မာကု ၆:၁-၅၆

  • ဇာတိမြို့မှာ ယေရှုကို လက်မခံကြ (၁-၆)

  • တမန်တော် ၁၂ ယောက်ကို ဟောပြောခြင်းလုပ်ငန်းအတွက် ညွှန်ကြားချက်ပေး (၇-၁၃)

  • နှစ်ခြင်းပေးသူ ယောဟန်သေဆုံး (၁၄-၂၉)

  • လူ ၅,၀၀၀ ကို ယေရှုကျွေးမွေး (၃၀-၄၄)

  • ယေရှု ရေပေါ်လမ်းလျှောက် (၄၅-၅၂)

  • ဂင်နေသရက်အရပ်မှာ ကုသပေး (၅၃-၅၆)

 ယေရှုက   အဲဒီအရပ်ကထွက်ပြီး  နေရင်းဒေသကို  သွားတဲ့အခါ+ တပည့်တွေ လိုက်သွားကြတယ်။ ၂  ဥပုသ်နေ့ရောက်တော့ တရားဇရပ်မှာ သွန်သင်ပေးတယ်။ ကြားနာသူအများစုက တအံ့တသြဖြစ်ပြီး “ဒါတွေကို သူ ဘယ်ကရတာလဲ။+ ဒီလိုဉာဏ်ပညာမျိုး၊ ဒီလိုအံ့ဖွယ်အမှု လုပ်နိုင်တဲ့အစွမ်းမျိုးကို ဘယ်သူပေးတာလဲ။+ ၃  သူဟာ လက်သမား မဟုတ်လား။+ မာရိရဲ့သား မဟုတ်လား။+ ယာကုပ်၊+ ယောသပ်၊ ယုဒ၊ ရှိမုန်တို့ရဲ့အစ်ကို မဟုတ်လား။+ သူ့နှမတွေလည်း ဒီမြို့မှာ ရှိတာပဲ” လို့ပြောကြတယ်။ ယေရှုကို သူတို့ လက်မခံကြဘူး။ ၄  ယေရှုက “ပရောဖက်ဟာ လူတွေရဲ့လေးစားမှုကို ရတယ်။ ဒါပေမဲ့ သူ့နေရင်းဒေသ၊ သူ့အိမ်၊ သူ့ဆွေမျိုးသားချင်းတွေကြားမှာတော့ လေးစားမခံရဘူး”+ လို့ပြောတယ်။ ၅  လူနာတချို့ကိုပဲ လက်တင်ပြီး ကုသပေးတယ်။ အဲဒီမှာ အံ့ဖွယ်အမှုတွေ လုပ်ပြမနေတော့ဘူး။ ၆  သူတို့မှာ ယုံကြည်ခြင်း မရှိတဲ့အတွက် အံ့သြမိတယ်။ အဲဒီနောက် တစ်ရွာပြီးတစ်ရွာ  သွားပြီး  သွန်သင်ပေးတယ်။+ ၇  ယေရှုက တမန်တော် ၁၂ ယောက်ကို နှစ်ယောက်တစ်တွဲစီ တွဲပေးပြီး စေလွှတ်လိုက်တယ်။+ နတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့ တန်ခိုးလည်း ပေးတယ်။+ ၈  ပြီးတော့ လမ်းခရီးအတွက် တောင်ဝှေးတစ်ချောင်းကလွဲလို့ ဘာကိုမှ မယူခိုင်းဘူး။ မုန့်နဲ့ ရိက္ခာအိတ်ကို မဆောင်သွားဖို့၊  ခါးပိုက်ဆောင်အိတ်ထဲ  ငွေမထည့်သွားဖို့၊+ ၉  အင်္ကျီအပို  ယူမသွားဖို့၊* ဖိနပ်ကိုတော့ စီးသွားဖို့ မှာတယ်။ ၁၀  ဒါ့အပြင် “အိမ်တစ်အိမ်ကို ဝင်တဲ့အခါ အဲဒီမြို့ကနေ မထွက်မချင်း  အဲဒီအိမ်မှာပဲ  တည်းခိုပါ။+ ၁၁  ခင်ဗျားတို့ကို လက်မခံဘူး၊ နားမထောင်ဘူးဆိုရင် အဲဒီကနေ ထွက်ခွာတဲ့အခါ သက်သေအနေနဲ့ ခြေထောက်ကဖုန်တွေကို ခါလိုက်ပါ”+ လို့လည်း မှာတယ်။ ၁၂  အဲဒီနောက် တပည့်တွေက လူတွေ နောင်တရဖို့ သွားဟောပြောတယ်။+ ၁၃  နတ်ဆိုးတွေကို  