ကမ္ဘာဦး ၂၉:၁-၃၅
၂၉ ယာကုပ်က ခရီးဆက်ပြီး အရှေ့ပြည်သားတွေရဲ့ ပြည်ကို ရောက်သွားတယ်။
၂ စားကျက်မြေတစ်ခုမှာ ရေတွင်းတစ်တွင်း တွေ့တယ်။ သိုးထိန်းတွေဟာ အဲဒီရေတွင်းမှာ သိုးတွေကို ရေတိုက်လေ့ရှိတာကြောင့် ရေတွင်းဘေးမှာ သိုးအုပ်သုံးစု နားနေကြတယ်။ ရေတွင်းဝကို ကျောက်တုံးကြီးနဲ့ ပိတ်ထားတယ်။
၃ သိုးအုပ်အားလုံး စုံတဲ့အခါ ကျောက်တုံးကို လှိမ့်ဖယ်ပြီး သိုးတွေကို ရေတိုက်ကြတယ်။ ပြီးရင် တွင်းဝကို ကျောက်တုံးနဲ့ ပြန်ပိတ်ရတယ်။
၄ ယာကုပ်က သူတို့ကို “ညီအစ်ကိုတို့၊ ဘယ်အရပ်က လာတာလဲ” လို့မေးတော့ “ခါရန်မြို့ကပါ”+ လို့ဖြေကြတယ်။
၅ “နာခေါ် ရဲ့မြေး+ လာဗန်ကို+ သိကြလား” လို့မေးတော့ “သိတာပေါ့” ဆိုပြီးဖြေတယ်။
၆ “သူနေကောင်းရဲ့လား” လို့ ထပ်မေးတဲ့အခါ “နေကောင်းပါတယ်။ ဟိုမှာ သူ့သမီးရာခေလ+ သိုးတွေနဲ့ လာနေတယ်လေ” လို့ပြောကြတယ်။
၇ ဒါနဲ့ သူက “အခု နေ့လယ်ပိုင်းပဲ ရှိသေးတာ။ သိုးတွေစုသိမ်းချိန် မရောက်သေးဘူး။ သိုးတွေကို ရေတိုက်ပြီး ကျောင်းပါဦး” လို့ပြောတယ်။
၈ သူတို့ကလည်း “သိုးအုပ်အားလုံး မစုံခင် ရေတိုက်လို့ မရဘူး။ အားလုံးစုံမှ ကျောက်တုံးကို လှိမ့်ဖယ်ပြီး ရေတိုက်ရတယ်” လို့ပြောတယ်။
၉ အဲဒီလိုပြောနေတုန်း သိုးကျောင်းသူလေး ရာခေလက ဖခင်ရဲ့သိုးတွေနဲ့အတူ ရောက်လာတယ်။
၁၀ ယာကုပ်က ဦးကြီးလာဗန်ရဲ့သမီး ရာခေလနဲ့ သိုးတွေကိုလည်းမြင်ရော ရေတွင်းဝက ကျောက်တုံးကို လှိမ့်ဖယ်ပေးပြီး လာဗန်ရဲ့သိုးတွေကို ရေတိုက်တယ်။
၁၁ ပြီးတော့ ရာခေလကိုနမ်းပြီး ငိုတယ်။
၁၂ သူဟာ ရာခေလအဖေရဲ့ဆွေမျိုးပါ၊ ရေဗက္ကာရဲ့သားပါလို့ ပြောပြလိုက်တော့ ရာခေလလည်း ပြေးသွားပြီး သူ့အဖေကို ပြောပြတယ်။
၁၃ လာဗန်လည်း+ နှမရဲ့သား ယာကုပ်အကြောင်းကို ကြားတာနဲ့ ပြေးပြီးလာတွေ့တယ်။ ပြီးတော့ ယာကုပ်ကို ဖက်နမ်းပြီး အိမ်ခေါ်သွားတယ်။ ယာကုပ်က အကြောင်းစုံပြောပြတော့၊
၁၄ လာဗန်က “မင်းဟာ ငါ့သွေးသားရင်းချာပဲ” လို့ပြောတယ်။ ယာကုပ်လည်း သူ့ဆီမှာ တစ်လကြာ နေတယ်။
၁၅ နောက်တော့ လာဗန်က “မင်းက ငါ့အမျိုးဖြစ်တာနဲ့ပဲ+ ငါ့အတွက် အခမဲ့အလုပ်လုပ်ပေးတာမျိုး မဖြစ်သင့်ပါဘူး။ လုပ်အားခ ဘယ်လောက်လိုချင်လဲ၊ ပြော”+ ဆိုပြီး ယာကုပ်ကို မေးတယ်။
၁၆ လာဗန်မှာ သမီးနှစ်ယောက်ရှိတယ်။ သမီးကြီးက လေအာ၊ သမီးငယ်က ရာခေလ။+
၁၇ လေအာက မျက်လုံးမျက်ဖန် မလှဘူး။ ရာခေလကတော့ ရုပ်ရည်လှပပြီး ဆွဲဆောင်မှုရှိတယ်။
၁၈ ယာကုပ်က ရာခေလကို ချစ်မိသွားတော့ “ဦးကြီးရဲ့သမီးငယ် ရာခေလကို ကျွန်တော်နဲ့ပေးစားမယ်ဆိုရင် ခုနစ်နှစ် အလုပ်လုပ်ပေးမယ်” လို့ပြောတယ်။+
