မာကု ၁:၁-၄၅

  • နှစ်ခြင်းပေးသူ ယောဟန် ဟောပြော (၁-၈)

  • ယေရှု နှစ်ခြင်းခံ (၉-၁၁)

  • ယေရှုကို စာတန် သွေးဆောင် (၁၂၊ ၁၃)

  • ဂါလိလဲပြည်မှာ ယေရှု စတင်ဟောပြော (၁၄၊ ၁၅)

  • တပည့်တွေကို စတင်ဖိတ်ခေါ် (၁၆-၂၀)

  • နတ်ဆိုးကို နှင်ထုတ် (၂၁-၂၈)

  • ကပေရနောင်မြို့မှာ လူများစွာကိုယေရှုကုသ (၂၉-၃၄)

  • လူသူကင်းဝေးတဲ့ နေရာမှာ ဆုတောင်း (၃၅-၃၉)

  • အနာကြီးရောဂါသည်ကို ကုသ (၄၀-၄၅)

 ဘုရားသခင်ရဲ့သား  ယေရှုခရစ်အကြောင်း  သတင်းကောင်းအစကတော့– ၂  ပရောဖက် ဟေရှာယက “(ငါ့စေတမန်ကို မင်းရှေ့မှာ စေလွှတ်မယ်။ သူက မင်းသွားမယ့်လမ်းကို ရှေ့ကနေ အသင့်ပြင်ပေးမယ်။)+ ၃  ‘ယေဟောဝါ* ဘုရားရဲ့လမ်းကို အသင့်ပြင်ကြ။ လမ်းတွေ ဖြောင့်ဖြူးအောင် လုပ်ကြ’ ဆိုပြီး တောထဲမှာ လူတစ်ယောက် ကြွေးကြော်နေတယ်”+ လို့ရေးခဲ့တယ်။ ၄  နှစ်ခြင်းပေးသူ ယောဟန်က နောင်တရတဲ့ အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံကြပါ၊ ဒါမှ အပြစ်ခွင့်လွှတ်ခံရမယ်ဆိုပြီး လူတွေကို  တောထဲမှာ  ဟောပြောနေတယ်။+ ၅  ယုဒနယ်တစ်ဝန်းလုံးမှာရှိတဲ့ လူတွေ၊ ဂျေရုဆလင် မြို့သူမြို့သားတွေ လာတဲ့အခါ ယောဟန်က ဂျော်ဒန်မြစ်မှာ နှစ်ခြင်းပေးတယ်။ သူတို့လည်း လူအများရှေ့မှာ ကိုယ့်အပြစ်တွေကို ဝန်ခံကြတယ်။+ ၆  ယောဟန်ဟာ ကုလားအုတ်မွေးနဲ့ရက်တဲ့ အဝတ်ကိုဝတ်ပြီး သားရေခါးပတ် ပတ်တယ်။+ ကျိုင်းကောင်နဲ့ တောထဲက ပျားရည်ကို စားတယ်။+ ၇  သူက “ကျွန်တော့်ထက် ကြီးမြတ်တဲ့သူဟာ ကျွန်တော့်နောက်မှာ လာနေတယ်။ သူ့ဖိနပ်ကြိုးကို ဖြေပေးဖို့တောင် ကျွန်တော် မထိုက်တန်ဘူး။+ ၈  ကျွန်တော်က ခင်ဗျားတို့ကို ရေနဲ့နှစ်ခြင်းပေးတယ်။ သူကတော့ ခင်ဗျားတို့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းပေးလိမ့်မယ်”+ လို့ဟောတယ်။ ၉  အဲဒီအချိန်မှာ  ယေရှုက  ဂါလိလဲပြည်၊ နာဇရက်မြို့ကနေ ဂျော်ဒန်မြစ်ကို လာပြီး  ယောဟန်ဆီမှာ  နှစ်ခြင်းခံတယ်။+ ၁၀  ရေထဲကနေ ပေါ်လာတာနဲ့ ကောင်းကင်ပွင့်လာပြီး စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ သူ့အပေါ် ဆင်းသက်တာကို  သူမြင်ရတယ်။+ ၁၁  ပြီးတော့ “မင်းဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” ဆိုတဲ့အသံ ကောင်းကင်က ထွက်လာတယ်။+ ၁၂  ချက်ချင်းပဲ  စွမ်းအားတော်က ယေရှုကို  တောထဲသွားဖို့  လှုံ့ဆော်တယ်။ ၁၃  တောမှာ ရက်ပေါင်း ၄၀ နေပြီး စာတန်ရဲ့ သွေးဆောင်မှုကို ခံရတယ်။+ အဲဒီမှာ သားရဲတွေလည်း ရှိတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တွေက ယေရှုကို အလုပ်အကျွေးပြုကြတယ်။+ ၁၄  ယောဟန်  ထောင်ချခံရပြီးနောက် ယေရှုက ဂါလိလဲပြည်ကို သွားပြီး+ ဘုရားသခင်ရဲ့ သတင်းကောင်းကို ဟောပြောတယ်။+ ၁၅  “သတ်မှတ်ထားချိန် ရောက်ပြီ။ ဘုရားသခင်ရဲ့ နိုင်ငံတော် နီးနေပြီ။ နောင်တရကြပါ။+ သတင်းကောင်းကို ယုံကြည်ကြပါ” လို့ဟောတယ်။ ၁၆  ယေရှုက  ဂါလိလဲအိုင်တစ်လျှောက် သွားနေတုန်း ရှိမုန်နဲ့ သူ့ညီအန္ဒြေကို+ တွေ့တယ်။ အဲဒီတံငါသည်နှစ်ယောက် ပိုက်ကွန်ချနေတာကို မြင်တော့၊+ ၁၇  “ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားတို့ကို လူဖမ်းတဲ့တံငါသည်တွေ ဖြစ်စေမယ်”+ လို့ပြောတယ်။ ၁၈  သူတို့လည်း ပိုက်ကွန်တွေကို ချက်ချင်းထားရစ်ပြီး ယေရှုနောက်ကို လိုက်လာတယ်။+ ၁၉  အဲဒီကနေ ဆက်သွားတော့ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့ သူ့ညီယောဟန်က လှေပေါ်မှာ ပိုက်ကွန်တွေ  ဖာနေတာကို  တွေ့တယ်။+ ၂၀  ယေရှုလည်း ခေါ်လိုက်ရော သူတို့က ဖခင်ဇေဗေဒဲကို အလုပ်သမားတွေနဲ့အတူ လှေပေါ်မှာ ထားရစ်ပြီး လိုက်လာတယ်။ ၂၁  အဲဒီနောက် ကပေရနောင်မြို့ကို သူတို့ထွက်သွားကြတယ်။ ဥပုသ်နေ့ရောက်တာနဲ့  ယေရှုက တရားဇရပ်ထဲဝင်ပြီး  သွန်သင်တယ်။+ ၂၂  ကျမ်းတတ်တွေလို မဟုတ်ဘဲ အခွင့်အာဏာရှိသူလို သွန်သင်တဲ့အတွက် လူတွေက သူ့ရဲ့သွန်သင်ပုံကို အံ့သြကြတယ်။+ ၂၃  အဲဒီအချိန်မှာပဲ တရားဇရပ်မှာရှိတဲ့ နတ်ဆိုးပူးသူတစ်ယောက်က၊ ၂၄  “နာဇရက်မြို့သား ယေရှု၊ ခင်ဗျားက  ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး။+ ကျုပ်တို့ကို ဖျက်ဆီးဖို့ လာတာလား။ ခင်ဗျားဟာ ဘုရားသခင်ဆီကလာတဲ့ သန့်ရှင်းသူဆိုတာ ကျုပ်သိတာပေါ့”+ လို့အော်ပြောတယ်။ ၂၅  ယေရှုက “တိတ်စမ်း။  သူ့အထဲကနေ ထွက်သွား” ဆိုပြီး  အဲဒီနတ်ဆိုးကို  ဆုံးမတယ်။ ၂၆  နတ်ဆိုးက အဲဒီလူကို တုန်တက်စေပြီးနောက် အသံကုန်အော်ပြီး ထွက်သွားတယ်။ ၂၇  လူတွေက  အံ့သြပြီး “ဘယ်လိုကြီးပါလိမ့်။ သူ့ရဲ့သွန်သင်ပုံက ထူးခြားလိုက်တာ။ အာဏာနဲ့ အမိန့်ပေးလိုက်တာ နတ်ဆိုးတွေတောင် နာခံကြပါလား”  လို့  အချင်းချင်း ပြောကြတယ်။ ၂၈  ယေရှုရဲ့သတင်းဟာ ချက်ချင်းပဲ  ဂါလိလဲပြည်တစ်ခုလုံးကို