နှင်ထုတ်ပေးကြတယ်။+ ဖျားနာနေသူတွေကိုလည်း ဆီလူးပြီး ကုသပေးကြတယ်။ ၁၄  ယေရှုအကြောင်း  လူတကာ ပြောနေကြတဲ့အတွက် ဟေရုဒ်မင်းနားထဲ ပေါက်ကြားသွားတယ်။ လူတွေက “နှစ်ခြင်းပေးသူ ယောဟန် သေရာကနေ အသက်ပြန်ရှင်လာပြီ။ ဒါကြောင့် ဒီလိုတန်ခိုးတွေ  ပြနိုင်တာ”  လို့ပြောကြတယ်။+ ၁၅  “သူဟာ ဧလိယပဲ” လို့ ပြောတဲ့သူတွေ ရှိသလို “ရှေးပရောဖက် တစ်ယောက်ယောက် ဖြစ်မယ်”+ လို့ ပြောတဲ့သူတွေလည်း ရှိတယ်။ ၁၆  ဒါကို ဟေရုဒ်ကြားတဲ့အခါ “ငါခေါင်းဖြတ်လိုက်တဲ့ ယောဟန် အသက်ပြန်ရှင်လာပြီ” လို့ပြောတယ်။ ၁၇  ဟေရုဒ်က အစ်ကိုဖိလိပ္ပုရဲ့ဇနီး ဟေရောဒိကို သိမ်းယူထားတယ်။  ဟေရောဒိကြောင့် ယောဟန်ကို လူလွှတ်ဖမ်းခိုင်းပြီး ထောင်ချခဲ့တာ။+ ၁၈  ယောဟန်က “အစ်ကို့ဇနီးကို မင်းကြီး မသိမ်းယူသင့်ဘူး” ဆိုပြီး ပြောခဲ့ဖူးလို့ပဲ။+ ၁၉  ဟေရောဒိက ယောဟန်ကို ရန်ငြိုးထားပြီး သတ်ချင်နေပေမဲ့ မသတ်နိုင်ဘူး။ ၂၀  ဟေရုဒ်က ယောဟန်ဟာ ဖြောင့်မတ်သန့်ရှင်းသူဖြစ်မှန်း+ သိတဲ့အတွက် သူ့ကို ကြောက်ရွံ့ရိုသေပြီး ကာကွယ်ပေးတယ်။ ယောဟန် ဟောပြောတာတွေကိုလည်း သဘောကျတယ်။ ဒါကြောင့် သူပြောတာတွေကို နားထောင်တဲ့အခါတိုင်း သူ့ကို ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်။ ၂၁  ဟေရုဒ်ရဲ့မွေးနေ့+ ရောက်လာတဲ့အခါ  ဟေရောဒိအတွက်  အခွင့်ကောင်း ပေါ်လာတယ်။ ဟေရုဒ်က အရာရှိတွေ၊ တပ်မှူးတွေ၊ ဂါလိလဲနယ်က အထင်ကရပုဂ္ဂိုလ်တွေကို စားသောက်ပွဲ တည်ခင်းပေးတယ်။+ ၂၂  ပွဲခံနေချိန်မှာ ဟေရောဒိရဲ့သမီးက ဝင်လာပြီး ကပြဖျော်ဖြေတဲ့အခါ ဟေရုဒ်မင်းနဲ့ ဧည့်သည်တော်တွေ သဘောကျသွားတယ်။ ဒါနဲ့ မင်းကြီးက “မင်းလိုချင်တာ ဘာမဆို  ငါပေးမယ်”  လို့ပြောပြီး၊ ၂၃  “ဘာပဲတောင်းတောင်း နိုင်ငံတစ်ဝက်အထိ ငါပေးမယ်” လို့ အလေးအနက် ကတိပေးလိုက်တယ်။ ၂၄  မိန်းကလေးက သူ့အမေဆီ  သွားပြီး  “ဘာတောင်းရင်ကောင်းမလဲ”  လို့မေးတော့ အမေက  “နှစ်ခြင်းပေးသူ  ယောဟန်ရဲ့ခေါင်းကို  တောင်းလိုက်”  လို့ ပြောတယ်။ ၂၅  မိန်းကလေးက မင်းကြီးဆီ ခပ်သုတ်သုတ် ဝင်လာပြီး “နှစ်ခြင်းပေးသူ ယောဟန်ရဲ့ခေါင်းကို အခုပဲ လင်ပန်းထဲ  ထည့်ပေးစေချင်ပါတယ်”  လို့တောင်းတယ်။+ ၂၆  အဲဒီအခါ မင်းကြီးက သိပ်ဝမ်းနည်းသွားတယ်။ ဒါပေမဲ့ ဧည့်သည်တွေရှေ့မှာ အလေးအနက်  ကတိပေးပြီးသားဖြစ်နေလို့ မိန်းကလေးတောင်းတာကို  လိုက်လျောလိုက်တယ်။ ၂၇  ကိုယ်ရံတော်တစ်ယောက်ကို ချက်ချင်းလွှတ်ပြီး ယောဟန်ရဲ့ခေါင်းကို ယူလာခိုင်းတယ်။ ကိုယ်ရံတော်လည်း  ထောင်ထဲသွားပြီး ယောဟန်ရဲ့ခေါင်းကို ဖြတ်၊ ၂၈  လင်ပန်းထဲထည့်ပြီး ယူလာတယ်။ မိန်းကလေးကိုပေးတော့ သူလည်း အမေ့ဆီ ယူသွားပေးတယ်။ ၂၉  ဒီသတင်းကို ယောဟန်ရဲ့တပည့်တွေ ကြားတဲ့အခါ အလောင်းကို လာသယ်သွားပြီး သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်လိုက်တယ်။ ၃၀  တမန်တော်တွေ ယေရှုဆီ စုရုံးလာပြီး သူတို့လုပ်ခဲ့တာတွေ၊ သွန်သင်ခဲ့တာတွေကို  ပြန်ပြောပြတယ်။+ ၃၁  ယေရှုက  “လူသူမရှိတဲ့နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နားရအောင်”+ လို့ပြောတယ်။  ဘာကြောင့်လဲဆိုတော့ သူတို့ဆီလာတဲ့သူတွေ  များလွန်းလို့ အနားယူဖို့၊ အစာ စားဖို့တောင် အချိန်မရှိဘူး။ ၃၂  ဒါနဲ့  လူသူမရှိတဲ့နေရာဆီ  လှေစီးပြီး  ထွက်သွားကြတယ်။+ ၃၃  သူတို့ထွက်သွားတာကို လူတွေ သိမြင်တဲ့အခါ ကိုယ့်မြို့ကိုယ့်ရွာတွေကနေ ခြေကျင်ပြေးသွားပြီး ကြိုရောက်နှင့်နေတယ်။ ၃၄  ယေရှု လှေပေါ်ကဆင်းတဲ့အခါ ထိန်းသူမရှိတဲ့+ သိုးတွေလို ဖြစ်နေတဲ့ လူအုပ်ကြီးကိုမြင်တော့ သနားစိတ် ယိုဖိတ်လာပြီး+ သူတို့ကို အများကြီးသွန်သင်ပေးတယ်။+ ၃၅  ညနေစောင်းတဲ့အခါ  တပည့်တွေက ယေရှုဆီ လာပြီး “ဒီနေရာက လူသိပ်ခေါင်တယ်။ အချိန်လည်း နှောင်းလှပြီ။+ ၃၆  လူတွေကို ပြန်လွှတ်လိုက်ပါ။ အနီးအနား ကျေးရွာတွေမှာ စားစရာတစ်ခုခု သွားဝယ်ပါစေ”+ လို့ ပြောတယ်။ ၃၇  ယေရှုက  “သူတို့ကို ခင်ဗျားတို့ ကျွေးလိုက်ပါ” လို့ ပြောတော့ “ဒေနာရိ* ၂၀၀ ဖိုး သွားဝယ်ပြီး သူတို့ကို ကျွေးရမှာလား”+ လို့မေးတယ်။ ၃၈  ယေရှုက “ခင်ဗျားတို့ဆီမှာ မုန့်ဘယ်နှစ်လုံး ရှိသလဲ။ သွားကြည့်ပါဦး” ဆိုတော့ သူတို့ သွားကြည့်ပြီးတဲ့နောက် “မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင် ရှိပါတယ်” လို့ဖြေတယ်။+ ၃၉  ဒါနဲ့ ယေရှုက လူတွေကို မြက်ခင်းပေါ် အစုလိုက် ထိုင်ခိုင်းတဲ့အခါ၊+ ၄၀  လူ ၁၀၀ စီ၊ ၅၀ စီ အစုလိုက် ထိုင်ကြတယ်။ ၄၁  ယေရှုက မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကိုယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။*+ အဲဒီနောက် မုန့်ကိုဖဲ့ပြီး တပည့်တွေကို ပေးတယ်။ တပည့်တွေက လူတွေကို ပြန်ဝေပေးတယ်။ ငါးနှစ်ကောင်ကိုလည်း ဖဲ့ပြီး အားလုံးကို ဝေပေးတယ်။ ၄၂  လူတွေ အဝစားပြီးတဲ့နောက်၊ ၄၃  စားကြွင်းစားကျန်ကို  လိုက်ကောက်တဲ့အခါ မုန့်ချည်းပဲ ၁၂ တောင်းအပြည့် ရတယ်။ ငါးတွေလည်း ကျန်သေးတယ်။+ ၄၄  စားတဲ့သူတွေဟာ ယောက်ျား ၅,၀၀၀ ရှိတယ်။ ၄၅  အဲဒီနောက် ယေရှုက ချက်ချင်းပဲ တပည့်တွေကို  တစ်ဖက်ကမ်းက ဗက်ဇဲဒမြို့ဆီ လှေနဲ့ ကူးနှင့်ခိုင်းတယ်။ လူအုပ်ကိုလည်း ပြန်လွှတ်လိုက်တယ်။+ ၄၆  လူအုပ်ထွက်သွားတဲ့အခါ ယေရှုက ဆုတောင်းဖို့  တောင်ပေါ်တက်သွားတယ်။+ ၄၇  ညနေစောင်းတဲ့အချိန်မှာ လှေက အိုင်အလယ်ကို ရောက်နေပြီ။ ယေရှုကတော့ ကုန်းပေါ်မှာ တစ်ယောက်တည်း ရှိနေတယ်။+ ၄၈  မိုးသောက်ယံ* အချိန်မှာ လှိုင်းလေထန်တဲ့အတွက် တပည့်တွေ လှေကို မနည်းလှော်ခတ်နေတာကို ယေရှုမြင်တဲ့အခါ ရေပေါ် လမ်းလျှောက်လာပြီး သူတို့နားကနေ ဖြတ်သွားမလိုလုပ်တယ်။ ၄၉  ယေရှု ရေပေါ် လမ်းလျှောက်လာတာကို မြင်တဲ့အခါ တပည့်တွေက “ဟိုမှာ၊ ဟိုမှာ ဘာကြီးပါလိမ့်” ဆိုပြီး အော်ကြတယ်။ ၅၀  ယေရှုကို မြင်တဲ့အခါ ကြောက်လန့်သွားတယ်။  ချက်ချင်းပဲ  ယေရှုက “မကြောက်ပါနဲ့။ ကျွန်တော်ပါ” လို့ပြောပြီး၊+ ၅၁  လှေပေါ်တက်တဲ့အခါ လေငြိမ်သွားတယ်။ တပည့်တွေ အံ့အားသင့်သွားတယ်။ ၅၂  မုန့်ကျွေးတဲ့ အံ့ဖွယ်အမှုရဲ့ အဓိပ္ပာယ်ကို သူတို့ သဘောမပေါက်သေးဘူး။ နားမလည်သေးဘူး။ ၅၃  အဲဒီနောက် ကမ်းတစ်ဖက်ကိုကူးပြီး ဂင်နေသရက်အရပ်ကို ရောက်တဲ့အခါ ကမ်းကပ်လိုက်တယ်။+ ၅၄  လှေပေါ်ကဆင်းတာနဲ့ ယေရှုကို လူတွေ မှတ်မိကြတယ်။ ၅၅  အဲဒီအရပ်မှာ နေထိုင်သူတွေဆီ ပြေးပြီး အကြောင်းကြားတဲ့အတွက် လူနာတွေကို ယေရှုရှိတဲ့နေရာဆီ ထမ်းစင်နဲ့ ထမ်းခေါ်လာတယ်။ ၅၆  မြို့တွေ၊ ကျေးရွာတွေကို ယေရှုရောက်လာပြီဆိုရင် လူနာတွေကို စျေးအထိ ခေါ်လာကြတယ်။ ယေရှုရဲ့ ဝတ်လုံအမြိတ်ကို တို့ထိခွင့်ပေးဖို့+ အသနားခံကြတယ်။ တို့ထိသူတိုင်းလည်း ကျန်းမာလာတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “အင်္ကျီနှစ်ထည် မဝတ်ဖို့။”
မူရင်း၊ “ကောင်းချီးတောင်းခံတယ်။”
မနက် ၃-၆ နာရီကြား။