ဗျာဒိတ် ၆:၁-၁၇
-
တံဆိပ်ခြောက်ခုကို သိုးသငယ်ဖွင့် (၁-၁၇)
-
မြင်းဖြူစီးတဲ့ အောင်ပွဲခံသူ (၁၊ ၂)
-
မြင်းနီစီးတဲ့ မြင်းစီးသူရဲက ငြိမ်သက်ခြင်းကို ရုပ်သိမ်း (၃၊ ၄)
-
မြင်းနက်စီးတဲ့ မြင်းစီးသူရဲက အငတ်ဘေးကို ယူဆောင်လာ (၅၊ ၆)
-
မြင်းမွဲစီးတဲ့ မြင်းစီးသူရဲနာမည်ဟာ သေမင်း (၇၊ ၈)
-
ပူဇော်ရာပလ္လင်ရဲ့ ခြေရင်းမှာ သတ်ဖြတ်ခံရသူတွေ (၉-၁၁)
-
ငလျင်ကြီး (၁၂-၁၇)
-
၆ တံဆိပ်ခုနစ်ခုထဲက+ တစ်ခုကို သိုးသငယ်+ ဖွင့်လိုက်တာ ကျွန်တော်မြင်တယ်။ သတ္တဝါလေးပါးထဲက+ တစ်ပါးက မိုးခြိမ်းသံလို အသံကြီးနဲ့ “လာခဲ့ပါ” လို့ပြောတာကိုလည်း ကြားရတယ်။
၂ ကျွန်တော် ကြည့်လိုက်တော့ မြင်းဖြူတစ်စီး မြင်တယ်။+ မြင်းစီးသူရဲဟာ လေးကို ကိုင်ထားတယ်။ ဘုရားသခင်က သူ့ကို သရဖူပေးတယ်။+ သူက ရန်သူတွေကို အောင်ပွဲခံရင်း အပြီးသတ်အောင်ပွဲခံဖို့ ထွက်သွားတယ်။+
၃ ဒုတိယတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ ဒုတိယသတ္တဝါက+ “လာခဲ့ပါ” လို့ပြောတာကို ကျွန်တော် ကြားတယ်။
၄ အဲဒီနောက် မြင်းနီတစ်စီး ထွက်လာတယ်။ မြင်းစီးသူရဲက လူလူချင်း သတ်ဖြတ်စေဖို့ ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့် ရတယ်။ သူက ဓားကြီးတစ်လက်ကို ရတယ်။+
၅ တတိယတံဆိပ်ကို+ သိုးသငယ် ဖွင့်တဲ့အခါ တတိယသတ္တဝါက+ “လာခဲ့ပါ” လို့ပြောတာကို ကျွန်တော် ကြားတယ်။ ကြည့်လိုက်တော့ မြင်းနက်တစ်စီးကို မြင်တယ်။ မြင်းစီးသူရဲက ချိန်ခွင်တစ်လက် ကိုင်ထားတယ်။
၆ သတ္တဝါလေးပါးရဲ့ အလယ်ကနေ ထွက်လာပုံရတဲ့ အသံတစ်သံက “ဂျုံတစ်ခွက်* အတွက် ဒေနာရိ*+ တစ်ပြား၊ မုယောသုံးခွက်အတွက် ဒေနာရိတစ်ပြား ပေးရတယ်။ သံလွင်ဆီနဲ့ စပျစ်ဝိုင်ကို မပြတ်စေနဲ့”+ လို့ပြောတာကို ကျွန်တော်ကြားတယ်။
၇ စတုတ္ထတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ စတုတ္ထသတ္တဝါက+ “လာခဲ့ပါ” လို့ ပြောတာကို ကျွန်တော်ကြားတယ်။
၈ ကြည့်လိုက်တော့ မြင်းမွဲတစ်စီးကို မြင်ရတယ်။ မြင်းစီးသူရဲနာမည်က သေမင်းလို့ ခေါ်တယ်။ သင်္ချိုင်းလည်း သူ့နောက်ကနေ ကပ်လိုက်လာတယ်။ သူတို့က ကမ္ဘာမြေရဲ့ လေးပုံတစ်ပုံမှာရှိတဲ့ လူတွေကို ဓားဘေး၊ အစာခေါင်းပါးဘေး၊+ ကပ်ရောဂါဘေး၊ မြေသားရဲဘေးတွေနဲ့ သတ်နိုင်တဲ့ အခွင့်အာဏာ ရထားတယ်။+
