ယောဟန် ၁၈:၁-၄၀

  • ယေရှု​ကို ယုဒ သစ္စာ​ဖောက် (၁-၉)

  • ပေတရု ဓား​နဲ့​ခုတ် (၁၀၊ ၁၁)

  • ယေရှု​ကို အန္နတ်​ဆီ ခေါ်​သွား (၁၂-၁၄)

  • ပေတရု ပထ​မအကြိမ် ငြင်း (၁၅-၁၈)

  • အန္နတ်​ရှေ့​ရောက် ယေရှု (၁၉-၂၄)

  • ပေတရု ဒုတိ​ယ၊ တ​တိ​ယ​အကြိမ် ငြင်း (၂၅-၂၇)

  • ယေရှု ပိလတ်​မင်း​ရှေ့​ကို ရောက် (၂၈-၄၀)

    • “ကျွန်​တော့်​နိုင်​ငံ​ဟာ ဒီ​လော​က​နဲ့ မပတ်​သက်​ဘူး” (၃၆)

၁၈  အဲဒီ​လို  ဆုတောင်း​ပြီး​တဲ့​နောက် ယေရှု​က တ​ပည့်တွေ​နဲ့​အတူ ကိ​ဒြုန်​ချိုင့်​ဝှမ်း+ တစ်​ဖက်​ကို ဖြတ်​ပြီး ဥ​ယျာဉ်​ထဲ ဝင်​သွား​တယ်။+ ၂  တပည့်​တွေ​နဲ့​အတူ အဲဒီ​ကို အကြိမ်​ကြိမ် သွား​ဖူး​တဲ့​အတွက် သစ္စာ​ဖောက်​ယုဒ​က  အဲဒီ​နေ​ရာ​ကို  သိ​နေ​တယ်။ ၃  ယုဒ​က စစ်​သည်​တစ်​စု​အပြင် ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ ဖာ​ရိ​ရှဲ​တွေရဲ့ အစောင့်​ရဲ​မက်​တွေ​ကို​ပါ ခေါ်​ပြီး အဲဒီ​ကို ရောက်​လာ​တယ်။ မီး​တုတ်၊ မီး​အိမ်၊ လက်​နက်​တွေ ကိုင်​ထား​ကြ​တယ်။+ ၄  ဘာ​တွေ​ကြုံ​ရ​တော့​မယ်​ဆို​တာ သိ​နေ​တဲ့​အတွက် ယေရှု​က ရှေ့​ကို​ထွက်​လာ​ပြီး “ဘယ်​သူ့​ကို  ရှာ​နေ​တာ​လဲ”  လို့​မေး​တယ်။ ၅  “နာ​ဇ​ရက်​မြို့​သား+ ယေရှု​ကို ရှာ​နေ​တာ” လို့ သူတို့​ဖြေတော့ ယေရှု​က “ကျွန်​တော်​ဟာ ယေရှု​ပဲ” လို့​ပြော​လိုက်​တယ်။ သစ္စာ​ဖောက် ယုဒ​လည်း သူတို့​နဲ့​အတူ ရပ်​နေ​တယ်။+ ၆  “ကျွန်​တော်​ဟာ ယေရှု​ပဲ” လို့​ပြော​တော့ သူတို့ နောက်​ဆုတ်​သွား​ပြီး လဲ​ကျ​ကုန်​တယ်။+ ၇  “ဘယ်​သူ့​ကို ရှာ​နေ​တာ​လဲ” လို့ ယေရှု ထပ်​မေး​တဲ့​အခါ “နာ​ဇ​ရက်​မြို့​သား ယေရှု​ကို ရှာ​နေ​တာ” လို့​ဖြေကြ​တယ်။ ၈  ယေရှု​က “ကျွန်​တော်​ဟာ ယေရှု​ပါ​လို့ ပြော​ပြီး​ပြီပဲ။ ကျွန်​တော့်​ကို ရှာ​နေ​တာ​ဆို​ရင် သူတို့​တွေ သွား​ပါ​စေ” လို့​ပြော​တယ်။ ၉  ဒါ​ဟာ “အဖပေး​အပ်​ထား​သူ တစ်​ယောက်​ကို​မှ ကျွန်​တော် မဆုံး​ရှုံး​ဘူး” ဆို​တဲ့ သူ့​ရဲ့​စကား​တွေ ပြည့်​စုံ​လာ​တာ​ပဲ။+ ၁၀  အဲဒီ​အခါ ရှိ​မုန်​ပေတရု​က ပါ​လာ​တဲ့​ဓား​ကို ဆွဲ​ထုတ်​ပြီး ပု​ရော​ဟိတ်​မင်း​ရဲ့ ကျွန်​ကို ခုတ်​လိုက်​တာ ညာ​ဘက်​နား​ရွက် ပြတ်​သွား​တယ်။+ အဲဒီ​ကျွန်​က မာ​လ​ခု​လို့ ခေါ်​တယ်။ ၁၁  ယေရှု​က “ဓား​ကို ဓား​အိမ်​ထဲ ပြန်​ထည့်​လိုက်​ပါ။+ အဖဘု​ရား​ပေး​တဲ့ ခွက်​ကို* ကျွန်​တော် မသောက်​ဘဲ နေ​ရ​မှာ​လား”+ ဆို​ပြီး ပေတရု​ကို​ပြော​တယ်။ ၁၂  တပ်​မှူး​နဲ့ တပ်​သား​တွေ၊ ဂျူး​တွေရဲ့ အစောင့်​ရဲ​မက်​တွေ​က ယေရှု​ကို ဖမ်း​ဆီး​ချည်​နှောင်​ပြီး၊ ၁၃  အန္နတ်​ဆီ အရင်​ခေါ်​သွား​တယ်။ အန္နတ်​ဟာ အဲဒီ​နှစ်​မှာ  ပု​ရော​ဟိတ်​မင်း​ဖြစ်​နေ​တဲ့+  ကယာဖရဲ့+  ယောက္ခ​မပဲ။ ၁၄  ကယာ​ဖဆို​တာ လူ​အများ​အတွက် လူ​တစ်​ယောက်​သေတာ ပို​အကျိုး​ရှိ​တယ်​ဆို​ပြီး ဂျူး​တွေ​ကို အကြံ​ပေး​ခဲ့​ဖူး​သူ​ဖြစ်​တယ်။+ ၁၅  ရှိ​မုန်​ပေတရု​နဲ့ တ​ပည့်​နောက်​တစ်​ယောက်​က နောက်​က​နေ လိုက်​လာ​ကြ​တယ်။+ အဲဒီ​တ​ပည့်​က ပု​ရော​ဟိတ်​မင်း​ရဲ့ အသိ​ဖြစ်​နေ​လို့ ပု​ရော​ဟိတ်​မင်း​ရဲ့ ခြံ​ဝင်း​ထဲ ယေရှု​နဲ့​အတူ ဝင်​သွား​တယ်။ ၁၆  ပေတရု​က​တော့ ဝင်း​တံခါး​အပြင်​ဘက်​မှာ ရပ်​ပြီး​ကျန်​ရစ်ခဲ့​တယ်။ ဒါ​ကြောင့် ပု​ရော​ဟိတ်​မင်း​ရဲ့​အသိ​ဖြစ်​တဲ့ တ​ပည့်​က ထွက်​လာ​ပြီး တံခါး​စောင့်​ကို ပြော​လိုက်​တော့ ပေတရု အထဲ​ဝင်​လို့ ရ​သွား​တယ်။ ၁၇  တံခါး​စောင့်​ဖြစ်​တဲ့ အစေ​ခံ​မလေး​က “ရှင်​လည်း အဲဒီ​လူ​ရဲ့​တ​ပည့်​ပဲ မဟုတ်​လား” လို့​မေး​တဲ့​အခါ ပေတရု​က “မဟုတ်​ပါ​ဘူး”+ လို့​ငြင်း​တယ်။ ၁၈  ချမ်း​စိမ့်​စိ​မ့်​ဖြစ်​နေ​လို့ ကျွန်​တွေ၊ အစောင့်​ရဲ​မက်​တွေ​က မီး​သွေး​မီး​ဖို​ပြီး မီး​လှုံ​နေ​ကြ​တယ်။ ပေတရု​လည်း သူတို့​နဲ့​အတူ​ရပ်​ပြီး မီး​လှုံ​နေ​တယ်။ ၁၉  အဲဒီ​အချိန်​မှာ ပု​ရော​ဟိတ်​ကြီး​က ယေရှု​ကို တ​ပည့်တွေ​အကြောင်း၊ သူ့​သွန်သင်​ချက်​တွေ​အကြောင်း မေး​မြန်း​တယ်။ ၂၀  ယေရှု​က “လူ​အများ​ရှေ့​မှာ ကျွန်​တော်​ဟော​ပြော​တယ်။ ဂျူး​တွေ​စည်း​ဝေး​တဲ့ တ​ရား​ဇ​ရပ်​နဲ့ ဗိမာန်​တော်​မှာ​လည်း အမြဲသွန်သင်​ပေး​တယ်။+ ပုန်း​လျှိုး​ကွယ်​လျှိုး မဟော​ပြော​ခဲ့​ဖူး​ဘူး။ ၂၁  ဒါ​ကြောင့် ကျွန်​တော့်​ကို မေး​နေ​မယ့်​အစား ကျွန်​တော်​ဟော​တာ​ကို ကြား​နာ​ခဲ့​သူ​တွေ​ကို​ပဲ မေး​ကြည့်​ပါ​လား။ ကျွန်​တော် ဘာ​တွေ​ဟော​ခဲ့​လဲ​ဆို​တာ သူတို့​သိ​ပါ​တယ်” လို့​ဖြေတယ်။ ၂၂  အဲဒီ​အခါ အနား​မှာ​ရပ်​နေ​တဲ့ အစောင့်​ရဲ​မက်​က “ပုရော​ဟိတ်​ကြီး​ကို မင်း ဒီ​လို​ခံ​ပြော​ရ​သလား” ဆို​ပြီး ယေရှု​ကို ပါး​ရိုက်​တယ်။+ ၂၃  ယေရှု​က “ကျွန်​တော်​ပြော​တာ မှား​နေ​ရင်​လည်း ဘာ​မှား​သလဲ​ဆို​တာ သက်​သေပြပါ။ အခု၊ မှန်​လျက်​သား​နဲ့ ကျွန်​တော့်​ကို ဘာ​လို့ ရိုက်​တာ​လဲ” လို့​ပြန်​ပြော​တယ်။ ၂၄  အဲဒီ​နောက် အန္နတ်​က ချည်​နှောင်​ထား​တဲ့ ယေရှု​ကို ပု​ရော​ဟိတ်​မင်း ကယာဖဆီ ပို့​လိုက်​တယ်။+ ၂၅  ရှိ​မုန်​ပေတရု​က​တော့ ရပ်​ပြီး မီး​လှုံ​နေ​တယ်။ အဲဒီ​အချိန်​မှာ “ခင်​ဗျား​လည်း အဲဒီ​လူ​ရဲ့ တ​ပည့်​ပဲ မဟုတ်​လား” လို့​မေး​ကြ​တော့ ပေတရု​က “မဟုတ်​ပါ​ဘူး” လို့ ငြင်း​တယ်။+ ၂၆  နောက်​တော့ ပု​ရော​ဟိတ်​မင်း​ရဲ့ ကျွန်​တစ်​ယောက်​က “ဥ​ယျာဉ်​ထဲ​မှာ အဲဒီ​လူ​နဲ့​အတူ ခင်​ဗျား​ရှိ​နေ​တာ ကျွန်​တော်​မြင်​သား​ပဲ။ ဟုတ်​တယ် မဟုတ်​လား” လို့​မေး​တယ်။ အဲဒီ​ကျွန်​က ပေတရု​ခုတ်​လိုက်​လို့ နား​ရွက်​ပြတ်​သွား​တဲ့​လူ​နဲ့+ အမျိုး​တော်​တယ်။ ၂၇  ဒီ​တစ်​ခါ​လည်း ပေတရု ငြင်း​ပြန်​တယ်။ အဲဒီ​အချိန်​မှာ​ပဲ ကြက်​တွန်​သံ ကြား​လိုက်​ရ​တယ်။+ ၂၈  မနက်​မိုး​လင်း​လာ​တော့  ဂျူး​တွေ​က ယေရှု​ကို ကယာဖဆီ​က​နေ ဘုရင်​ခံ​နန်း​ဆောင်​ကို  ခေါ်​သွား​ကြ​တယ်။+ ပသခါ​ည​စာ စား​မယ်​ဆို​ရင် ညစ်​ညူးလို့ မဖြစ်​တဲ့​အတွက် သူတို့​ကိုယ်​တိုင်​တော့ နန်း​ဆောင်​ထဲ မဝင်​ကြ​ဘူး။+ ၂၉  ပိလတ်​မင်း​က သူတို့​ဆီ ထွက်​လာ​ပြီး “ဒီ​လူ​ကို ဘာ​ပြစ်​မှု​နဲ့ စွဲ​ချက်​တင်​မှာ​လဲ” လို့​မေး​တဲ့​အခါ၊ ၃၀  “ဒီ​လူ​သာ ပြစ်​မှု​ကျူး​လွန်​သူ မဟုတ်​ရင် မင်း​ကြီး​ဆီ  မအပ်​ပါ​ဘူး”  လို့​ဖြေကြ​တယ်။ ၃၁  အဲဒီ​အခါ ပိလတ်​မင်း​က “သူ့​ကို မင်း​တို့​ပဲ ခေါ်​သွား​ပြီး မင်း​တို့​ရဲ့ တ​ရား​ဥ​ပဒေ​အတိုင်း စီ​ရင်​လိုက်​ပါ”+ လို့​အမိန့်​ပေး​တော့ “ကျွန်​တော်​တို့ ဘယ်​သူ့​ကို​မှ သတ်​ပိုင်​ခွင့် မရှိ​ပါ​ဘူး” လို့​ပြော​ကြ​တယ်။+ ၃၂  ဒါ​ဟာ  ဘယ်​လို​သေခြင်း​မျိုး​နဲ့ သေရ​မယ်​ဆို​တာ​ကို အသိ​ပေး​တဲ့​အနေ​နဲ့  ယေရှု​ပြော​ခဲ့​တဲ့  စကား​အတိုင်း  ဖြစ်​လာတာ။+ ၃၃  ဒါ​နဲ့ ပိလတ်​မင်း​က ဘု​ရင်​ခံ​နန်း​ဆောင်​ထဲ ပြန်​ဝင်​လာ​တယ်။ ယေရှု​ကို​ခေါ်​ပြီး “မင်း​ဟာ ဂျူး​တွေရဲ့​ဘု​ရင် ဟုတ်​သလား” လို့​မေး​တယ်။+ ၃၄  ယေရှု​က “မင်း​ကြီး​က ကိုယ့်​သဘော​နဲ့​ကိုယ် မေး​တာ​လား။ ဒါ​မှ​မဟုတ် ကျွန်​တော့်​အကြောင်း သူ​များ​ပြော​ပြထား​လို့​လား” ဆို​ပြီး ပြန်​မေး​တယ်။ ၃၅  ပိလတ်​မင်း​က “ငါ​က ဂျူး​လူမျိုး​မှ မဟုတ်​တာ။ မင်း​ရဲ့​လူမျိုး၊ မင်း​ရဲ့ ပု​ရော​ဟိတ်​ကြီး​တွေ​က မင်း​ကို ငါ့​ဆီ အပ်​လိုက်​တာ​လေ။ မင်း ဘာ​လုပ်​မိ​လို့​လဲ” ဆို​ပြီး​မေး​တယ်။ ၃၆  ယေရှု​က “ကျွန်​တော့်​နိုင်​ငံ​ဟာ ဒီ​လော​က​နဲ့ မပတ်​သက်​ဘူး။+ ဒီ​လော​က​နဲ့ ပတ်​သက်​တယ်​ဆို​ရင် ကျွန်​တော့်ရဲ့ နောက်​လိုက်​တွေ​က ဂျူး​တွေ​လက်​ထဲ ကျွန်​တော် မရောက်​သွား​ရ​အောင် တိုက်​ခိုက်​မှာ​ပဲ။+ ကျွန်​တော့်​နိုင်​ငံ​ဟာ ဒီ​လော​က​နဲ့ မသက်​ဆိုင်​ဘူး” လို့​ဖြေတယ်။+ ၃၇  အဲဒီ​အခါ ပိလတ်​မင်း​က “ဒါ​ဆို​ရင် မင်း​က ဘု​ရင်​လား” လို့​မေး​တော့  ယေရှု​က  “မင်း​ကြီး​ပြော​တာ အမှန်​ပဲ။ ကျွန်​တော်​ဟာ ဘု​ရင်​တစ်ပါး​ပါ။+ ကျွန်​တော်​မွေး​ဖွား​ပြီး ဒီ​လော​က​ကို ရောက်​လာ​တာ အမှန်​တ​ရား​ကို သက်သေခံ​ဖို့​ပဲ။+ အမှန်​တ​ရား​ဘက် ရပ်​တည်​သူ​တိုင်း ကျွန်​တော်​ပြော​တာ​ကို နား​ထောင်​ကြ​တယ်” လို့​ဖြေတယ်။ ၃၈  အဲဒီ​အခါ ပိလတ်​မင်း​က “အမှန်​တရား​ဆို​တာ ဘာ​လဲ” လို့​ပြော​တယ်။ အဲဒီ​လို ပြော​ပြီး​တဲ့​နောက် ဂျူး​တွေ​ဆီ ပြန်​ထွက်​သွား​ပြီး “ဒီ​လူ့​ဆီ​မှာ ဘာ​ပြစ်​မှု​မှ ငါ​မတွေ့​ဘူး။+ ၃၉  ပသခါ​ပွဲ​မှာ လူ​တစ်​ယောက်​ကို လွှတ်​ပေး​ရ​တဲ့​ထုံး​စံ ခင်ဗျား​တို့​မှာ ရှိ​တာ​ပဲ။+  ဒီ​တော့ ဂျူး​တွေရဲ့ ဘု​ရင်​ကို လွှတ်​ပေး​စေ​ချင်​သ​လား” လို့​မေး​တယ်။ ၄၀  သူတို့​က “သူ့​ကို​တော့ မလွှတ်​ပါ​နဲ့။ ဗာ​ရဗ္ဗ​ကို​ပဲ လွှတ်​ပေး​ပါ” လို့ အော်​ပြော​ကြ​တယ်။ ဗာ​ရဗ္ဗ​ဆို​တာ ဓား​ပြတစ်​ယောက်​ပဲ။+

အောက်ခြေမှတ်ချက်များ

ဘု​ရား​ကို စော်​ကား​ပြော​ဆို​သူ​ဆို​တဲ့ စွဲ​ချက်​နဲ့ ယေရှု​သေဆုံး​ဖို့ ဘု​ရား​အလို​ရှိ​တာ​ကို ဆိုလို။