ပျံ့နှံ့သွားတယ်။ ၂၉  တရားဇရပ်ကနေ ထွက်လာပြီးနောက် ရှိမုန်နဲ့ အန္ဒြေတို့ရဲ့အိမ်ကို သွားတယ်။ ယာကုပ်နဲ့ ယောဟန်လည်းပါတယ်။+ ၃၀  ရှိမုန်ရဲ့ယောက္ခမ+ ဖျားပြီး အိပ်ရာထဲ လဲနေတယ်ဆိုတာကို ရောက်ရောက်ချင်း ပြောပြတော့၊ ၃၁  ယေရှုက သူ့ဆီကို သွား၊ လက်ကိုကိုင်ပြီး ဆွဲထူလိုက်တယ်။ သူအဖျားပျောက်သွားတဲ့အတွက် သူတို့ကို ဧည့်ဝတ်ပြုတယ်။ ၃၂  နေဝင်လို့  ညဦးပိုင်းရောက်တဲ့အခါ လူနာတွေ၊ နတ်ဆိုးပူးသူတွေကို  ယေရှုဆီ  ခေါ်လာကြတယ်။+ ၃၃  မြို့သားအားလုံး အိမ်တံခါးနားမှာ စုဝေးကြတယ်။ ၃၄  ယေရှုက ရောဂါဝေဒနာအမျိုးမျိုးကို ကုပေးပြီး+ နတ်ဆိုးအများကြီးကို နှင်ထုတ်တယ်။ သူဟာ ခရစ်တော်ဖြစ်မှန်း နတ်ဆိုးတွေ သိတဲ့အတွက် သူတို့ကို စကားတစ်ခွန်းမှ ပြောခွင့်မပေးဘူး။ ၃၅  ယေရှုက  မိုးမလင်းခင် ခပ်စောစောထ၊ လူသူကင်းဝေးတဲ့ နေရာဆီ ထွက်သွားပြီး  ဆုတောင်းတယ်။+ ၃၆  ရှိမုန်နဲ့ အပေါင်းပါတွေက ယေရှုကို လိုက်ရှာပြီး၊ ၃၇  တွေ့တဲ့အခါ “ဆရာ့ကို လူတွေရှာနေတယ်” လို့ပြောတယ်။ ၃၈  ဒါပေမဲ့ ယေရှုက  “အနီးအနား မြို့ရွာတွေကို သွားဟောကြရအောင်။ ဒီအတွက်ပဲ ကျွန်တော်လာတာ”+ လို့ပြောတယ်။ ၃၉  အဲဒီနောက် ထွက်သွားပြီး ဂါလိလဲနယ် တစ်လျှောက်လုံးမှာရှိတဲ့ တရားဇရပ်တွေမှာ ဟောပြောတယ်။ နတ်ဆိုးတွေကိုလည်း နှင်ထုတ်တယ်။+ ၄၀  အနာကြီးရောဂါသည်  တစ်ယောက်က ယေရှုရှေ့မှာ လာဒူးထောက်ပြီး “သခင်၊ ဆန္ဒရှိရင် ကျွန်တော့်ကို သန့်ရှင်းသွားအောင် လုပ်ပေးပါလား”+ လို့အသနားခံတယ်။ ၄၁  ယေရှုက သနားစိတ် ယိုဖိတ်လာတဲ့အတွက် သူ့ကို လှမ်းကိုင်ပြီး “ဆန္ဒရှိတာပေါ့။ သန့်ရှင်းစေ”+ လို့ပြောတယ်။ ၄၂  ချက်ချင်းပဲ အနာကြီးရောဂါပျောက်ပြီး သန့်ရှင်းသွားတယ်။ ၄၃  အဲဒီလူ မပြန်ခင်လေးမှာ ယေရှုက၊ ၄၄  “ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။ ရောဂါပျောက်ပြီဆိုတဲ့ အထောက်အထားအဖြစ်+ ပုရောဟိတ်ဆီသွားပြီး ကိုယ်ကိုပြပါ။ မောရှေ ညွှန်ကြားထားတဲ့အတိုင်း+ အလှူကို ဆက်သပါ” လို့ အသေအချာ မှာလိုက်တယ်။ ၄၅  သူထွက်သွားပြီး လူတွေကို လိုက်ပြောပြတဲ့အတွက် အဲဒီသတင်း ပျံ့သွားတယ်။ ဒါကြောင့် ယေရှုက မြို့ထဲ ပေါ်ပေါ်ထင်ထင် မဝင်လာနိုင်ဘဲ မြို့ပြင် လူသူမရှိတဲ့နေရာတွေမှာ နေရတယ်။ ဒါပေမဲ့ အရပ်ရပ်ကလူတွေ ယေရှုဆီ တဖွဲဖွဲ ရောက်လာကြတယ်။+

အောက်ခြေမှတ်ချက်များ