အင်ဒိုနီးရှားနိုင်ငံ
မမေ့နိုင်စရာစည်းဝေးကြီး
နိုင်ငံရပ်ခြားက ဧည့်သည် ၁၂၂ ယောက်နဲ့ နိုင်ငံတစ်ဝန်းက ရာနဲ့ချီတဲ့ကြေညာသူတွေဟာ အနောက်ဂျာဗား၊ ဗန်ဒွန်းမြို့ကို ရောက်လာကြတယ်။ ၁၉၆၃၊ ဩဂုတ် ၁၅ ကနေ ၁၈ ရက်အထိ အင်ဒိုနီးရှားမှာ ဦးဆုံးကျင်းပမယ့် “ထာဝရသတင်းကောင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ဖို့ လာကြတာ။
ညီအစ်ကိုတွေဟာ အခက်အခဲများစွာကို ကျော်လွှားခဲ့ရတယ်။ လွတ်လပ်ရေးနေ့အခမ်းအနားတွေ ကျင်းပမှာဖြစ်လို့ စည်းဝေးကြီးကျင်းပမယ့်နေရာကို သုံးခါပြောင်းခဲ့ရတယ်။ အဲဒီအချိန်မှာ ကုန်စျေးနှုန်းမြင့်တက်လာတဲ့အတွက် အာဏာပိုင်တွေက သယ်ယူပို့ဆောင်ခကို ၄၀၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တယ်။ ဒါကြောင့် စည်းဝေးကြီးကိုယ်စားလှယ်တချို့ဟာ သူတို့အရင်ကစီစဉ်ထားတာကို ပြောင်းလိုက်ရတယ်။ ညီအစ်ကိုတစ်ယောက်ဆို စည်းဝေးကြီးတက်ဖို့ ခြောက်ရက်လမ်းလျှောက်ရတယ်။ ဆူလာဝေစီကျွန်းက သက်သေခံ ၇၀ ဟာ လူပြည့်ကျပ်နေတဲ့ သင်္ဘောကုန်းပတ်ပေါ်မှာ ငါးရက်စီးပြီးလာရတယ်။
အင်ဒိုနီးရှားက သက်သေခံတွေဟာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖရက်ဒရစ်ခ် ဖရန့်ဇ်နဲ့ ဂရန့် စူတာအပါအဝင် နိုင်ငံရပ်ခြားက ညီအစ်ကိုညီအစ်မတွေနဲ့ တွေ့ဆုံပေါင်းသင်းရလို့ ဝမ်းသာပီတိဖြစ်ခဲ့ကြတယ်။ ကိုယ်စားလှယ်တစ်ယောက်က “ညီအစ်ကိုညီအစ်မတွေကိုကြည့်ရတာ အရမ်းပျော်နေပုံပဲ။ ရယ်မောပြုံးရွှင်နေကြတယ်” လို့ပြောတယ်။
စည်းဝေးကြီးမှာ တက်ရောက်သူ ၇၅၀ ကျော်ရှိပြီး ၃၄ ယောက် နှစ်ခြင်းခံတယ်။ ညီအစ်ကို ရော်နယ် ဂျက်ကာ အခုလိုပြောတယ်– “ဒီသမိုင်းဝင်စည်းဝေးကြီးကြောင့် စိတ်ဝင်စားသူများစွာဟာ အမှန်တရားဘက် ရပ်တည်လာကြတယ်။ ဘုရားသခင့်အမှုတော်မှာ ညီအစ်ကိုညီအစ်မတွေ ဇွဲမီးတောက်လောင်လာကြတယ်။”