ဘယ်လမ်းကြောကနေ မောင်းသလဲ
ဘယ်လမ်းကြောကနေ မောင်းသလဲ
ဗြိတိန်နိုင်ငံမှ နိုးလော့! စာရေးသူပေးပို့တယ်
အမေရိကန်နိုင်ငံကလာတဲ့ ကျွန်မရဲ့ဧည့်သည်ကို လေဆိပ်မှာသွားကြိုပြီး ကားရပ်ထားတဲ့နေရာကို သူနဲ့အတူတူ လျှောက်လာခဲ့တယ်။ ကျွန်မက “အရှေ့မှာထိုင်လိုက်နော်” လို့ ပြောလိုက်တဲ့အခါ သူကချက်ချင်းပဲ ယာဉ်မောင်းသူဘက်မှာ ဝင်ထိုင်လိုက်တယ်။ “အဲ၊ ကျွန်တော် မေ့သွားတယ်ဗျာ။ ဒီမှာက လမ်းပြောင်းပြန်မောင်းကြတာပဲ” လို့ သူက ပြောတယ်။
ကျွန်မလည်း အမေရိကန်နိုင်ငံကို အလည်သွားရင် သူ့လိုပဲ ပြောမိမှာ။ ကမ္ဘာ့ဒေသ အတော်များများမှာတော့ ယာဉ်မောင်းတဲ့အခါ ညာဘက်လမ်းကြောက မောင်းကြပေမဲ့ တချို့တိုင်းပြည်တွေမှာတော့ ဘာကြောင့် ဘယ်ဘက်လမ်းကြောက မောင်းကြတယ်ဆိုတာကို သိအောင်လုပ်မယ်လို့ အိမ်အပြန်လမ်းမှာပဲ ကျွန်မဆုံးဖြတ်လိုက်တယ်။
ရှေးခေတ် ယာဉ်မောင်းနှင်မှုပုံစံများ
ဗြိတိန်နိုင်ငံမှာ ရောမလူမျိုးတွေ ဝင်ရောက်နေထိုင်ခဲ့တဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်လောက်ကို ပြန်သွားကြည့်ကြစို့။ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ အဲဒီအချိန်က ယာဉ်မောင်းနှင်မှုပုံစံနဲ့ ပတ်သက်တဲ့ သဲလွန်စကို တူးဖော်တွေ့ရှိခဲ့ကြတယ်။ ရောမကျောက်ကျင်းတစ်ခုကိုသွားတဲ့ မပျက်စီးဘဲကျန်ခဲ့တဲ့ လမ်းကြောင်းတစ်ခုကို အင်္ဂလန်နိုင်ငံ၊ ဆွန်ဒန်မြို့အနီးမှာ ၁၉၉၈ ခုနှစ်တုန်းက တွေ့ရှိခဲ့ကြတယ်။ လမ်းကြောင်းတစ်ကြောင်းမှာရှိတဲ့ လှည်းဘီးရာတွေဟာ တခြားတစ်ကြောင်းက ဘီးရာတွေထက် ပိုပြီးဇောက်နက်တယ်၊ ဒီလိုဖြစ်ရတာက လှည်းတွေဟာ ကျောက်ကျင်းကိုသွားတဲ့အခါ ဘာမှမပါသွားဘဲ အပြန်မှာတော့ ကျောက်တုံးတွေကို အပြည့်တင်လာတာကြောင့် ဖြစ်ပါလိမ့်မယ်။ ရောမတွေဟာ ဘယ်ဘက်ကပ်မောင်းခဲ့ကြတယ်ဆိုတာ အဲဒီလှည်းဘီးရာတွေက ဖော်ပြတယ်။
ရှေးခေတ်က မြင်းစီးပြီးခရီးသွားတဲ့သူတွေဟာ အများအားဖြင့် လမ်းရဲ့ဘယ်ဘက်ကနေ သွားခဲ့ကြတယ်လို့ တချို့ကယုံကြည်ကြတယ်။ လူအများစုကတော့ ညာသန်ဖြစ်ကြတဲ့အတွက် မြင်းစီးတဲ့သူက ဇက်ကြိုးကို ဘယ်လက်နဲ့ကိုင်ပြီး ဖြတ်သွားတဲ့မြင်းစီးသူတွေကို လက်ဆွဲနှုတ်ဆက်ဖို့ ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့လိုအပ်ရင် ဓားကိုင်ဖို့ ညာဘက်လက်ကို အလွတ်ထားကြတယ်။
ညာဘက်ကိုပြောင်းခြင်း
