ယောဟန် ၁၁:၁-၅၇

  • လာ​ဇ​ရု သေဆုံး (၁-၁၆)

  • မာ​သနဲ့​မာ​ရိ​ကို ယေရှု​နှစ်​သိမ့်​ပေး (၁၇-၃၇)

  • လာ​ဇ​ရု​ကို ရှင်​ပြန်​ထ​မြောက်​စေ (၃၈-၄၄)

  • ယေရှု​ကို​သတ်​ဖို့ ပူး​ပေါင်း​ကြံ​စည် (၄၅-၅၇)

၁၁  ဗေ​သနိ​ရွာ​မှာ လာ​ဇ​ရုလို့​ခေါ်​တဲ့ လူ​တစ်​ယောက် ဖျား​နေ​တယ်။ အဲဒီ​ရွာ​ဟာ မာ​ရိ​နဲ့​မာ​သတို့ ညီ​အစ်မ​နှစ်ယောက်​နေ​တဲ့ ရွာ​ပဲ။+ ၂  မာ​ရိ​ဆို​တာ​က သခင်​ယေရှု​ရဲ့​ခြေ​ကို ဆီ​မွှေး​လိမ်း​ပြီး ဆံ​ပင်​နဲ့ သုတ်​ပေး​တဲ့​သူ​ပါ။+ ဖျား​နေ​တဲ့ လာ​ဇ​ရု​က​တော့ သူ့​ရဲ့​မောင်​ပဲ။ ၃  အဲဒီ​ညီ​အစ်​မနှစ်​ယောက်​က ယေရှု​ဆီ လူ​လွှတ်​ပြီး “သခင်​ချစ်​ခင်​တဲ့​သူ ဖျား​နေ​ပါ​တယ်” လို့ ပြော​ခိုင်း​တယ်။ ၄  ဒါ​ပေမဲ့ အဲဒီ​သတင်း​ကို ကြား​တဲ့​အခါ ယေရှု​က “သူ အခု​လို​ဖျား​တာ သေဖို့​မဟုတ်​ဘူး၊ ဘု​ရား​သခင့်​ဘုန်း​တော် ထင်​ရှား​ဖို့​ပဲ။+ ဘု​ရား​သခင်​ရဲ့​သား​လည်း ဘုန်း​ထင်​ရှား​လိမ့်​မယ်” လို့​ပြော​တယ်။ ၅  ယေရှု​က မာ​သ၊ မာ​ရိ​နဲ့ လာ​ဇ​ရု​တို့​ကို ချစ်​ခင်​ပေမဲ့၊ ၆  လာ​ဇ​ရု ဖျား​နေ​တဲ့​သတင်း​ကို ကြား​တဲ့​အခါ သူ​ရောက်​နေ​တဲ့​နေ​ရာ​မှာ​ပဲ နှစ်​ရက်​ဆက်​နေ​တယ်။ ၇  အဲဒီ​နောက်​မှ “ယုဒ​ပြည်​ကို နောက်​တစ်​ကြိမ် သွား​ရ​အောင်” လို့​ပြော​တော့၊ ၈  တ​ပည့်တွေ​က “ဆ​ရာ၊*+ သိပ်​မကြာ​ခင်​က​ပဲ ယုဒ​ပြည်​သား​တွေ ဆ​ရာ့​ကို ခဲ​နဲ့​ပေါက်​ချင်​နေ​တာ​လေ။+ အခု အဲဒီ​ကို ပြန်​သွား​မလို့​လား” လို့​မေး​တယ်။ ၉  ယေရှု​က “နေ့​အချိန် ၁၂ နာ​ရီ​ရှိ​တာ​ပဲ။+ နေ့​အချိန်​မှာ သွား​လာ​မယ်​ဆို​ရင် ဒီ​လော​က​ရဲ့​အလင်း​ကို မြင်​ရ​တဲ့​အတွက် ခ​လုတ်​တိုက်​လဲ​မှာ မဟုတ်​ဘူး။ ၁၀  ည​အချိန်​မှာ သွား​လာရင်​တော့ သူ့​ဆီ​မှာ အလင်း​မရှိ​တဲ့​အတွက် ခ​လုတ်​တိုက်​လဲ​တတ်​တယ်” လို့​ဖြေတယ်။ ၁၁  အဲဒီ​လို​ဖြေပြီး​တဲ့​နောက် ယေရှု​က “ကျွန်​တော်​တို့​ရဲ့ သူ​ငယ်​ချင်း လာ​ဇ​ရု အိပ်​ပျော်​သွား​ပြီ။+ သူ့​ကို​နှိုး​ဖို့ သွား​ရ​မယ်” လို့​ပြော​တဲ့​အခါ၊ ၁၂  တ​ပည့်တွေ​က “သခင်၊ သူ​အိပ်​ပျော်​သွား​ပြီဆို​တော့ သက်​သာ​မှာ​ပါ” လို့​ပြော​တယ်။ ၁၃  လာ​ဇ​ရု သေဆုံး​တာ​ကို ယေရှု​ဆိုလို​ပေမဲ့ အိပ်​ပျော်​နေ​တာ​ကို ဆိုလို​တယ်​လို့ တ​ပည့်တွေ ထင်​နေ​ကြ​တယ်။ ၁၄  ဒါ​ကြောင့် ယေရှု​က တဲ့​တိုး​ပဲ ပြော​လိုက်​တယ်– “လာ​ဇ​ရု ဆုံး​သွား​ပြီ။+ ၁၅  အဲဒီ​မှာ ကျွန်​တော် မရှိ​တာ ဝမ်း​သာ​စ​ရာ​ပဲ။ ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း ပို​ခိုင်​ခံ့​လာ​အောင် ကျွန်​တော် လုပ်​ပေး​တော့​မှာ မို့လို့​ပါ။ သူ့​ဆီ အခု​သွား​ရ​အောင်။” ၁၆  အဲဒီ​အခါ အမြွှာ​လို့​ခေါ်​တဲ့ သော​မက “ငါ​တို့​လည်း လိုက်​သွား​ရ​အောင်။ သခင်​နဲ့​အတူ သေရင်​သေပါ​စေ” လို့ ကျန်​တဲ့​တ​ပည့်တွေ​ကို ပြော​တယ်။+ ၁၇  ယေရှု​ရောက်​လာ​တဲ့​အခါ လာ​ဇ​ရု​ကို  သင်္ချိုင်း​ဂူ​မှာ  သင်္ဂြိုဟ်​လိုက်​တာ  လေး​ရက်​ရှိ​နေ​မှန်း  သိ​လိုက်​ရ​တယ်။ ၁၈  ဗေ​သနိ​ရွာ​ဟာ ဂျေရု​ဆ​လင်​မြို့​နဲ့ နှစ်​မိုင်* လောက်​ပဲ​ဝေး​တာ။ ၁၉  ဂျူး​အတော်​များ​များ​က မောင်​ဖြစ်​သူ ဆုံး​ပါး​သွား​တဲ့ မာ​သနဲ့​မာ​ရိ​ကို နှစ်သိမ့်​ဖို့  ရောက်​နေ​တယ်။ ၂၀  မာသ​က​ ယေရှု​လာ​နေ​တယ်​ဆို​တာ​ကို ကြား​တဲ့​အခါ  ခ​ရီးဦး​ကြို​ပြု​ဖို့  ထွက်​သွား​တယ်။ မာ​ရိ​က​တော့+ အိမ်​မှာ​ပဲ ထိုင်​နေ​တယ်။ ၂၁  ယေရှု​နဲ့​ဆုံ​တော့ မာ​သက “သခင်၊ သခင်​သာ ဒီ​မှာ​ရှိ​ခဲ့ရင် ကျွန်​မရဲ့​မောင် သေမှာ​မဟုတ်​ဘူး။ ၂၂  အခု​လည်း သခင်​သာ တောင်း​မယ်​ဆို​ရင် ဘု​ရား​သခင်​က ဘာ​မဆို​ပေး​မယ်​ဆို​တာ ကျွန်​မသိ​ပါ​တယ်” လို့​ပြော​တယ်။ ၂၃  ယေရှု​က “ခင်​ဗျားရဲ့​မောင် အသက်​ပြန်​ရှင်​လာ​မယ်”  လို့​ပြော​တော့၊ ၂၄  မာ​သက “နောက်​ဆုံး​သော​နေ့၊ ရှင်​ပြန်​ထ​မြောက်​ရာ​ကာလ​မှာ+ သူ အသက်​ပြန်​ရှင်​လာ​မယ်​ဆို​တာ  ကျွန်​မသိ​ပါ​တယ်” လို့​ဖြေ​တယ်။ ၂၅  ယေရှု​က “ကျွန်​တော်​ဟာ လူ​သေတွေ​ကို ရှင်​ပြန်​ထ​မြောက်​စေ​သူ၊ အသက်​ရ​စေ​တဲ့​သူ​ပဲ။+ ကျွန်​တော့်​ကို ယုံ​ကြည်​သက်​ဝင်​မယ်​ဆို​ရင် သေဆုံး​သွား​ရင်​တောင် အသက်​ပြန်​ရှင်​လိမ့်​မယ်။ ၂၆  ကျွန်​တော့်​ကို ယုံ​ကြည်​သက်​ဝင်​ပြီး အသက်​ရှင်​တဲ့​သူ​ဟာ  ဘယ်​တော့​မှ သေရ​မှာ​မဟုတ်​ဘူး။+ ဒါ​ကို ယုံ​သလား” လို့​မေး​တော့၊ ၂၇  မာသ​က “ယုံ​ပါ​တယ်၊ သခင်။ သခင်​ဟာ ခ​ရစ်​တော်​ဖြစ်​မှန်း၊ ဒီ​လော​က​ကို​လာ​တဲ့ ဘု​ရား​သခင်​ရဲ့​သား​ဖြစ်​မှန်း ကျွန်​မယုံ​ပါ​တယ်” လို့​ဖြေတယ်။ ၂၈  အဲဒီ​လို​ဖြေပြီး​တဲ့​နောက် မာ​သက ညီ​မမာ​ရိ​ကို သွား​ခေါ်​ပြီး “ဆ​ရာ+ ရောက်​လာ​ပြီ။ နင့်​ကို ခေါ်​နေ​တယ်” လို့ တိုး​တိုး​တိတ်​တိတ် ပြော​တယ်။ ၂၉  မာ​ရိ​လည်း ချက်​ချင်း ထ​ပြီး ယေရှု​ဆီ ထွက်​လာ​တယ်။ ၃၀  ယေရှု​က ရွာ​ထဲ မဝင်​လာ​သေး​ဘူး။ မာ​သနဲ့​ဆုံ​တဲ့ နေ​ရာ​မှာ​ပဲ ရှိ​နေ​သေး​တယ်။ ၃၁  အိမ်​ထဲ​မှာ နှစ်​သိမ့်​ပေး​နေ​တဲ့ ဂျူး​တွေ​က မာ​ရိ ကောက်​ကာ​ငင်ကာ  ထွက်​သွား​တာ​ကို  မြင်​တော့  သင်္ချိုင်း​ဂူ​မှာ+  သွား​ငို​တော့​မယ် အထင်​နဲ့ နောက်​က​နေ လိုက်​လာ​ကြ​တယ်။ ၃၂  မာ​ရိ​က ယေရှု​ရှိ​နေ​တဲ့​နေ​ရာ​ကို ရောက်​လာ​တယ်။ ယေရှု​ကို​မြင်​တာ​နဲ့  ခြေ​ရင်း​မှာ  ပျပ်​ဝပ်​ပြီး “သခင်၊ သခင်​သာ ဒီ​မှာ​ရှိ​ခဲ့ရင် ကျွန်မ​ရဲ့မောင်​ သေမှာ​မဟုတ်​ဘူး” လို့​ပြော​တယ်။ ၃၃  ယေရှု​က မာ​ရိရော လိုက်​လာ​တဲ့ ဂျူး​တွေ​ပါ ငို​နေ​တာ​ကို မြင်​တဲ့​အခါ ဝမ်း​နည်း​ပြီး စိတ်​ထိ​ခိုက်​သွား​တယ်။ ၃၄  “အလောင်း​ကို ဘယ်​မှာ​ထား​သလဲ”  လို့​မေး​တော့  “သခင်၊ လာ​ကြည့်​လို့ရ​ပါ​တယ်”  လို့​ဖြေတယ်။ ၃၅  ယေရှု  မျက်​ရည်​ကျ​တော့၊+ ၃၆  ဂျူး​တွေ​က “ကြည့်​ပါ​ဦး။ လာ​ဇ​ရု​ကို သူ တော်​တော် သံ​ယော​ဇဉ်​ကြီး​တာ​ပဲ” လို့​ပြော​ကြ​တယ်။ ၃၇  တ​ချို့​ကျ​တော့​လည်း “မျက်​မမြင်​ကို ပြန်​မြင်​အောင်​လုပ်​ပေး​တဲ့ ဒီ​လူ​က+ လာ​ဇ​ရု​မသေအောင်​ရော မလုပ်​နိုင်​ဘူး​လား” လို့​ပြော​ကြ​တယ်။ ၃၈  စိတ်​ထိ​ခိုက်​နေ​တဲ့  ယေရှု​က သင်္ချိုင်း​ဂူ​ကို