၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

လွန်ခဲ့တဲ့ ၁၅ နှစ်မှာ နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိ ခံရပ်ခဲ့တဲ့ ခရိုင်းမီးယားနဲ့ ရုရှားရှိ ညီအစ်ကို၊ ညီအစ်မတချို့

၂၀၁၀ က ထုတ်ပြန်တဲ့ ECHR ရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်ပြီး ယေဟောဝါသက်သေတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ကို ရုရှား ဆက်လက်ချိုးဖောက်

၂၀၁၀ က ထုတ်ပြန်တဲ့ ECHR ရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်ပြီး ယေဟောဝါသက်သေတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ကို ရုရှား ဆက်လက်ချိုးဖောက်

လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ဖြစ်တဲ့ ၂၀၁၀၊ ဇွန် ၁၀ ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) က ရုရှားနိုင်ငံရဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်နဲ့ပတ်သက်တဲ့ အရေးကြီးဆုံးဖြတ်ချက်အကြောင်း အသိပေးကြေညာတယ်။ ၂၀၀၄ ခုနှစ်မှာ မော်စကိုမြို့က ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးအဖွဲ့အစည်း မှတ်ပုံတင်ခွင့်ကို ရုရှားအာဏာပိုင်တွေ ရုပ်သိမ်းတာက “သမာသမတ် မကျဘူး။ ဘက်လိုက်မှု ရှိနေတယ်” ဆိုပြီး ECHR တွေ့ရှိတယ်။ ရုရှားအာဏာပိုင်တွေဟာ ယေဟောဝါသက်သေတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ကို ဆိုးဆိုးဝါးဝါး၊ ထပ်ခါထပ်ခါ ချိုးဖောက်တဲ့အကြောင်း ရေးသားဖော်ပြတယ်။ အစိုးရဘက်က ယေဟောဝါသက်သေတွေကို မှတ်ပုံတင်ခွင့် ပြန်ပေးဖို့၊ ဒေါ်လာ ထောင်ချီ လျော်ကြေးပေးဖို့ ECHR က အမိန့်ပေးတယ်။

ဒီဆယ့်ငါးနှစ်အတွင်းမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရုရှားအစိုးရ လိုက်နာခြင်း မရှိတဲ့အပြင် ယေဟောဝါသက်သေတွေကိုလည်း အရင်ကထက်ပိုပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းတယ်။ အာဏာပိုင်တွေက ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ ယုံကြည်ချက်တွေကို “အစွန်းရောက်တယ်” လို့ သတ်မှတ်နေဆဲပါ။ ဒီမမျှတတဲ့ တိုက်ခိုက်မှုကြောင့် ကျမ်းစာကို ဖတ်ရုံ၊ လူတွေနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးရုံနဲ့ ကျားမမရွေး ဖမ်းချုပ်ခံရပြီး ထောင်ဒဏ် ရှစ်နှစ်အထိ ကျခံရနိုင်တယ်။ ထောင်ထဲမှာ စော်ကားခံရတယ်၊ လူမဆန်အောင် ဆက်ဆံခံရတယ်၊ ကိုယ်ထိလက်ရောက်ပါ နှိပ်စက်ခံရတယ်။ ထောင်ကျနေသူတွေထဲမှာ အသက်ကြီးပိုင်းတွေနာမကျန်းသူတွေ အများကြီးပါတယ်။ လောလောဆယ် ရုရှားနဲ့ ခရိုင်းမီးယားမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေ ၁၇၃ ယောက် ရှိတယ်။

၂၀၂၂ ခုနှစ်၊ မတ်လမှာ ရုရှားက ဥရောပကောင်စီကနေ တရားဝင် နှုတ်ထွက်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်အထိ ECHR ရဲ့လက်အောက်မှာ ဆက်ရှိတယ်။ ဒါကြောင့် အဲဒီရက်စွဲ မတိုင်ခင်အထိ ECHR ချခဲ့သမျှ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တာဝန်ရှိတယ်။ ၂၀၁၇ တုန်းက ယေဟောဝါသက်သေတွေကို ရုရှား ပိတ်ပင်တာဟာ တရားနည်းလမ်းမကျဘူးဆိုတဲ့ ၂၀၂၂ ဇွန်လ စီရင်ချက်ကိုလည်း လိုက်နာဖို့လိုတဲ့ သဘောပဲ။ ဒီအတွက် ရုရှားအနေနဲ့ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ကို အသိအမှတ်ပြုပြီး မှတ်ပုံတင်ခွင့် ပေးသင့်တယ်၊ ယေဟောဝါသက်သေတွေကို ပိတ်ပင်ထားတာကို ရုတ်သိမ်းသင့်တယ်။

ကမ္ဘာမြေတစ်ခွင်လုံးမှာ စစ်မှန်တဲ့ တရားမျှတမှုကို ယေဟောဝါ ဆောင်ကြဉ်းပေးမယ့်အချိန်ကို စောင့်မျှော်နေရင်း ခရိုင်းမီးယားနဲ့ ရုရှားမှာ ရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းနေပါမယ်။—ဟေရှာယ ၅၁:၄