၁၇၀၀ ပြည့်လွန်နှစ်များအကုန်ပိုင်းမှာ အမေရိကန်နိုင်ငံလိုမျိုး တိုင်းပြည်တွေမှာ မြင်းတွေနဲ့ဆွဲတဲ့ ကုန်တင်လှည်းကြီးတွေကို စအသုံးပြုခဲ့ကြတဲ့အခါ လှည်းမောင်းသူတွေက ဘယ်လမ်းကြောကနေ ညာလမ်းကြောကို ပြောင်းပြီးမောင်းခဲ့ကြတယ်။ လှည်းမောင်းသူအတွက် လှည်းမှာ ထိုင်စရာမရှိတာကြောင့် သူက ဘယ်ဘက်ကအနောက်ဆုံးမြင်းပေါ်မှာ ထိုင်ပြီး နှင်တံကို ညာလက်နဲ့ကိုင်တယ်။ ဘယ်ဘက်မှာထိုင်တဲ့ လှည်းမောင်းသူက တခြားလှည်းတွေကို ကိုယ့်လှည်းရဲ့ ဘယ်ဘက်ကနေပဲ ကျော်တက်စေချင်တာ သဘာဝကျပါတယ်။ ဒါမှသာ ကျော်တက်မယ့်လှည်းနဲ့ လွတ်လွတ်ကင်းကင်း ရှိမရှိ သိနိုင်မယ်။ ဒါကြောင့် လမ်းရဲ့ညာဘက်ကနေ မောင်းရမှာဖြစ်တယ်။
အင်္ဂလိပ်လူမျိုးတွေက ဘယ်လမ်းကြောကနေပဲ မောင်းကြတယ်။ သူတို့ရဲ့လှည်းတွေက ပိုသေးပြီး မောင်းတဲ့သူက အများအားဖြင့် အရှေ့ခုံရဲ့ညာဘက်မှာ ထိုင်တယ်။ အဲဒီနေရာကနေ သူ့ရဲ့ရှည်လျားတဲ့နှင်တံကို ညာလက်နဲ့သုံးတဲ့အခါ အနောက်ဘက်မှာရှိတဲ့ကုန်ပစ္စည်းတွေနဲ့ ရစ်ပတ်ရှုပ်ထွေးတာမျိုးဖြစ်မှာ မဟုတ်ဘူး။ လှည်းမောင်းသူဟာ လှည်းရဲ့ညာဘက်မှာ ထိုင်ပြီး ဘယ်ဘက်လမ်းကြောက မောင်းတာကြောင့် ကိုယ့်ရဲ့လှည်းကို ကျော်တက်မယ့်လှည်းနဲ့ လွတ်လွတ်ကင်းကင်း ရှိမရှိ ပိုင်းဖြတ်နိုင်တယ်။ ဗြိတိသျှအင်ပါယာရဲ့ အစိတ်အပိုင်းဖြစ်လာတဲ့ တိုင်းပြည်တွေမှာ ဘယ်ဘက်ကပ်မောင်းတဲ့ ထုံးစံကိုလိုက်ကြတယ်။ ခြွင်းချက်အနေနဲ့ နိုင်ငံ တချို့ကတော့ ညာလမ်းကြောကနေ မောင်းကြတယ်။ ဥပမာ၊ ကနေဒါနိုင်ငံကနေ အမေရိကန်နိုင်ငံနယ်စပ်ကို ဖြတ်ပြီး သွားလာတဲ့အခါ ပိုပြီးလွယ်ကူစေဖို့အတွက် နောက်ဆုံးမှာ ကနေဒါ နိုင်ငံဟာ ညာလမ်းကြောမောင်းစနစ်ကို ပြောင်းလဲခဲ့တယ်။
ပြင်သစ်နိုင်ငံရေးအဖြစ်အပျက်တွေက ယာဉ်မောင်းတဲ့ပုံစံအပေါ်အများကြီး အကျိုးသက်ရောက်ခဲ့တယ်။ ၁၇၈၉ ခုနှစ် တော်လှန်ရေးမတိုင်မီ အထက်တန်းလွှာတွေက သူတို့ရဲ့မြင်းလှည်းတွေကို ဘယ်လမ်းကြောကနေ မောင်းခဲ့ကြပြီး ဆင်းရဲသားတွေကိုတော့ တခြားဘက်ကနေ သွားခိုင်းကြတယ်။ ဒါပေမဲ့ တော်လှန်ရေးစပြီးနောက် အထက်တန်းလွှာတွေဟာ သူတို့ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ဖို့ ဆင်းရဲသားတွေနဲ့အတူ ညာလမ်းကြောကနေ ရောနှောသွားခဲ့ကြတယ်။ ၁၇၉၄ ခုနှစ်မှာ ပြင်သစ်အစိုးဟာ ပဲရစ်မြို့မှာ ညာလမ်းကြောမောင်းစနစ်ကို သတ်မှတ်ခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီစနစ်ကို နပိုလီယံ ၁ ရဲ့တပ်တွေ သိမ်းပိုက်ထားတဲ့ ဥရောပနိုင်ငံ အတော်များများမှာလည်း ကျင့်သုံးခဲ့ကြတယ်။ နပိုလီယံဟာ ညာဘက်ကပ်မောင်းတာကို ပိုကြိုက်တယ်ဆိုတာက အံ့ဩစရာမဟုတ်ပါဘူး။ သူဟာ ဘယ်သန်တစ်ယောက်ဖြစ်တာကြောင့် “ဓားကိုင်တဲ့လက်ကို အဆင်ပြေပြေသုံးနိုင်ဖို့ သူ့စစ်တပ်ဟာ ညာဘက်ကနေ ချီတက်ခဲ့ရတယ်” လို့ စာအုပ်တစ်အုပ်က ရှင်းပြတယ်။
