လုကာ ၂၄:၁-၅၃

  • ယေရှု အသက်​ပြန်​ရှင်​လာ (၁-၁၂)

  • ဧ​မောက်​ရွာ​ကို သွား​တဲ့​လမ်း​မှာ (၁၃-၃၅)

  • တ​ပည့်​များ​ကို ယေရှု ကိုယ်​ယောင်​ထင်​ရှား​ပြ (၃၆-၄၉)

  • ကောင်း​ကင်​ကို ယေရှု​တက်​သွား (၅၀-၅၃)

၂၄  သီတင်း​ပတ်​ရဲ့​ပထ​မနေ့ မနက်​စော​စော​မှာ  အမျိုး​သမီး​တွေ​က ပြင်​ဆင်​ထား​တဲ့ အမွှေး​နံ့​သာ​တွေ​ယူ​ပြီး သင်္ချိုင်း​ဂူ​ဆီ ရောက်​လာ​တဲ့​အခါ၊+ ၂  ဂူ​ဝ​ကို​ပိတ်​ထား​တဲ့ ကျောက်​တုံး​ကို လှိမ့်​ဖယ်​ထား​မှန်း  တွေ့​လိုက်​ရ​တယ်။+ ၃  အ​ထဲ​ဝင်​ကြည့်​လိုက်​တော့  သခင်​ယေရှု​ရဲ့​အလောင်း  မရှိ​တော့​ဘူး။+ ၄  အကြောင်း​ရင်း​ကို သူတို့ စဉ်း​စား​မရ​ဖြစ်​နေ​တုန်း တောက်​ပတဲ့​ဝတ်​ရုံ  ဝတ်​ဆင်​ထား​သူ  နှစ်​ယောက် အနား​ရောက်​လာ​တယ်။ ၅  သူတို့  ကြောက်​ကြောက်​နဲ့​ ခေါင်း​ငုံ့​ထား​တော့ အဲဒီ​လူ​နှစ်​ယောက်​က  “လူ​သေတွေ​ထား​တဲ့​နေရာမှာ  အသက်​ရှင်​တဲ့​သူ​ကို ဘာ​လို့ လာ​ရှာ​ကြ​တာ​လဲ။+ ၆  သူ ဒီ​မှာ​မ​ရှိ​ဘူး။ အသက်​ပြန်​ရှင်​သွား​ပြီ။ ဂါ​လိ​လဲ​နယ်​မှာ​ရှိ​တုန်း​က ခင်​ဗျား​တို့​ကို သူ ဘာ​မှာ​ခဲ့​သလဲ ပြန်​စဉ်း​စား​ကြည့်​ပါ​ဦး။ ၇  လူ​သား​ဟာ အပြစ်​သား​တွေ​လက်​ထဲ အပ်​နှံ​ခံ​ရ​မယ်၊ သစ်​တိုင်​ပေါ်​မှာ ကွပ်​မျက်​ခံရမယ်၊ သုံး​ရက်​မြောက်​နေ့​မှာ​ အသက်​ပြန်​ရှင်​လာ​မယ်​လို့ သူ မှာ​ခဲ့​တယ်​မဟုတ်​လား”+ ဆို​ပြီး​ပြော​တယ်။ ၈  အဲဒီ​အ​ခါ​ သူတို့​က ယေရှု​ရဲ့​စကား​တွေ​ကို ပြန်​သတိ​ရ​သွား​တယ်။+ ၉  ဒါ​နဲ့ သင်္ချိုင်း​ဂူ​က​နေ  ပြန်​လာ​ပြီး  တမန်​တော် ၁၁ ယောက်​နဲ့ ကျန်​တဲ့​တ​ပည့်တွေ​ကို အကြောင်း​စုံ ပြော​ပြကြ​တယ်။+ ၁၀  အဲဒီ​အမျိုး​သမီး​တွေ​က​တော့  မာ​ဂဒ​လ​မာ​ရိ၊ ယောဟန္န၊ ယာကုပ်​ရဲ့​မိ​ခင် မာ​ရိ​တို့​ဖြစ်​တယ်။ သူတို့​နဲ့​အတူ​လိုက်​လာ​တဲ့ တ​ခြား​အမျိုး​သမီး​တွေ​က​လည်း တမန်​တော်တွေ​ကို အဲဒီ​အကြောင်း ပြော​ပြကြ​တယ်။ ၁၁  အမျိုး​သမီး​တွေရဲ့​စကား​က ယု​တ္တိ​မရှိ​ပုံ​ပေါက်​နေ​တော့ သူတို့ မယုံ​ကြ​ဘူး။ ၁၂  ဒါ​ပေမဲ့ ပေတရု​က ထ​ပြီး သင်္ချိုင်း​ဂူ​ဆီ ပြေး​သွား​တယ်။ အထဲ​ကို​ကိုင်း​ပြီး ကြည့်​လိုက်​တော့ ပိတ်​ချော​ထည်​ကို​ပဲ တွေ့​တယ်။ ဘာ​များ​ဖြစ်​သွား​ပါ​လိမ့်​လို့ တွေး​ရင်း သူ​အိမ်​ပြန်​သွား​တယ်။ ၁၃  အဲဒီ​နေ့​မှာ​ပဲ တ​ပည့်​နှစ်​ယောက်​က ဂျေရု​ဆ​လင်​မြို့​နဲ့ ခု​နစ်​မိုင်​လောက်​ဝေး​တဲ့ ဧ​မောက်​ရွာ​ကို ခ​ရီး​သွား​ရင်း၊ ၁၄  ဖြစ်​ပျက်​ခဲ့​သမျှ​ကို အချင်း​ချင်း ပြော​နေ​ကြ​တယ်။ ၁၅  အဲဒီ​လို  ပြော​ဆို​ဆွေး​နွေး​နေ​တုန်း ယေရှု​က အနား​ရောက်​လာ​ပြီး သူတို့​နဲ့​အတူ  လျှောက်​လာ​တယ်။ ၁၆  ဒါ​ပေမဲ့ ယေရှု​ကို သူတို့ မမှတ်​မိ​ကြ​ဘူး။+ ၁၇  ယေရှု​က “ခင်​ဗျား​တို့ ခ​ရီး​သွား​ရင်း ဘာ​အကြောင်း​တွေ ငြင်း​ခုံ​နေ​ကြ​တာ​လဲ”  လို့​မေး​တော့  သူတို့​မျက်​နှာ​ညှိုး​သွား​ပြီး ဆက်​မလျှောက်​တော့​ဘဲ ရပ်​နေ​တယ်။ ၁၈  က​လော​ဖဆို​တဲ့ တစ်​ယောက်​က “ဂျေရု​ဆ​လင်​မြို့​မှာ​နေ​ပြီး ဒီ​ရက်​ပိုင်း​မှာ ဘာ​တွေ​ဖြစ်​နေ​မှန်း ခင်​ဗျား​တစ်​ယောက်​ပဲ မသိ​တာ​ဆို​တော့ ခင်​ဗျား​ဟာ တိုင်း​တစ်ပါး​သား​လား” လို့​ပြော​တယ်။ ၁၉  အဲဒီ​အခါ ယေရှု​က “ဘာ​အကြောင်း​များ​ပါ​လိမ့်” ဆို​တော့ သူတို့​က “နာ​ဇ​ရက်​မြို့​သား ယေရှု​ရဲ့​အကြောင်း​ပေါ့။+ သူ​ဟာ ဘုရား​သခင်​ရှေ့၊ လူ​ရှေ့​မှာ တန်ခိုး​ကြီး​လုပ်​ရပ်တွေ၊ အစွမ်း​ထက်​တဲ့​စကား​တွေ လုပ်​ခဲ့​ပြော​ခဲ့​တဲ့  ပရော​ဖက်​တစ်​ယောက်​ပဲ။+ ၂၀  ပု​ရော​ဟိတ်​ကြီး​တွေ၊ ခေါင်း​ဆောင်​တွေ​က သူ့​ကို