ရောက်​လာ​တယ်။ ဂူ​ဝ​ကို ကျောက်​တုံး​နဲ့  ပိတ်​ထား​တယ်။ ၃၉  ယေရှု​က “ကျောက်​တုံး​ကို ဖယ်​လိုက်​ပါ” လို့​ပြော​တဲ့​အခါ ကွယ်​လွန်​သူ​ရဲ့​အစ်​မ မာ​သက “သခင်၊ လေး​ရက်​တောင် ရှိ​ပြီဆို​တော့ အခု နံ​နေ​လောက်​ပြီ” လို့​ပြော​တယ်။ ၄၀  ယေရှု​က “ယုံ​တယ်​ဆို​ရင် ဘု​ရား​သခင့်​ဘုန်း​တော်​ကို မြင်​ရ​လိမ့်​မယ်​လို့ ကျွန်​တော်​ပြော​ခဲ့​တယ် မဟုတ်​လား”+ ဆို​ပြီး ပြော​တယ်။ ၄၁  အဲဒီ​အခါ ကျောက်​တုံး​ကို လှိမ့်​ဖယ်​လိုက်​ကြ​တယ်။  ယေရှု​က ကောင်း​ကင်​ကို  မော့​ကြည့်​ပြီး+ “အဖ၊​ ကျွန်​တော်​ပြော​တာ​ကို နား​ထောင်​ပေး​တဲ့​အတွက် ကျေး​ဇူး​တင်​ပါ​တယ်။ ၄၂  ကျွန်​တော်​ပြော​တာ​ကို အဖ အမြဲနား​ထောင်​ပေး​မှန်း သိ​ပါ​တယ်။ ဒီ​တစ်​ကြိမ်​တော့ ကျွန်​တော့်​ကို အဖ စေ​လွှတ်​လိုက်​မှန်း ဒီ​မှာ​ ရပ်​နေ​တဲ့လူ​တွေ ယုံ​ကြည်​လာ​စေ​ဖို့ သူတို့​အကျိုး​အတွက် ပြော​ရ​တာ​ပါ”+ လို့​ပြော​ပြီး​နောက်၊ ၄၃  “လာ​ဇ​ရု၊ ထွက်​လာခဲ့” ဆို​ပြီး အကျယ်​ကြီး အော်​ခေါ်​လိုက်​တယ်။+ ၄၄  အဲဒီ​အခါ ကွယ်​လွန်​သူ​ဟာ ခြေ​လက်​တွေရော မျက်​နှာ​မှာ​ပါ အဝတ်​တွေ ပတ်​စည်း​လျက်​သား ထွက်​လာ​တယ်။ ယေရှု​က “သူ​သွား​လို့ရ​အောင် အဝတ်​တွေ ဖြေပေး​လိုက်​ပါ” လို့​ပြော​တယ်။ ၄၅  မာ​ရိ​ဆီ​လာ​တဲ့ ဂျူး​အတော်​များ​များ​က ယေရှု​လုပ်​ပြတာ​ကို မြင်​ပြီး ယုံကြည်​လာ​ကြ​တယ်။+ ၄၆  တ​ချို့​က​တော့  ဖာ​ရိ​ရှဲ​တွေ​ဆီ သွား​ပြီး ယေရှု​လုပ်​ခဲ့​တာ​ကို  ပြော​ပြကြ​တယ်။ ၄၇  အဲ​ဒီ​အခါ  ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ ဖာရိ​ရှဲ​တွေ​က ဂျူး​တ​ရား​ရုံး​ချုပ်* အဖွဲ့​ဝင်​တွေ​ကို စု​ရုံး​ပြီး “ဒီ​လူ​က အံ့​ဖွယ်​အမှု​တွေ အများ​ကြီး လုပ်​ပြနေ​ပါ​လား။ ကျုပ်​တို့ ဘယ်​လို​လုပ်​ကြ​မတုံး။+ ၄၈  ဒီ​အတိုင်း​သာ လွှတ်​ထား​ရင် လူ​အားလုံး သူ့​ကို ယုံ​ကြည်​ကြ​လိမ့်​မယ်။ အဲဒီ​အခါ ရော​မတွေရောက်​လာ​ပြီး ဗိမာန်​တော်​ကို​ရော ကျုပ်​တို့​လူမျိုး​ကို​ပါ သိမ်း​ပိုက်​သွား​လိမ့်​မယ်”  လို့​တိုင်​ပင်​ကြ​တယ်။ ၄၉  အဲ​ဒီ​နှစ်​မှာ ပု​ရော​ဟိတ်​မင်း​ဖြစ်​နေ​တဲ့ ကယာဖက+ “ခင်​ဗျား​တို့ မသိ​ကြ​ဘူး​လား။ ၅၀  တစ်​မျိုး​လုံး ဖျက်​ဆီး​ခံ​ရ​တာ​ထက်  လူ​အများ​အတွက်  တစ်​ယောက်​သေတာ​က ပို​အကျိုး​ရှိ​တယ်​ဆို​တာ မစဉ်း​စား​မိ​ကြ​ဘူး​လား” လို့​ပြော​တယ်။ ၅၁  တ​ကယ်​တော့ သူ့​သ​ဘော​အတိုင်း ပြော​လိုက်​တာ မဟုတ်​ဘူး။ ကယာဖက အဲဒီ​နှစ်​မှာ ပု​ရော​ဟိတ်​မင်း ဖြစ်​နေ​တဲ့​အတွက် ယေရှု​ဟာ ဂျူးလူမျိုး​အတွက် အသက်​ပေး​ရ​မယ့်​အကြောင်း၊ ၅၂  ဂျူး​လူမျိုး​အတွက် အသက်​ပေး​ရုံ​သာ​မက တ​ကွဲ​တ​ပြား​ဖြစ်​နေ​တဲ့ ဘု​ရား​သခင့်​သား​သမီး​တွေ​ကို တစ်​စည်း​တစ်​လုံး​တည်း ဖြစ်​စေ​ရ​မယ့်​အကြောင်း ပရော​ဖက်​ပြု​လိုက်​တာ​ပဲ။ ၅၃  ဒါ​နဲ့ အဲဒီ​နေ့​က​စ​ပြီး ယေရှု​ကို​သတ်​ဖို့ သူတို့ ပူး​ပေါင်း​ကြံ​စည်​ကြ​တော့​တယ်။ ၅၄  ဒါ​ကြောင့် ယေရှု​က ဂျူး​တွေ​ထဲ​မှာ  ထင်​ထင်​ပေါ်​ပေါ်  မသွား​လာ​တော့​ဘဲ အဲဒီ​က​နေ ထွက်​သွား​တယ်။ တော​စပ်​နား​က ဧ​ဖရိမ်လို့​ခေါ်​တဲ့​မြို့​ဆီ+ ထွက်​သွား​ပြီး တ​ပည့်တွေ​နဲ့​အတူ နေ​တယ်။ ၅၅  ဂျူး​တွေရဲ့ ပသခါ​ပွဲ+ နီး​လာ​ပြီ။ ကျေး​လက်​ဒေ​သက  လူ​အတော်​များ​များ​ဟာ  ပွဲ​တော်​မတိုင်​ခင် မော​ရှေ​ပညတ်​မှာ​ပါ​တဲ့​အတိုင်း ကိုယ်​ကို​သန့်​စင်​စေ​ဖို့ ဂျေရု​ဆ​လင်​မြို့​ကို တက်​လာ​တယ်။ ၅၆  သူတို့​က ယေရှု​ကို ရှာ​ကြ​တယ်။ ဗိမာန်​တော်​မှာ စု​ရုံး​မိ​တဲ့​အခါ “ဘယ်​လို​ထင်​သလဲ။ ပွဲ​တော်​ကို သူ​လာ​မလား” ဆို​ပြီး အချင်း​ချင်း​မေး​ကြ​တယ်။ ၅၇  ပုရော​ဟိတ်​ကြီး​တွေ​နဲ့ ဖာ​ရိ​ရှဲ​တွေ​က ယေရှု​ကို​ဖမ်း​ချင်​တော့ သူ​ရှိ​တဲ့​နေ​ရာ​ကို သိ​ရင် အကြောင်း​ကြား​ရ​မယ်​ဆို​ပြီး အမိန့်​ထုတ်​ထား​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ရဗ္ဗိ။”
၃ ကီ​လို​မီ​တာ​ခန့်။ မူ​ရင်း၊ “၁၅ စ​တာ​ဒီ​ယမ်​ခန့်။” နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။