတ်ခေါ်​ခံ​ရတယ်။ အထူး​အချိန်ပြည့်လုပ်ငန်း စ​ခဲ့တဲ့​နေ​ရာကို အနှစ် ၄၀ ကျော်​ပြီးနောက်​မှာ ပြန်လာ​ရတာ ဝမ်းသာစရာ​ပဲ။ သင်တန်း​အတော်များများမှာ ပို့ချ​သူ​အဖြစ်​နဲ့ လုပ်ငန်းတော်​ဌာန​မှာ ခဏ​ထမ်းဆောင်​ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့​က ဗေသလ​မှာ ပို့ချ​နေတဲ့ သင်တန်း​တွေကို ကျမ်းစာ​သင်တန်းများ​ဌာန​သစ်​အောက် ထားရှိ​ခဲ့တယ်။ အဲ​ဒီ​ဌာန​မှာ ကြီးကြပ်မှူး​အဖြစ် နှစ်အနည်းငယ် ထမ်းဆောင်​ခွင့် ရခဲ့တယ်။

ကျမ်းစာ ပညာပေး​လုပ်ငန်းမှာ ထူးခြားတဲ့ အပြောင်းအလဲ​များစွာကို မကြာသေး​ခင်​တုန်းက မြင်တွေ့​ခဲ့ရတယ်။ ၂၀၀၈ ခုနှစ်မှာ အသင်းတော် အကြီးအကဲများ​အတွက် သင်တန်း စတင်​ကျင်းပ​ခဲ့တယ်။ နောက်​နှစ်နှစ်​အတွင်း ပ​က်​တာ​စင်​နဲ့ ဘရွတ်ကလင် ဗေသလ​မှာ အကြီးအကဲ ၁၂,၀၀၀ ကျော် သင်တန်းတက်​ခဲ့ကြတယ်။ အဲ​ဒီ​သင်တန်းကို လေ့ကျင့်​ခံ​ထားရတဲ့ ပို့ချ​သူတွေနဲ့ နေရာ​အတော်များများမှာ ဆက်လက်​ကျင်းပနေတယ်။ ၂၀၁၀ ပြည့်​နှစ်မှာ ဓမ္မအမှု​သင်တန်းကို တစ်ကိုယ်ရေ ညီ​အစ်ကိုများ​အတွက် ကျမ်းစာသင်တန်း​လို့ နာမည်​ပြောင်း​ခဲ့တယ်။ ခရစ်ယာန်​မောင်နှံ​များ​အတွက် ကျမ်းစာသင်တန်း​ကိုလည်း စတင်​ကျင်းပ​ခဲ့တယ်။

၂၀၁၅ လုပ်ငန်းတော်နှစ်​ကစပြီး အဲ​ဒီ​သင်တန်း​နှစ်ခု​ကို သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း​အဖြစ် ပေါင်းစည်း​လိုက်တယ်။ အိမ်ထောင်သည်​တွေ​ရော၊ တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ပါ တက်ရောက်​နိုင်တယ်။ ဌာနခွဲ​အတော်များများမှာ သင်တန်း​ကျင်းပ​မယ်​ဆိုတာ သိရ​လို့ တစ်​ကမ္ဘာ​လုံးမှာ စိတ်လှုပ်ရှား​ခဲ့ကြတယ်။ ကျမ်းစာ​ပညာပေး​လုပ်ငန်း ကျယ်ပြန့်လာ​တာ တွေ့ရ​လို့ စိတ်လှုပ်ရှားစရာ​ပဲ။ သင်တန်းတက်​နိုင်​ဖို့ အပြောင်းအလဲ လုပ်ခဲ့တဲ့​သူများ​စွာ​နဲ့ တွေ့​ရတာ ကျေးဇူးတင်စရာ​ပါပဲ။

တိရစ္ဆာန်​စား​ကျင်း​မှာ နှစ်ခြင်း မခံ​ခင်​အချိန်​ကစပြီး နောက်ကြောင်း ပြန်​ကြည့်​လိုက်​တဲ့အခါ အမှန်တရား​လမ်းစဉ်​မှာ ကူညီပေး​ခဲ့တဲ့ ပညာရှိ​သူတွေ​အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ သူတို့​အားလုံးဟာ ကျွန်တော်နဲ့ သက်တူရွယ်တူ​တွေ၊ ယဉ်ကျေးမှု​နောက်ခံ တူ​သူတွေ မဟုတ်​ကြဘူး။ ဒါပေမဲ့ တကယ့် ရင့်ကျက်​တဲ့ ခရစ်ယာန်တွေ​ပါပဲ။ သူတို့ရဲ့ အပြုအမူ၊ သဘောထား​မှာ ယေဟောဝါကို နက်နက်ရှိုင်းရှိုင်း ချစ်တဲ့​မေတ္တာ ပေါ်လွင်​နေတယ်။ ဘုရားရဲ့ အဖွဲ့အစည်း​မှာ ကျွန်တော်တို့ ပေါင်းသင်း​နိုင်​စရာ ပညာရှိ​သူများ​စွာ ရှိ​ပါတယ်။ သူတို့နဲ့ ပေါင်းသင်း​ခဲ့လို့ အမှန်တကယ် အကျိုးရ​ရှိခဲ့​ပါတယ်။

ကမ္ဘာတစ်ဝန်းက သင်တန်းသားတွေနဲ့ တွေ့ရတာ ကျွန်တော် ပျော်တယ်