သေဒဏ်​စီ​ရင်​ပြီး+ သစ်​တိုင်​ပေါ်​မှာ ကွပ်​မျက်​လိုက်​ကြ​ပြီ။ ၂၁  အစ္စရေး​လူမျိုး​ကို ကယ်​တင်​မယ့်​သူ​အဖြစ် သူ့​ကို ကျွန်​တော်​တို့ မျှော်​လင့်ခဲ့​တာ။+ ဒါ​တင်​ဘယ်​က​မလဲ။ ဒါ​တွေ​ဖြစ်​သွား​တာ အခု​ဆို သုံး​ရက်​တောင် ရှိ​ပြီ။ ၂၂  နောက်​လိုက်​အမျိုး​သမီး​တ​ချို့​ကြောင့် ကျွန်​တော်​တို့ အံ့​အား​သင့်​နေ​တယ်။ သူတို့​က သင်္ချိုင်း​ဂူ​ကို အစော​ကြီး ရောက်​သွား​ပေမဲ့၊+ ၂၃  သူ့​အ​လောင်း​ကို မတွေ့​ဘဲ သူ​အသက်​ရှင်​နေ​ပြီလို့​ပြော​တဲ့ ကောင်း​ကင်​တ​မန်​တွေ​ကို​ပဲ တွေ့​ခဲ့​တဲ့​အကြောင်း လာ​ပြော​နေ​လို့​ပါ။ ၂၄  ဒါ​နဲ့ ကျွန်​တော်​တို့​ထဲ​က တ​ချို့​လည်း သင်္ချိုင်း​ဂူ​ကို သွား​ကြည့်​ကြ​တာ+ သူတို့​ပြော​တဲ့​အတိုင်း ဟုတ်​နေ​တယ်။ သူ့​ကို​တော့ မတွေ့​ဘူး” လို့​ဖြေတယ်။ ၂၅  အဲဒီ​အခါ ယေရှု​က “ပရော​ဖက်​တွေ ပြော​ခဲ့​သမျှ​ကို နာ​ယူ​ချင်​စိတ်​မရှိ​တဲ့ အသိ​ဉာဏ်​မဲ့​သူတို့၊ ၂၆  ခ​ရစ်​တော်​ဟာ ဘုန်း​အသရေရ​ရှိ​ဖို့+ ဒီ​လို​ဝေ​ဒ​နာ​တွေ ခံ​ရ​မှာ​ပဲ မဟုတ်​လား”+ လို့​ပြော​ပြီး​တဲ့​နောက်၊ ၂၇  သူ​နဲ့​ပတ်​သက်​ပြီး ကျမ်း​စောင်​တွေ​ထဲ​မှာ ရေး​ထား​သမျှ​ကို ရှင်း​ပြတယ်။ မော​ရှေ​နဲ့ ပရော​ဖက်​တွေရေးခဲ့​တဲ့ ကျမ်း​စောင်​တွေ​က​နေ​စ​ပြီး+ ရှင်း​ပြတယ်။ ၂၈  ဒီ​လို​နဲ့ သူတို့​သွား​မယ့်​ရွာ​နား ရောက်​လာ​တယ်။ ယေရှု ဆက်​သွား​မယ်​လုပ်​တော့၊ ၂၉  သူတို့​က “ကျွန်​တော်​တို့​ဆီ​မှာ​ပဲ တည်း​လိုက်​ပါ။ နေ့​တာ​ကုန်​လို့ မိုး​တောင်​ချုပ်​တော့​မယ်” ဆို​ပြီး တိုက်​တွန်း​နေ​တာ​နဲ့ ယေရှု​လည်း သူတို့​ဆီ​မှာ​ပဲ ဝင်​တည်း​လိုက်​တယ်။ ၃၀  အတူ​ထိုင်​ပြီး စား​သောက်​ဖို့​ပြင်​တော့ ယေရှု​က မုန့်​ကို​ယူ၊ ဆုတောင်း​ပြီး​တဲ့​နောက် မုန့်​ကို​ဖဲ့​ပြီး