ကမ္ဘာဦး ၃:၁-၂၄

  • လူ့အပြစ်ရဲ့ အစ (၁-၁၃)

    • ပထမဆုံး မုသာ (၄၊ ၅)

  • ပုန်ကန်သူတွေကို ယေဟောဝါ စီရင် (၁၄-၂၄)

    • မိန်းမရဲ့မျိုးနွယ်အကြောင်း ကြိုဟော (၁၅)

    • ဧဒင်ကနေ နှင်ထုတ် (၂၃၊ ၂၄)

 မြွေဟာ+ ယေဟောဝါဘုရား ဖန်ဆင်းတဲ့ တိရစ္ဆာန်တွေထဲမှာ သတိအကြီးဆုံးပဲ။* မြွေက မိန်းမကို “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲပြောသလား” ဆိုပြီးမေးတယ်။+ ၂  မိန်းမက “ဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေရဲ့အသီးကို ကျွန်မတို့ စားလို့ရပါတယ်။+ ၃  ဥယျာဉ်ထဲက အပင်တစ်ပင်ရဲ့ အသီးကိုတော့+ ‘မစားနဲ့၊ မထိနဲ့။ စားမယ်၊ ထိမယ်ဆိုရင် သေရမယ်’ ဆိုပြီး ဘုရားသခင် မှာထားတယ်” လို့ပြန်ဖြေတယ်။ ၄  မြွေကလည်း “မင်းတို့ လုံးဝ သေမှာမဟုတ်ဘူး။+ ၅  တကယ်တော့ အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိပွင့်* လာမယ်၊ အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်ဆိုတာ+ ဘုရားသခင်သိတယ်” လို့ပြောတယ်။ ၆  အဲဒီအပင်ရဲ့အသီးဟာ စားချင်စရာ၊ လှပပြီး မက်မောစရာကောင်းတာကို မိန်းမမြင်တဲ့အခါ ခူးစားလိုက်တယ်။+ လူယောက်ျားကိုပေးတော့ သူလည်း စားတယ်။+ ၇  အဲဒီအခါ နှစ်ယောက်စလုံး မျက်စိပွင့်လာပြီး အဝတ်မဝတ်ထားမှန်း သိလာကြတယ်။ ဒါကြောင့် သဖန်းရွက်တွေကို သီပြီး ဝတ်ကြတယ်။+ ၈  ညနေပိုင်းရောက်တော့ လူလင်မယားဟာ ဥယျာဉ်ထဲ လျှောက်လာတဲ့ ယေဟောဝါဘုရားရဲ့ အသံကို ကြားရတယ်။ ဒါနဲ့ ယေဟောဝါဘုရား မမြင်အောင် သစ်ပင်တွေကြားမှာ ပုန်းနေကြတယ်။ ၉  ယေဟောဝါဘုရားက “မင်း ဘယ်မှာလဲ” ဆိုပြီး ယောက်ျားကို အကြိမ်ကြိမ်ခေါ်တယ်။ ၁၀  နောက်ဆုံးမှာ ယောက်ျားက “ဥယျာဉ်ထဲမှာ ကိုယ်တော့်အသံကို ကြားပါတယ်။ ဒါပေမဲ့ ကျွန်တော် အဝတ်မဝတ်ထားလို့ ကြောက်ပြီး ပုန်းနေတာပါ” ဆိုပြီးပြောတယ်။ ၁၁  အဲဒီအခါ ဘုရားသခင်က “မင်း အဝတ်မဝတ်ထားဘူးလို့ ဘယ်သူပြောသလဲ။+ မစားနဲ့လို့ ငါမိန့်မှာထားတဲ့ အပင်ရဲ့အသီးကို စားလိုက်ပြီလား”+ လို့မေးတော့၊ ၁၂  ယောက်ျားက “ကိုယ်တော်ပေးတဲ့ မိန်းမက အဲဒီအပင်ရဲ့အသီးကို ကျွေးလို့ ကျွန်တော်စားမိတာပါ” ဆိုပြီး ဖြေတယ်။ ၁၃  ဒါနဲ့ ယေဟောဝါဘုရားက “မင်း ဘယ်လိုလုပ်လိုက်တာလဲ” လို့မေးတဲ့အခါ မိန်းမက “မြွေလှည့်စားလို့ စားမိတာပါ”+ လို့ဖြေတယ်။ ၁၄  ဒါနဲ့ ယေဟောဝါဘုရားက