နပိုလီယံကို ဆန့်ကျင်ကြတဲ့ ဥရောပနိုင်ငံတွေကတော့ ဘယ်လမ်းကြောကိုပဲ ဆက်သုံးခဲ့ကြတယ်။ ရုရှားနဲ့ပေါ်တူဂီတို့ကျတော့ ၂၀ ရာစုအစောပိုင်းမှာ ညာလမ်းကြောမောင်းစနစ်ကို ပြောင်းလိုက်ကြတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေအကုန်ပိုင်းမှာ နာဇီဂျာမနီရဲ့ သိမ်းပိုက်မှုကိုခံခဲ့ရတဲ့ ဩစတြီးယားနဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဟာ ညာမောင်းစနစ်ကို ပြောင်းခဲ့ကြသလို ဟန်ဂေရီနိုင်ငံလည်း လိုက်ပြောင်းခဲ့တယ်။ ဗြိတိန်၊ အိုင်ယာလန်၊ ဆိုက်ပရပ်စ်နှင့် မော်လ်တာစတဲ့ ဥရောပလေးနိုင်ငံ မှာပဲ ဒီနေ့အထိ ဘယ်မောင်းစနစ်နဲ့ မောင်းနေကြတယ်။ စိတ်ဝင်စားဖို့ကောင်းတာက၊ ဂျပန်နိုင်ငံဟာ ဗြိတိသျှကိုလိုနီ မဖြစ်ဖူးပေမဲ့ ဘယ်လမ်းကြောကနေ မောင်းကြတယ်။
သင်္ဘောများ၊ လေယာဉ်ပျံများ၊ မီးရထားများနဲ့ သင်
သင်္ဘောတွေနဲ့ လေယာဉ်ပျံတွေကော ဘယ်လိုလဲ။ များသောအားဖြင့် ရေယာဉ်တွေဟာ ညာဘက်ကနေ မောင်းကြတယ်။ လေယာဉ်ပျံတွေလည်း ညာဘက်ကနေ မောင်းကြတယ်။ ဒါဆို မီးရထားတွေကော။ နိုင်ငံတချို့မှာ အပြိုင်ရထားလမ်းနှစ်ခုရှိရင် ဘယ်လမ်းကြောကနေ မောင်း ရမလဲဆိုတာကို အချက်ပြကိရိယာတွေနဲ့ ဖော်ပြပေးတယ်။ ခေတ်သစ်ရထားလမ်းတွေမှာ များသောအားဖြင့် ရထားတွေက အစုန်အဆန်သွားလို့ရပေမဲ့ အချက်ပြကိရိယာတွေ တပ်ဆင်ထားတဲ့ ရထားလမ်းဟောင်းတွေကတော့ တစ်ကြောင်းတည်းပဲ သွားလို့ရတယ်။ ဘယ်လမ်းကြောင်းကနေ ရထားသွားမလဲဆိုတာကို ရထားလမ်းပုံစံရေးဆွဲ ဆောက်လုပ်တဲ့နိုင်ငံက ဆုံးဖြတ်ပုံရပါတယ်။
ခြေကျင်လျှောက်သူတွေကော ဘယ်လိုလဲ။ လမ်းဘေးစင်္ကြံ ဒါမှမဟုတ် လူသွားလမ်းမရှိဘူးဆိုရင် ကားတွေက ဘယ်လမ်းကြောကနေပဲ မောင်းမောင်း ယာဉ်ကြောကို မျက်နှာချင်းဆိုင်လျှောက်တာက အလုံခြုံဆုံးဖြစ်တယ်လို့ အကြံပေးထားတယ်။ ဘယ်လမ်းကြောစနစ်ကိုသုံးတဲ့ ဗြိတိန်နိုင်ငံမှာ ဆိုရင် ညာဘက်ကနေ လျှောက်ရမယ်ဆိုတာ သတိရသင့်ပါတယ်။ ကျွန်ုပ်တို့ရဲ့မိတ်ဆွေ အမေရိကန်နိုင်ငံသားအတွက်တော့ ဆန့်ကျင်ဘက်ဖြစ်နေပါလိမ့်မယ်။