၉ ပဉ္စမတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ ဘုရားသခင်ရဲ့ တရားစကားကြောင့်၊ သက်သေခံခြင်းလုပ်ငန်းကြောင့်+ အသတ်ခံရသူတွေရဲ့ သွေးဟာ+ ပူဇော်ရာပလ္လင်ရဲ့ခြေရင်းမှာ+ ရှိနေတာကို ကျွန်တော်မြင်တယ်။
၁၀ သူတို့က “အို အချုပ်အခြာအာဏာပိုင်ရှင်၊ သန့်ရှင်းမြင့်မြတ်ပြီး စစ်မှန်တဲ့အရှင်၊+ ကျွန်တော်တို့ကို သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာမြေပေါ်ကလူတွေကို တရားမစီရင်ဘဲ၊ လက်စားမချေဘဲ ဘယ်လောက်ကြာကြာ နေနေမှာလဲ”+ ဆိုပြီး အကျယ်ကြီး အော်ပြောကြတယ်။
၁၁ ဘုရားသခင်က သူတို့ကို ဝတ်လုံဖြူ တစ်ထည်စီ ပေးတယ်။+ သူတို့လိုပဲ အသတ်ခံရတော့မယ့်+ ညီအစ်ကိုတွေ၊ ကျွန်ချင်းတွေ အရေအတွက် ပြည့်တဲ့အထိ ခဏစောင့်နေဖို့ သူတို့ကို ပြောတယ်။
၁၂ ဆဋ္ဌမတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ ငလျင်ကြီးလှုပ်သွားတာကို ကျွန်တော်မြင်တယ်။ နေဟာ ဆိတ်မွေးနဲ့ရက်ထားတဲ့ အထည်ကြမ်းလို* မည်းမှောင်သွားတယ်။ လဝန်းတစ်ခုလုံး သွေးလို နီရဲသွားတယ်။+
၁၃ လေပြင်းတိုက်တဲ့အခါ သဖန်းသီးအစိမ်းတွေ ကြွေကျသလိုပဲ ကောင်းကင်ကြယ်တွေလည်း မြေပေါ်ကျလာတယ်။
၁၄ ကောင်းကင်ဟာ စာလိပ်လို လိပ်ပြီး ပျောက်သွားတယ်။+ တောင်တန်းတွေ၊ ကျွန်းတွေလည်း နေရာကနေ ရွေ့သွားတယ်။+
၁၅ ကမ္ဘာ့အုပ်စိုးရှင်တွေ၊ မင်းအရာရှိတွေ၊ တပ်မှူးတွေ၊ သူဌေးတွေ၊ ခွန်အားကြီးသူတွေ၊ ကျွန်တွေ၊ လွတ်လပ်သူတွေ အားလုံးက လိုဏ်ဂူတွေထဲမှာ၊ တောင်ပေါ်က ကျောက်ဆောင်တွေကြားမှာ ပုန်းအောင်းကြတယ်။+
၁၆ သူတို့က တောင်တွေ၊ ကျောက်ဆောင်တွေကို “ငါတို့အပေါ် ပြိုကျပါ။+ ရာဇပလ္လင်ပေါ် ထိုင်နေတဲ့အရှင်ရဲ့+ မျက်နှာကို မမြင်ရအောင်၊ သိုးသငယ်ရဲ့+ အမျက်ဒေါသကို မခံရအောင် ဖုံးကွယ်ပေးပါ။
၁၇ သူတို့ အမျက်ထွက်တဲ့နေ့ကြီး ရောက်လာပြီ၊+ ဘယ်သူ ခံရပ်နိုင်မှာလဲ”+ လို့ မပြတ်ပြောနေကြတယ်။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ဂျုံတစ်ကွတ်။” ၁.၀၈ လီတာဆံ့တဲ့ပုံး တစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ ရောမငွေဒင်္ဂါး။ တစ်နေ့တာ လုပ်ခနဲ့ညီတယ်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။