သူတို့​ကို ပေး​တယ်။+ ၃၁  အဲဒီ​အခါ​ကျ​မှ ယေရှု​ဖြစ်​နေ​မှန်း သူတို့ မှတ်​မိ​သွား​ကြ​တယ်။ ဒါ​ပေမဲ့ သူတို့​ဆီ​က​နေ ယေရှု ကွယ်​ပျောက်​သွား​တယ်။+ ၃၂  ဒါ​နဲ့ သူတို့​က “လမ်း​မှာ ငါ​တို့​ကို သူ​စကား​တွေ​ပြော​ပြီး  ကျမ်း​ချက်​တွေ အသေအချာ ရှင်း​ပြတုန်း​က ငါ​တို့​ရင်​ထဲ​မှာ လှိုက်​ဆူ​သွား​တာ​ပဲ မဟုတ်​လား” လို့​အချင်း​ချင်း ပြော​ကြ​တယ်။ ၃၃  ပြီး​တာ​နဲ့  သူတို့  ဂျေရု​ဆ​လင်​မြို့​ကို ထပြန်​သွား​တယ်။  အဲဒီ​မှာ  တမန်​တော် ၁၁ ယောက်​နဲ့ အတူ​ရှိ​နေ​တဲ့ တ​ပည့်တွေ​ကို တွေ့​တယ်။ ၃၄  “သခင် အသက်​ပြန်​ရှင်​လာ​တာ အမှန်​ပဲ။ ရှိ​မုန်​ကို လာ​တွေ့​သွား​တယ်”+ လို့​ပြော​ပြကြ​တော့၊ ၃၅  သူတို့​နှစ်​ယောက်​လည်း လမ်း​မှာ ကြုံ​ခဲ့ရ​တာ​တွေရော  မုန့်​ကို​ဖဲ့​တော့​မှ ယေရှု​ဖြစ်​နေ​မှန်း သိ​သွား​တဲ့​အကြောင်း​ကို​ပါ ပြန်​ပြော​ပြလိုက်​တယ်။+ ၃၆  အဲဒီ​လို​ပြော​နေ​တုန်း ယေရှု​က သူတို့​အလယ်​မှာ ရပ်​ပြီး “ငြိမ်သက်​ခြင်း ရှိ​ပါ​စေ”+ လို့​ပြော​တယ်။ ၃၇  သူတို့​လည်း ဝိညာဉ်​ပု​ဂ္ဂိုလ် ပေါ်​လာ​တယ်​လို့ ထင်​ပြီး လန့်​ဖျပ်​သွား​တယ်။ ၃၈  ဒါ​နဲ့ ယေရှု​က “ဘာ​လို့ လန့်​သွား​တာ​လဲ။ ဘာ​လို့ သံ​သယ​ဝင်​နေ​တာ​လဲ။ ၃၉  ဒီ​မှာ ကျွန်​တော့်​ခြေ​လက်​တွေ​ကို ကြည့်။ ကျွန်​တော်​ပါ​ပဲ။ ကိုင်​ကြည့်၊ စမ်း​ကြည့်​ကြ​ပါ​ဦး။ ဝိညာဉ်​ပုဂ္ဂိုလ်​ဆို​ရင် ဘယ်​လို​လုပ်​ပြီး ကျွန်​တော့်​လို အရိုး​တွေ၊ အသား​တွေ ရှိ​နိုင်​မှာ​လဲ” လို့​ပြော​ပြီး၊ ၄၀  သူ့​ခြေ​လက်​တွေ​ကို ပြတယ်။ ၄၁  သူတို့​လည်း အံ့​သြပြီး ဝမ်း​သာ​လွန်း​လို့ မယုံ​နိုင်​အောင်​ဖြစ်​နေ​တော့ ယေရှု​က “စား​စ​ရာ တစ်​ခု​ခု​ရှိ​သလား”  လို့​ မေး​တယ်။ ၄၂  သူတို့​က