သတိနဲ့ စောင့်နေကြပါ

နိုင်ငံရေးမှာ ကွဲပြားမှုတွေ ဘာကြောင့် ဒီလောက်များရတာလဲ—ကျမ်းစာအဆိုက ဘာလဲ

နိုင်ငံရေးမှာ ကွဲပြားမှုတွေ ဘာကြောင့် ဒီလောက်များရတာလဲ—ကျမ်းစာအဆိုက ဘာလဲ

 ကမ္ဘာတစ်ဝန်းမှာ နိုင်ငံရေး ကွဲပြားမှုတွေ များသထက် များလာတယ်။ သုတေသနလေ့လာမှု ဌာနတစ်ခုရဲ့ မှတ်တမ်းအရ ၂၀၂၂ ခုနှစ်မှာ “၁၉ နိုင်ငံက လူတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ နိုင်ငံအတွင်း မတူညီတဲ့ နိုင်ငံရေးပါတီ ထောက်ခံသူတွေကြား ပြင်းထန်တဲ့ ဒါမှမဟုတ် အတော်ပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိတယ်လို့ ၆၅ ရာခိုင်နှုန်းကျော် ဖြေကြားကြတယ်။”

 သင်နေတဲ့ ဒေသမှာရော နိုင်ငံရေး ကွဲပြားမှုတွေ ပိုဆိုးလာတာကို သတိထားမိသလား။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ။ ဖြေရှင်းနည်းက ဘာလဲ။ ကျမ်းစာအဆိုကို သုံးသပ်ကြည့်ပါ။

စည်းလုံးမှုပျက်ပြားစေတဲ့ သဘောထားတွေ

 ကျွန်တော်တို့ရဲ့ခေတ်ကို “နောက်ဆုံးကာလ” လို့ ကျမ်းစာမှာ ခေါ်ထားပြီး လူအများစုမှာ စည်းလုံးမှုပျက်ပြားစေတဲ့ သဘောထားတွေ ရှိကြမယ်လို့ ကြိုဟောထားတယ်။

  •    “နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ . . . ညှိနှိုင်းလို့မရသူ” တွေ ဖြစ်ကြလိမ့်မယ်။—၂ တိမောသေ ၃:၁-၃

 နိုင်ငံရေးသမားတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပြဿနာတွေ ဖြေရှင်းဖို့ ခက်လာတယ်၊ ဖြေရှင်းလို့ လုံးဝမရတော့တဲ့အထိ ဖြစ်လာတယ်။ လူတွေရဲ့ ဆန့်ကျင်ဘက်အမြင်တွေက ညှိနှိုင်းလို့မရအောင် ကွဲပြားခြားနားလွန်းနေတာကြောင့်ပါ။ နှစ်ပေါင်းများစွာကတည်းက ကျမ်းစာ ပြောခဲ့တဲ့အတိုင်း ဖြစ်ပျက်နေတယ်။

  •    “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။”—ဒေသနာ ၈:၉

 ဒါပေမဲ့ ဖြေရှင်းနည်းရှိတယ်လို့ ကျမ်းစာ ဆိုတယ်။ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်သူတစ်ဦး အုပ်ချုပ်တော့မယ်။

လူတွေကို ဂရုစိုက်ပြီး အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်

 အရည်အချင်း အပြည့်အဝဆုံး ခေါင်းဆောင်ဟာ ယေရှုခရစ်ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ ယေရှုမှာ လူသားအားလုံးကို စည်းလုံးငြိမ်သက်အောင် လုပ်ပေးနိုင်တဲ့ တန်ခိုးအာဏာရှိရုံသာမက လုပ်ပေးချင်စိတ်လည်း ရှိတယ်။

  •    “မင်းကြီးရဲ့လက်ထက်မှာ ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။”—ဆာလံ ၇၂:၇

  •    “လူမျိုးအားလုံး မင်းကြီးဆီမှာ အစေခံလိမ့်မယ်။”—ဆာလံ ၇၂:၁၁

 ယေရှုက လူတွေကို၊ အထူးသဖြင့် မမျှမတ ဆက်ဆံခံရသူတွေကို ဂရုစိုက်တယ်၊ ကူညီပေးချင်တယ်။ ဒါကြောင့် ယေရှုဟာ အုပ်ချုပ်ဖို့ အသင့်တော်ဆုံး ခေါင်းဆောင်ပါ။

  •    “အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေ၊ နိမ့်ကျသူတွေ၊ ကူကယ်ရာမဲ့သူတွေကို မင်းကြီး ကယ်တင်လိမ့်မယ်။ နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေကို သနားလိမ့်မယ်။ ဆင်းရဲသားတွေရဲ့အသက်ကို ကယ်တင်လိမ့်မယ်။ သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။”—ဆာလံ ၇၂:၁၂-၁၄

 ယေရှု ဦးဆောင်တဲ့ အစိုးရအကြောင်း၊ အဲဒီအစိုးရကနေ အကျိုးရရှိနိုင်ပုံနဲ့ ထောက်ခံနိုင်ပုံအကြောင်း ထပ်လေ့လာကြည့်ပါ။