ဗျာဒိတ် ၉:၁-၂၁
၉ ပဉ္စမကောင်းကင်တမန် ခရာမှုတ်လိုက်တဲ့အခါ+ ကောင်းကင်ကနေ ကမ္ဘာမြေပေါ်ကို ကြယ်တစ်လုံးကျလာတာ ကျွန်တော်မြင်တယ်။ ဘုရားသခင်က တွင်းနက်ကြီးရဲ့သော့ကို+ သူ့ဆီ အပ်တယ်။
၂ တွင်းနက်ကြီးကို သူ ဖွင့်လိုက်တဲ့အခါ တွင်းထဲကနေ မီးခိုးတွေ တက်လာတယ်။ မီးဖိုကြီးထဲက မီးခိုးလုံးတွေ တက်လာသလိုပါပဲ။ တွင်းထဲကနေ တက်လာတဲ့ မီးခိုးတွေကြောင့် နေနဲ့ လေထုဟာ မည်းမှောင်သွားတယ်။+
၃ ကျိုင်းကောင်တွေက မီးခိုးထဲကနေ ထွက်လာပြီး မြေပေါ် ရောက်လာတယ်။+ ဘုရားသခင်က မြေပေါ်မှာရှိတဲ့ ကင်းမြီးကောက်တွေ ရထားတဲ့ တန်ခိုးမျိုး သူတို့ကိုပေးတယ်။
၄ မြေပေါ်က အပင်တွေ၊ စိမ်းစိုတဲ့အပင်တွေ၊ သစ်ပင်တွေကို ဒုက္ခမပေးဖို့၊ နဖူးပေါ်မှာ ဘုရားသခင့်တံဆိပ် မခတ်ထားတဲ့ လူတွေကိုပဲ ဒုက္ခပေးဖို့ သူတို့ကို မှာကြားတယ်။+
၅ ကျိုင်းကောင်တွေဟာ လူတွေကို ငါးလတာ ညှဉ်းဆဲခွင့်ရှိပေမဲ့ သတ်ပိုင်ခွင့်တော့ မရှိဘူး။ လူတွေခံရတဲ့ ညှဉ်းဆဲခြင်းဝေဒနာဟာ ကင်းမြီးကောက်+ အကိုက်ခံရတဲ့ ဝေဒနာနဲ့တူတယ်။
၆ အဲဒီအချိန်ကျရင် လူတွေက သေချင်စိတ် ပေါက်လာမယ်။ သေဖို့ နည်းလမ်းရှာပေမဲ့ တွေ့မှာမဟုတ်ဘူး။ သေချင်ပေမဲ့ မသေနိုင်ဘူး။
၇ ကျိုင်းကောင်တွေရဲ့ ပုံသဏ္ဌာန်ဟာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ မြင်းတွေလိုပဲ။+ ခေါင်းပေါ်မှာ ဆောင်းထားတာ ရွှေသရဖူလိုပဲ။ မျက်နှာဟာ လူ့မျက်နှာလိုပဲ။
၈ ဆံပင်ဟာ မိန်းမဆံပင်နဲ့ တူတယ်။ သွားကတော့ ခြင်္သေ့သွားနဲ့ တူတယ်။+
၉ ရင်အုပ်ဟာ သံရင်အုပ်တန်ဆာ တပ်ထားတာနဲ့ တူတယ်။ အတောင်ခတ်သံဟာ စစ်ပွဲဆီ ဒုန်းစိုင်းနှင်နေတဲ့ မြင်းရထားတွေရဲ့ အသံနဲ့တူတယ်။+
၁၀ ကင်းမြီးကောက်လိုပဲ အမြီးမှာ အဆိပ်ဆူးရှိတယ်။ အမြီးတွေဟာ လူတွေကို ငါးလတိုင်တိုင် ဒုက္ခပေးနိုင်တဲ့ တန်ခိုးရှိတယ်။+
၁၁ သူတို့ဆီမှာ ဘုရင်တစ်ပါး ရှိတယ်။ အဲဒီဘုရင်ကတော့ တွင်းနက်ကြီးရဲ့ ကောင်းကင်တမန်ပဲ။+ သူ့နာမည်က ဟီဘရူးလို အဗဒ္ဒုန်၊* ဂရိလို အပေါလျုန်* လို့ခေါ်တယ်။