၁၉ လာဗန်က “ငါ့သမီးကို တခြားလူနဲ့ပေးစားတာထက် မင်းနဲ့ပေးစားတာ ပိုကောင်းတာပေါ့။ ငါ့ဆီမှာ ဆက်နေ” လို့ပြောတယ်။
၂၀ ဒါနဲ့ ယာကုပ်က ရာခေလကိုရဖို့ ခုနစ်နှစ် အလုပ်လုပ်တယ်။+ ရာခေလကို ချစ်လွန်းတော့ ခုနစ်နှစ်ဆိုတဲ့အချိန်ဟာ သူ့အတွက် ခဏလေးလိုပဲ။
၂၁ နောက်တော့ ယာကုပ်က “ကျွန်တော် အလုပ်လုပ်တဲ့ရက် စေ့သွားပြီ။ ကျွန်တော့်မိန်းမကို ပေးပါတော့။ သူနဲ့အတူ နေပါရစေ” လို့ပြောတယ်။
၂၂ လာဗန်လည်း မြို့သားအားလုံးကို ခေါ်ပြီး စားသောက်ပွဲ လုပ်တယ်။
၂၃ ညရောက်တော့ အခွင့်ကောင်းယူပြီး သမီးလေအာကို ယာကုပ်ဆီ ခေါ်လာတယ်။ ယာကုပ်လည်း သူနဲ့အတူ အိပ်တယ်။
၂၄ လာဗန်က ကျွန်မဇိလပကို လေအာအတွက် လက်ဖွဲ့တယ်။+
၂၅ မိုးလင်းတော့ လေအာဖြစ်နေမှန်း ယာကုပ် သိသွားတဲ့အခါ “ဦးကြီး ဘယ်လိုလုပ်လိုက်တာလဲ။ ရာခေလကို ရချင်လို့ ဦးကြီးဆီမှာ အလုပ်လုပ်တာပါ။ ကျွန်တော့်ကို ဘာလို့ လှည့်စားရတာလဲ” ဆိုပြီး လာဗန်ကို ပြောတယ်။+
၂၆ လာဗန်ကလည်း “ငါတို့ဒေသမှာ သမီးကြီးကို မပေးစားခင် သမီးငယ်ကို ပေးစားရိုးထုံးစံ မရှိဘူး။
၂၇ လေအာနဲ့အတူ တစ်ပတ်လောက် ပွဲခံလိုက်ပါဦး။ ငါ့ဆီမှာ နောက်ထပ်ခုနစ်နှစ် အလုပ်လုပ်မယ်ဆိုရင် သမီးငယ်နဲ့ ပေးစားမယ်” လို့ပြောတယ်။+
၂၈ ယာကုပ်က သဘောတူပြီး လေအာနဲ့အတူ တစ်ပတ်လောက် ပွဲခံတယ်။ ပြီးနောက် လာဗန်က ယာကုပ်ကို သမီးရာခေလနဲ့ ပေးစားတယ်။
၂၉ ကျွန်မဗိလဟာကို+ ရာခေလအတွက် လက်ဖွဲ့တယ်။
၃၀ ယာကုပ်က ရာခေလနဲ့ အိပ်တယ်။ လေအာထက် ရာခေလကို ပိုချစ်တော့ လာဗန်ဆီမှာ နောက်ထပ်ခုနစ်နှစ် အလုပ်လုပ်တယ်။+
၃၁ လေအာ အချစ်မခံရမှန်း ယေဟောဝါမြင်တဲ့အခါ သူ့ကို သားသမီးထွန်းကားစေတယ်။+ ရာခေလကတော့ မြုံနေတယ်။+
၃၂ လေအာမှာ ကိုယ်ဝန်ရှိလာပြီး သားလေးမွေးတော့ “ငါ့ဒုက္ခကို ယေဟောဝါဘုရား မြင်တယ်။+ အခု ငါ့ယောက်ျား ငါ့ကို ချစ်တော့မှာပါ” ဆိုပြီး ကလေးကို ရုဗင်*+ လို့နာမည်ပေးတယ်။
၃၃ ကိုယ်ဝန်ထပ်ရပြီး သားလေးမွေးလာတော့ “ငါအချစ်မခံရဘူးဆိုတာ ယေဟောဝါကြားလို့ ဒီသားကို ထပ်ပေးတာပဲ” ဆိုပြီး ကလေးကို ရှိမောင်*+ လို့နာမည်ပေးတယ်။
၃၄ နောက်ထပ် ကိုယ်ဝန်ရပြီး သားလေးမွေးလာတယ်။ “သားသုံးယောက်တောင် မွေးပေးပြီဆိုမှတော့ ဒီတစ်ခါ ငါ့ယောက်ျားက ငါ့ကို ပိုပြီးတွယ်တာလာမှာပဲ” ဆိုပြီး ကလေးကို လေဝိ*+ လို့နာမည်ပေးတယ်။
၃၅ နောက်ထပ် ကိုယ်ဝန်ရှိလာပြီး သားလေးမွေးတဲ့အခါ “အခု ယေဟောဝါကို ငါချီးမွမ်းမယ်” ဆိုပြီး ကလေးကို ယုဒ*+ လို့နာမည်ပေးတယ်။ အဲဒီနောက် သားသမီး မထွန်းကားတော့ဘူး။