ငါး​ကင်​တစ်​ပိုင်း ပေး​တဲ့​အခါ၊ ၄၃  ယေရှု​က ယူ​ပြီး သူတို့​ရှေ့​မှာ စား​တယ်။ ၄၄  အဲဒီ​နောက် ယေရှု​က “ကျွန်​တော် ခင်​ဗျား​တို့​နဲ့​အတူ ရှိ​ခဲ့​တုန်း​က+ မော​ရှေ​ရဲ့​ပညတ်​ကျမ်း၊ ပရော​ဖက်​ကျမ်း​တွေ​နဲ့ ဆာလံ​ကျမ်း​မှာ ကျွန်​တော့်​အကြောင်း ရေး​ထား​သမျှ ပြည့်​စုံ​ရ​မယ်​လို့ ပြော​ခဲ့​တာ​ပဲ”+ ဆို​ပြီး၊ ၄၅  ကျမ်း​ချက်​တွေရဲ့​အဓိပ္ပာယ်​ကို အပြည့်​အဝ နား​လည်​နိုင်​အောင် သူတို့​ရဲ့​ဉာဏ်​ကို ဖွင့်​ပေး​တယ်။+ ၄၆  ပြီး​တော့ ယေရှု​က “ကျမ်း​စာ​မှာ ခ​ရစ်​တော်​ဟာ ဝေ​ဒ​နာ​ခံ​ရ​မယ်၊ သုံး​ရက်​မြောက်​နေ့​မှာ သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​မယ်၊+ ၄၇  လူ​တွေ အပြစ်​ခွင့်​လွှတ်​ခံ​ရ​ဖို့ နောင်​တ​ယူ​ရ​မယ်​ဆို​တဲ့​အကြောင်း+ ဂျေရု​ဆ​လင်​မြို့​က​စ​ပြီး လူမျိုး​အားလုံး​ကို+ သူ့​နာ​မည်​အမှီ​ပြု​ပြီး ဟော​ပြော​ရ​မယ်​လို့+ ရေး​ထား​တယ်။ ၄၈  အဲဒီ​အကြောင်း​တွေ​ကို ခင်​ဗျား​တို့ သက်သေခံ​ရ​မယ်။+ ၄၉  အဖဘု​ရား ကတိ​ပြု​ထား​တဲ့​အရာ​ကို ခင်​ဗျား​တို့​ကို ကျွန်​တော်​ပေး​မယ်။ ကောင်း​ကင်​က တန်ခိုး​ကို ခင်​ဗျား​တို့ မရ​မချင်း ဒီ​မြို့​မှာ​ပဲ နေ​ကြ​ဦး”+ လို့ သူတို့​ကို​မှာ​တယ်။ ၅၀  အဲဒီ​နောက် ယေရှု​က  တပည့်​တွေ​ကို ဗေ​သနိ​ရွာ​ဆီ ခေါ်​သွား​တယ်။ အဲဒီ​မှာ  လက်​ကို​ဆန့်​ပြီး  သူတို့​ကို​ကောင်း​ချီး​ပေး​တယ်။ ၅၁  အဲဒီ​လို​ကောင်း​ချီး​ပေး​ရင်း သူတို့​ကို ထား​ရစ်​ပြီး ကောင်း​ကင်​ကို တက်​သွား​တယ်။+ ၅၂  သူတို့​လည်း ယေရှု​ကို ဦး​ညွှတ်​ပြီး ဂျေရု​ဆ​လင်​မြို့​ဆီ ဝမ်း​သာ​အား​ရ ပြန်​သွား​ကြ​တယ်။+ ၅၃  ဗိမာန်​တော်​မှာ သူတို့ အမြဲရှိ​နေ​ပြီး ဘုရား​သခင်​ကို ချီး​မွမ်း​ကြတယ်။+

အောက်ခြေမှတ်ချက်များ