၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်
ရိုမေးနီးယား

ဒဲဂျ်အကျဉ်းထောင်ဆေးရုံမှာ ညီအစ်ကို ရူဘန် မတ်ရပ် (ဘယ်) နဲ့ ညီအစ်ကို ဗာစီလီ ပူဒီယာ (ညာ) ဂုဏ်ပြုလက်မှတ် လက်ခံနေ

အကျဉ်းထောင်ဆေးရုံ ကျမ်းစာပညာပေးလုပ်ငန်းအတွက် ရိုမေးနီးယား ယေဟောဝါသက်သေတွေ အသိအမှတ်ပြုခံရ

အကျဉ်းထောင်ဆေးရုံ ကျမ်းစာပညာပေးလုပ်ငန်းအတွက် ရိုမေးနီးယား ယေဟောဝါသက်သေတွေ အသိအမှတ်ပြုခံရ

မကြာသေးခင်တုန်းက ရိုမေးနီးယား၊ ဒဲဂျ်မြို့မှာရှိတဲ့ ဒဲဂျ်အကျဉ်းထောင်ဆေးရုံ စီမံအုပ်ချုပ်ရေးအဖွဲ့က ယေဟောဝါသက်သေတွေရဲ့ ကျမ်းစာပညာပေးအစီအစဉ်အတွက် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးခဲ့တယ်။ ယေဟောဝါသက်သေတွေ လွန်ခဲ့တဲ့ ၁၈ နှစ်လုံးလုံး “ကြိုးစားပြုလုပ်ပေးခဲ့တဲ့ ပညာပေး အစီအစဉ်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း” ရေးသားဖော်ပြထားတယ်။

ဒဲဂျ်အကျဉ်းထောင်ဆေးရုံမှာ ညီအစ်ကို ဗာစီလီ ပူဒီယာ (ဘယ်) နဲ့ ညီအစ်ကို ရူဘန် မတ်ရပ် (ညာ) အကျဉ်းသားတစ်ယောက်နဲ့ စကားပြောနေ

ညီအစ်ကို ရူဘန် မတ်ရပ်နဲ့ ညီအစ်ကို ဗာစီလီ ပူဒီယာက ယေဟောဝါသက်သေတွေကို ကိုယ်စားပြုပြီး ဒဲဂျ် အကျဉ်းထောင်ဆေးရုံမှာ လက်မှတ်ကို လက်ခံခဲ့တယ်။ အကျဉ်းထောင်ဆေးရုံ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ညီအစ်ကို ရူဘန် အခုလို ပြောတယ်– “ယေဟောဝါသက်သေတွေနဲ့ တစ်ခါမှ စကားမပြောဖူးတဲ့သူတွေနဲ့ တွေ့ရတယ်။ သူတို့ မေးခွန်းတွေ အများကြီး မေးကြတယ်။ ကောင်းကောင်း စကားပြောဖြစ်ခဲ့ကြတယ်။” ညီအစ်ကို ဗာစီလီလည်း ဒီလို ဆက်ပြောတယ်– “ဥပမာ၊ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ရောဂါပြင်းထန်ပြီး စိတ်ဓာတ်ကျနေတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆုံတယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ထဲက အခန်း ၂ ကို လေ့လာပြီးနောက် သူ့သဘောထား လုံးဝ ပြောင်းသွားတယ်။ ဆေးရုံဆင်းပြီး တာဂူ ဂျီယူမြို့မှာရှိတဲ့ ထောင်ကို ပြန်သွားတော့ ညီအစ်ကိုတစ်ယောက်နဲ့ ကျမ်းစာဆက်လေ့လာဖို့ စီစဉ်ပေးလိုက်တယ်။”

ရိုမေးနီးယားနိုင်ငံမှာ ဒဲဂျ် အကျဉ်းထောင်ဆေးရုံအပြင် တခြားအကျဉ်းထောင် ၄၂ ခုမှာလည်း အစည်းအဝေးတွေ၊ ကျမ်းစာသင်အံမှုတွေ ပြုလုပ်ကျင်းပနေပါတယ်။ အကျဉ်းသားအတော်များများ ကျမ်းစာပါ မျှော်လင့်ချက်ကို စိတ်ဝင်စားကြတယ်။ ဥပမာ၊ ညီအစ်မတချို့ မီအိုဗင်နီ အကျဉ်းထောင်ကို သွားရောက်လည်ပတ်တုန်းက အမျိုးသမီးတစ်ယောက်နဲ့ ဆုံတယ်။ ကလေးဘဝတုန်းက မိဘတွေရဲ့ စွန့်ပစ်ခြင်း ခံခဲ့ရသူပါ။ ကြီးလာတော့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပေမဲ့ လုပ်မိခဲ့ရာတွေအတွက် အကြီးအကျယ် နောင်တရတယ်။ အပြောင်းအလဲကြီးတွေ လုပ်ခဲ့လို့ ဘုရား ခွင့်လွှတ်ပေးခဲ့တဲ့ ကျမ်းစာဇာတ်ကောင်တွေအကြောင်း ညီအစ်မတွေ ပြပေးတယ်။ ဆာလံ ၂၇:၁၀ ထဲက ဒါဝိဒ်ရဲ့ ဒီစကားတွေနဲ့လည်း နှစ်သိမ့်ပေးခဲ့တယ်– “မိရင်းဖရင်းက ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်တောင် ယေဟောဝါ လက်ခံထားမှာပါ။” စိတ်ထိမိလွန်းလို့ အဲဒီအမျိုးသမီး မျက်ရည်ကျတယ်။ ကျမ်းစာမှာ ဘာတွေထပ်သွန်သင်သလဲဆိုတာ သိချင်ကြောင်း ပြောခဲ့တယ်။

တာ့ဂ်ဆော့ အမျိုးသမီးထောင်မှာ ညီအစ်မ အလက်ဇန်းဒရား တူပစ်တာ (ဘယ်) နဲ့ ညီအစ်မ အန်ဒရီယာ ဘဲလစ် (ညာ) က ကျမ်းစာလေ့လာမှု အစီအစဉ်အကြောင်း အကျဉ်းသားအုပ်စုကို ရှင်းပြနေ

ညီအစ်ကို မာရီရက် မေရီယန်ဟာ ဘာယာမာရဲထောင်မှာ အကျဉ်းကျဖူးသူ တစ်ယောက်ပါ။ ထောင်ထဲမှာ ကျမ်းစာ စလေ့လာပြီး အသက်တာမှာ အပြောင်းအလဲကြီးတွေ ပြုလုပ်ခဲ့တယ်။ ထောင်ကနေ လွတ်လာပြီး မကြာခင်မှာပဲ နှစ်ခြင်းခံတယ်။ အခုတော့ သူထောင်ကျခဲ့တဲ့ အကျဉ်းထောင်မှာ ကျမ်းစာအမှန်တရား ဝေမျှနေပါတယ်။ ညီအစ်ကို မာရီရက် အခုလို ပြောတယ်– “ဒီလူတွေကို ကူညီပေးဖို့ သိပ်လိုတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်။ ဒါကြောင့် သူတို့ဆီသွားပြီး ယေဟောဝါအကြောင်း သင်ပေးခွင့်ရလို့ သိပ်ပျော်တယ်။”

အရင်က အကျဉ်းသားဖြစ်ခဲ့ဖူးသူ ညီအစ်ကို မာရီရက် မေရီယန် (ဘယ်) က ညီအစ်ကို ဗာစီလီ ချိရိုက် (ညာ) နဲ့အတူ ဘာယာမာရဲအကျဉ်းသားတွေနဲ့ ကျမ်းစာဆွေးနွေးနေ

ရိုမေးနီးယားအပါအဝင် နိုင်ငံအတော်များများက အကျဉ်းသားတွေကို မေတ္တာနဲ့ လိုလိုလားလား သတင်းကောင်းမျှဝေနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်လေးမြတ်ပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုကို ကြည့်ပြီး ယေဟောဝါဟာ “လူအမျိုးမျိုးကို . . . အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေ” ဖို့ အလိုတော်ရှိမှန်း ထင်ရှားတယ်။—၁ တိမောသေ ၂:၄