မြွေကို+ “အခုလိုလုပ်တဲ့အတွက် သားယဉ်၊ သားရဲတွေထဲမှာ မင်း ကျိန်စာသင့်ပြီ။ ဝမ်းနဲ့တွားသွားပြီး မြေမှုန့်ကို တစ်သက်လုံး စားရမယ်။ ၁၅  မင်းနဲ့+ မိန်းမကိုရော+ မင်းရဲ့မျိုးနွယ်နဲ့+ မိန်းမရဲ့မျိုးနွယ်ကိုပါ+ ငါရန်ငြိုးဖွဲ့စေမယ်။+ သူက မင်းရဲ့ခေါင်းကို ကြိတ်လိမ့်မယ်။+ မင်းလည်း သူ့ဖနောင့်ကို ပေါက်ရလိမ့်မယ်”+ လို့ပြောတယ်။ ၁၆  မိန်းမကိုလည်း “မင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဒုက္ခအများကြီး ကြုံရမယ်။ ဝေဒနာခံစားပြီး သားဖွားရမယ်။ ကိုယ့်ယောက်ျားကို တမ်းတမ်းစွဲ ဖြစ်နေလိမ့်မယ်။ သူက မင်းကို ဩဇာလွှမ်းမိုးလိမ့်မယ်” လို့ပြောတယ်။ ၁၇  အာဒံ* ကိုတော့ “မင်းက မိန်းမစကား နားထောင်ပြီး ‘မစားနဲ့’ လို့ ငါမိန့်မှာထားတဲ့ အပင်ရဲ့အသီးကို စားတဲ့အတွက်+ မြေကြီးဟာ ကျိန်စာသင့်ပြီ။+ မြေထွက်သီးနှံစားရဖို့ တစ်သက်လုံး မင်း ပင်ပင်ပန်းပန်း လုပ်ကိုင်ရလိမ့်မယ်။+ ၁၈  မြေပေါ်မှာ ဆူးပင်တွေ၊ ချုံပင်တွေ ပေါက်လာမယ်။ မြေပေါ်မှာပေါက်တဲ့ အပင်တွေကို မင်း စားရမယ်။ ၁၉  မြေကြီးကဖြစ်လာတဲ့မင်းဟာ+ မြေကြီးကို ပြန်သွားချိန်အထိ ချွေးထွက်အောင် ပင်ပင်ပန်းပန်းလုပ်မှ အစာစားရမယ်။ မင်းဟာ မြေမှုန့်ဖြစ်တဲ့အတွက် မြေမှုန့်ကိုပဲ ပြန်ရမယ်”+ လို့ပြောတယ်။ ၂၀  အဲဒီနောက် အာဒံက ဇနီးကို ဧဝ* လို့နာမည်ပေးတယ်။ ဧဝဟာ အသက်ရှင်သူအားလုံးရဲ့ မိခင်ဖြစ်လာမှာမို့လို့ပဲ။+ ၂၁  ယေဟောဝါဘုရားက အာဒံနဲ့သူ့မိန်းမ ဝတ်ဆင်ဖို့ သားရေဝတ်လုံရှည် လုပ်ပေးတယ်။+ ၂၂  ပြီးတော့ ယေဟောဝါဘုရားက “ဒီလူဟာ ငါတို့လိုပဲ အကောင်းအဆိုးကို သိလာပြီ။+ အခု အသက်ပင်ရဲ့+ အသီးကို ယူစားပြီး ထာဝစဉ်အသက်ရှင်တာမျိုးမဖြစ်ရလေအောင် တစ်ခုခုလုပ်မှ ဖြစ်မယ်” လို့ပြောတယ်။ ၂၃  ဒါနဲ့ ယေဟောဝါဘုရားက မြေကြီးကဖြစ်လာတဲ့လူကို မြေကို ထွန်ယက်စိုက်ပျိုးဖို့+ ဧဒင်ဥယျာဉ်+ အပြင်ဘက် နှင်ထုတ်လိုက်တယ်။ ၂၄  အဲဒီလိုနှင်ထုတ်ပြီးနောက် အသက်ပင်ဆီ သွားတဲ့လမ်းကို စောင့်ကြပ်ဖို့ အဆက်မပြတ် လည်နေတဲ့ မီးဓားစက်နဲ့ ခေရုဗိမ်တွေ*+ ကို ဧဒင်ဥယျာဉ်အရှေ့မှာ ထားလိုက်တယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အပါးနပ်ဆုံးပဲ။”
အသိဉာဏ်တိုး/ပွင့်လာတာကို ဆိုလို။
အဓိပ္ပာယ်၊ “လူယောက်ျား၊ လူသား။”
အဓိပ္ပာယ်၊ “အသက်ရှင်သူ။”
ခက်ဆစ်ကိုကြည့်။