၁၂ အဖြစ်ဆိုးတစ်ခု လွန်သွားပြီ။ ဒါပြီးရင် အဖြစ်ဆိုးနှစ်ခု+ လာဦးမယ်။
၁၃ အဲဒီနောက် ဆဋ္ဌမကောင်းကင်တမန်+ ခရာမှုတ်လိုက်တဲ့အခါ+ ဘုရားသခင့်ရှေ့မှာရှိတဲ့ ရွှေနံ့သာပေါင်းပလ္လင်ရဲ့ ဦးချိုအတက်တွေကနေ+ စကားသံ ထွက်ပေါ်လာတာ ကျွန်တော် ကြားတယ်။
၁၄ အဲဒီအသံက ခရာကိုင်ထားတဲ့ ဆဋ္ဌမကောင်းကင်တမန်ကို “ယူဖရေးတီးမြစ်ကြီးနားမှာ+ ချည်နှောင်ထားတဲ့ ကောင်းကင်တမန်လေးပါးကို လွှတ်ပေးလိုက်ပါ” လို့ ပြောတယ်။
၁၅ သတ်မှတ်ထားတဲ့ နှစ်၊ လ၊ ရက်၊ အချိန်နာရီအတွက် အသင့်ဖြစ်နေတဲ့ ကောင်းကင်တမန်လေးပါးကို လူသုံးပုံတစ်ပုံကို သတ်ဖြတ်ဖို့ လွှတ်ပေးလိုက်တယ်။
၁၆ မြင်းတပ်ထဲက မြင်းစီးသူရဲတွေရဲ့ အရေအတွက်ဟာ ကုဋေနှစ်ဆယ်* ရှိတယ်။ သူတို့ရဲ့ အရေအတွက်ကို ကျွန်တော် ကြားသိရတယ်။
၁၇ စိတ်အာရုံထဲမှာ ကျွန်တော်မြင်တဲ့ မြင်းတွေနဲ့ မြင်းစီးသူရဲတွေရဲ့ ပုံစံကတော့– မြင်းစီးသူရဲတွေက မီးနီရောင်၊ အပြာရင့်ရောင်၊ ကန့်လို အဝါရောင်ရှိတဲ့ ရင်အုပ်တန်ဆာတွေ ဝတ်ဆင်ထားတယ်။ မြင်းတွေရဲ့ခေါင်းဟာ ခြင်္သေ့ခေါင်းနဲ့တူတယ်။+ ခံတွင်းကနေ မီးလျှံ၊ မီးခိုးနဲ့ ကန့်တွေ ထွက်လာတယ်။
၁၈ ခံတွင်းထဲက ထွက်လာတဲ့ မီးလျှံ၊ မီးခိုးနဲ့ ကန့်ဆိုတဲ့ ကပ်ဘေးသုံးခုကြောင့် လူသုံးပုံတစ်ပုံ သေဆုံးသွားတယ်။
၁၉ မြင်းတွေရဲ့တန်ခိုးဟာ ခံတွင်းနဲ့ အမြီးမှာ ရှိတယ်။ အမြီးဟာ ခေါင်းပါတဲ့မြွေနဲ့တူတယ်။ သူတို့က လူတွေကို အမြီးတွေနဲ့ ဒုက္ခပေးတတ်တယ်။
၂၀ အဲဒီကပ်ဘေးကြောင့် မသေဘဲ ကျန်ခဲ့တဲ့လူတွေဟာ ကိုယ့်လက်နဲ့လုပ်တဲ့ အရာတွေအတွက် နောင်တမရကြဘူး။ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတွေနဲ့ လုပ်ထားပြီး မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်တဲ့+ ရုပ်တုတွေကိုရော နတ်ဆိုးတွေကိုပါ ကိုးကွယ်မြဲ ကိုးကွယ်နေကြတယ်။
၂၁ လူသတ်တာ၊ နတ်ဆိုးပညာလိုက်စားတာ၊ လိင်အကျင့်ယိုယွင်းတာ၊* ခိုးဝှက်တာတွေအတွက်လည်း နောင်တမရကြဘူး။