မာကု ၁၀:၁-၅၂

  • ထိမ်းမြားခြင်းနဲ့ ကွာရှင်းခြင်း (၁-၁၂)

  • ကလေးတွေကို ယေရှု ကောင်းချီးပေး (၁၃-၁၆)

  • လူချမ်းသာတစ်ယောက်ရဲ့ မေးခွန်း (၁၇-၂၅)

  • နိုင်ငံတော်အတွက် ကိုယ်ကျိုးစွန့်ခြင်း (၂၆-၃၁)

  • သေဆုံးမယ့်အကြောင်း ထပ်မံကြိုပြော (၃၂-၃၄)

  • ယာကုပ်နဲ့ ယောဟန်ရဲ့ တောင်းဆိုချက် (၃၅-၄၅)

    • လူအများအတွက် ရွေးဖိုးဖြစ်တဲ့ ယေရှု (၄၅)

  • မျက်မမြင် ဗာတိမဲကို ကုသပေး (၄၆-၅၂)

၁၀  ယေရှုက အဲဒီကနေ ထွက်သွားပြီးနောက် ဂျော်ဒန်မြစ်ကို ဖြတ်ပြီး ယုဒနယ်စပ်ကို ရောက်လာတယ်။ သူ့ဆီ လူအုပ်စုရုံးလာတဲ့အတွက် ခါတိုင်းလိုပဲ သွန်သင်ပေးတယ်။+ ၂  ဖာရိရှဲတွေလည်း အကဲစမ်းချင်တဲ့အတွက် ယေရှုဆီလာပြီး  ယောက်ျားတစ်ယောက်ဟာ ဇနီးကို ကွာရှင်းခွင့်ရှိသလားလို့ မေးတော့၊+ ၃  ယေရှုက “ခင်ဗျားတို့ကို မောရှေ ဘယ်လို ပညတ်ထားသလဲ” လို့ပြန်မေးတယ်။ ၄  သူတို့က “ကွာရှင်းစာချုပ် ရေးပြီး ကိုယ့်ဇနီးကို ကွာရှင်းခွင့်ပြုတယ်”+ လို့ဖြေတော့၊ ၅  ယေရှုက “ခင်ဗျားတို့ ခေါင်းမာလို့+ အဲဒီပညတ်ကို မောရှေ ရေးပေးခဲ့တာ။+ ၆  တကယ်တော့  ဖန်ဆင်းခြင်းအစမှာ ‘ဘုရားသခင်က  ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တယ်။+ ၇  ဒါကြောင့်  ယောက်ျားက  မိဘကို ထားခဲ့ပြီးနောက်၊+ ၈  သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။’+ နှစ်ယောက် မဟုတ်တော့ဘဲ  တစ်သားတစ်ကိုယ်တည်း  ဖြစ်သွားပြီ။ ၉  ဒါကြောင့် ဘုရားသခင်  တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့”+ လို့ ပြောတယ်။ ၁၀  အိမ်မှာရှိနေတုန်း တပည့်တွေက အဲဒီအကြောင်းကို  ထပ်မေးတော့၊ ၁၁  ယေရှုက “ကိုယ့်ဇနီးကို ကွာရှင်းပြီး တခြားမိန်းမနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေးဖောက်ပြန်သူ၊+ ကိုယ့်ဇနီးကို ပြစ်မှားသူပဲ။ ၁၂  ကိုယ့်ယောက်ျားကို ကွာရှင်းပြီး တခြားတစ်ယောက်ကို လက်ထပ်တဲ့ မိန်းမလည်း အိမ်ထောင်ရေးဖောက်ပြန်သူပဲ”+ လို့ ရှင်းပြတယ်။ ၁၃  လူတွေက သူတို့ရဲ့ကလေးတွေအပေါ် လက်တင်စေချင်လို့ ယေရှုဆီ ခေါ်လာတဲ့အခါ တပည့်တွေ တားကြတယ်။+ ၁၄  ဒါကို ယေရှုမြင်တော့ စိတ်ဆိုးပြီး “ကျွန်တော့်ဆီ ကလေးတွေ လာတာကို မတားပါနဲ့။ ဘုရားသခင့် နိုင်ငံတော်ဟာ ဒီကလေးငယ်လို လူတွေရဲ့ နိုင်ငံပဲ။+ ၁၅  ကျွန်တော် မှန်တာကို ပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကို ဒီကလေးငယ် လက်ခံသလို လက်မခံဘူးဆိုရင် နိုင်ငံတော်ထဲ လုံးဝဝင်ရမှာ မဟုတ်ဘူး” လို့ပြောတယ်။+ ၁၆  အဲဒီနောက် ကလေးငယ်တွေကို ပွေ့ဖက်တယ်။ သူတို့အပေါ် လက်တင်ပြီး ကောင်းချီးပေးတယ်။+ ၁၇  ယေရှု လမ်းမှာသွားနေတုန်း လူတစ်ယောက် ပြေးလာပြီး ရှေ့မှာ ဒူးထောက်ရင်း  “ကောင်းမြတ်တဲ့ဆရာ၊ ထာဝရအသက်ကို အမွေရဖို့ ကျွန်တော် ဘာလုပ်ရမလဲ” လို့မေးတဲ့အခါ၊+ ၁၈  ယေရှုက “ကျွန်တော့်ကို ကောင်းမြတ်တဲ့ ဆရာဆိုပြီး ဘာလို့ခေါ်တာလဲ။ ဘုရားသခင်ကလွဲလို့ ကောင်းမြတ်တဲ့သူ  ဘယ်သူမှမရှိဘူး။+ ၁၉  ‘လူ့အသက် မသတ်နဲ့။+ အိမ်ထောင်ရေး မဖောက်ပြန်နဲ့။+ မခိုးနဲ့။+ မဟုတ်မမှန် သက်သေမထွက်ဆိုနဲ့။+ မလှည့်ဖြားနဲ့။+ မိဘကို ရိုသေပါ’+ ဆိုတဲ့ပညတ်တွေကို သိတယ်မဟုတ်လား” လို့ပြောတယ်။ ၂၀  အဲဒီလူက “ဆရာ၊ အဲဒီပညတ်အားလုံးကို ကျွန်တော် ငယ်ငယ်ကတည်းက လိုက်နာခဲ့ပါပြီ” လို့ပြောတော့၊ ၂၁  ယေရှုက သူ့ကို ချစ်တဲ့စိတ်နဲ့ ကြည့်ပြီး “လုပ်စရာတစ်ခု ရှိသေးတယ်။ ခင်ဗျားရဲ့ပစ္စည်းတွေကို သွားရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ။ ဒါဆိုရင် ကောင်းကင်ဘဏ္ဍာကို ရလိမ့်မယ်။ ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ”+ လို့ပြောတယ်။ ၂၂  အဲဒီစကားကို ကြားတဲ့အခါ အလွန်ချမ်းသာတဲ့ အဲဒီလူဟာ ဝမ်းနည်းပြီး ထွက်သွားတယ်။+ ၂၃  အဲဒီအခါ ယေရှုက ပတ်လည်ကို ကြည့်ပြီးနောက် တပည့်တွေကို “ချမ်းသာသူတွေ ဘုရားသခင့် နိုင်ငံတော်ကို ဝင်ဖို့ သိပ်ခက်တယ်”+ လို့ပြောတယ်။ ၂၄  အဲဒီစကားကြောင့် တပည့်တွေ  တအံ့တသြ  ဖြစ်သွားတယ်။ ဒါနဲ့ ယေရှုက တပည့်တွေကို “ချစ်သားတို့၊ ဘုရားသခင့် နိုင်ငံတော်ကို ဝင်ဖို့ သိပ်ခက်တယ်။ ၂၅  ဘုရားသခင့် နိုင်ငံတော်ကို ချမ်းသာတဲ့သူ ဝင်တာထက်  အပ်ပေါက်ထဲ  ကုလားအုတ် လျှိုဝင်တာကမှ လွယ်ဦးမယ်”+ လို့ပြောတယ်။ ၂၆  တပည့်တွေ ပိုလို့တောင် အံ့သြသွားပြီး “ဒါဆိုရင် ကယ်တင်ခံရမယ့်သူ ရှိနိုင်ပါဦးမလား” လို့မေးတယ်။+ ၂၇  ယေရှုက သူတို့ကို စူးစိုက်ကြည့်ပြီး “လူတွေအတွက် ဒါဟာ မဖြစ်နိုင်တဲ့အရာပဲ။ ဘုရားအတွက်တော့ အဲဒီလို မဟုတ်ဘူး။  ဘုရားသခင်အတွက်  အရာအားလုံး ဖြစ်နိုင်တယ်”+ လို့ပြောတယ်။ ၂၈  ပေတရုက “ကျွန်တော်တို့ ရှိသမျှကိုစွန့်ပြီး သခင့်နောက်ကို  လိုက်ပါပြီ” လို့ပြောတော့၊+ ၂၉  ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ ကျွန်တော့်နာမည်ကြောင့်၊ သတင်းကောင်းကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်လိုက်ရသူတိုင်း၊+ ၃၀  အခုအချိန်မှာ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ အဆ ၁၀၀ ပြန်ရမယ့်အပြင် ညှဉ်းဆဲတာ ခံရမယ်။+ နောင်လာမယ့် လောကစနစ်* မှာလည်း ထာဝရအသက်ကို ရဦးမယ်။ ၃၁  ဒါပေမဲ့ ရှေ့ဆုံးက လူအတော်များများ နောက်ဆုံးကို ရောက်လိမ့်မယ်။ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်”+ လို့ပြောတယ်။ ၃၂  ဂျေရုဆလင်မြို့ကို တက်သွားတဲ့လမ်းမှာ ယေရှုက ရှေ့ကိုရောက်နှင့်နေတဲ့အတွက်  တပည့်တွေ  အံ့သြကြတယ်။ လိုက်ပါလာတဲ့ တခြားသူတွေကတော့ ကြောက်နေတယ်။ ဒီတစ်ကြိမ်မှာလည်း ယေရှုက တမန်တော် ၁၂ ယောက်ကိုပဲ ခေါ်ပြီး သူကြုံရမယ့်အရာတွေကို အခုလိုပြောပြတယ်–+ ၃၃  “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတယ်။ လူသားကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေလက်ထဲ အပ်ကြလိမ့်မယ်။ သေဒဏ်စီရင်ကြလိမ့်မယ်။ လူမျိုးခြားတွေလက်ထဲ အပ်ကြလိမ့်မယ်။ ၃၄  လှောင်ပြောင်ရိုက်နှက်ပြီး တံတွေးထွေးကြမယ်။  အသေသတ်ကြလိမ့်မယ်။  ဒါပေမဲ့  သုံးရက်ကြာရင် အသက်ပြန်ရှင်လာလိမ့်မယ်။”+ ၃၅  ဇေဗေဒဲရဲ့ သားနှစ်ယောက်ဖြစ်တဲ့  ယာကုပ်နဲ့ယောဟန်က+  ယေရှုအနား လာပြီး “ဆရာ၊ ကျွန်တော်တို့ တောင်းဆိုတာကို  လုပ်ပေးစေချင်တယ်” လို့ပြောတော့၊+ ၃၆  ယေရှုက  “ဘာလုပ်ပေးစေချင်သလဲ”  လို့မေးတယ်။ ၃၇  “နိုင်ငံတော်မှာ ကျွန်တော်တို့ကို  ဘယ်ဘက်မှာ  တစ်ယောက်၊ ညာဘက်မှာ တစ်ယောက် ထိုင်ခွင့်ပေးပါ”+ လို့ တောင်းဆိုတယ်။ ၃၈  ယေရှုက “ခင်ဗျားတို့ ဘာတောင်းနေမှန်း ခင်ဗျားတို့ မသိဘူး။ ကျွန်တော်သောက်မယ့် ခွက်ကို* ခင်ဗျားတို့ သောက်နိုင်လို့လား။ ကျွန်တော်ခံမယ့် နှစ်ခြင်းကို ခင်ဗျားတို့ ခံနိုင်လို့လား”+ ဆိုပြီးမေးတဲ့အခါ၊ ၃၉  သူတို့က  “ခံနိုင်ပါတယ်” လို့ဖြေတယ်။  အဲဒီအခါ ယေရှုက “ကျွန်တော်သောက်မယ့် ခွက်ကို ခင်ဗျားတို့ သောက်ရမှာပါ။  ကျွန်တော်ခံမယ့် နှစ်ခြင်းကိုလည်း ခင်ဗျားတို့ ခံရမှာပါ။+ ၄၀  ဒါပေမဲ့ ကျွန်တော့်ရဲ့ ဘယ်ညာနှစ်ဖက်မှာ ဘယ်သူတွေ ထိုင်ရမယ် ဆိုတာကို ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အဖဘုရားပဲ ဆုံးဖြတ်လိမ့်မယ်” လို့ပြောတယ်။ ၄၁  အဲဒီအကြောင်းကို  ကျန်တဲ့တပည့်ဆယ်ယောက်  ကြားတဲ့အခါ ယာကုပ်နဲ့ ယောဟန်ကို စိတ်ဆိုးကြတယ်။+ ၄၂  ယေရှုက  သူတို့ကို ခေါ်ပြီး “လောကအုပ်စိုးရှင်တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်မှန်း၊ ခေါင်းဆောင်တွေကလည်း အာဏာပြတတ်မှန်း ခင်ဗျားတို့ အသိပဲ။+ ၄၃  ခင်ဗျားတို့ကတော့ အဲဒီလို မဖြစ်ရဘူး။ ကြီးမြတ်ချင်သူတိုင်း အစေခံဖြစ်ရမယ်။+ ၄၄  ခင်ဗျားတို့ထဲမှာ ပထမနေရာ ရချင်သူတိုင်း အားလုံးရဲ့ကျွန် ဖြစ်ရမယ်။ ၄၅  လူသားလည်း သူတစ်ပါးကို စေခိုင်းဖို့ လာတာမဟုတ်ဘူး။ သူတစ်ပါးအစေကိုခံပြီး+ လူအများအတွက် ရွေးဖိုးအဖြစ် အသက်ပေးဖို့ ရောက်လာတာ”+ လို့ပြောတယ်။ ၄၆  အဲဒီနောက် ယေရိခေါမြို့ထဲ ဝင်သွားကြတယ်။ ယေရှုက တပည့်တွေ၊ လူအုပ်တွေနဲ့အတူ ယေရိခေါမြို့ကနေ ပြန်ထွက်လာချိန်မှာ တိမဲရဲ့သား ဗာတိမဲလို့ခေါ်တဲ့ မျက်မမြင် သူတောင်းစားတစ်ယောက် လမ်းဘေးမှာ ထိုင်နေတယ်။+ ၄၇  နာဇရက်မြို့သား ယေရှုဖြတ်သွားတာကို ကြားတဲ့အခါ “ဒါဝိဒ်ရဲ့သား+ ယေရှု၊ ကျွန်တော့်ကို သနားပါဦး”+ လို့အော်ပြောတယ်။ ၄၈  လူတွေက သူ့ကို တိတ်တိတ်နေဖို့ တားကြပေမဲ့ “ဒါဝိဒ်ရဲ့သား၊ ကျွန်တော့်ကို သနားပါဦး” ဆိုပြီး ပိုလို့တောင် အော်တယ်။ ၄၉  ယေရှုက ရပ်ပြီး “သူ့ကို ခေါ်လာခဲ့” လို့ပြောလိုက်တဲ့အခါ လူတွေက မျက်မမြင်ကို “မကြောက်နဲ့။ ထတော့။ မင်းကို ခေါ်နေတယ်” လို့ပြောပြီး ခေါ်လာကြတယ်။ ၅၀  အဲဒီအခါ သူက အပေါ်ဝတ်ရုံကို ချွတ်ပြီး  ယေရှုဆီ  ထသွားတယ်။ ၅၁  ယေရှုက “ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ” လို့မေးတော့ မျက်မမြင်က “ဆရာ၊  ကျွန်တော့်ကို  မျက်စိမြင်အောင် လုပ်ပေးပါ” လို့အသနားခံတယ်။ ၅၂  ယေရှုက “ပြန်သွားပါ။ ခင်ဗျားရဲ့ ယုံကြည်ခြင်းက မျက်စိပြန်မြင်စေပြီ”+ လို့ပြောလိုက်တဲ့အခါ ချက်ချင်း သူ မျက်စိပြန်မြင်လာပြီး+ ယေရှုနောက်ကို လိုက်တော့တယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဘုရားကိုစော်ကားပြောဆိုသူဆိုတဲ့ စွဲချက်နဲ့ ယေရှုသေဆုံးဖို့ ဘုရားအလိုရှိတာကို ဆိုလို။