ဟယ်လိုဝိန်းပွဲအကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ။
သမ္မာကျမ်းစာဖြေဆိုရာ
ဟယ်လိုဝိန်းပွဲအကြောင်း သမ္မာကျမ်းစာမှာ ဘာမှမပြောထားပါဘူး။ ဒါပေမဲ့ ဟယ်လိုဝိန်းပွဲရဲ့ နောက်ခံနဲ့ အခုခေတ် ဓလေ့ထုံးစံတွေအရ ဒီပွဲဟာ လူသေတွေ၊ မမြင်နိုင်တဲ့ ဝိညာဉ် တစ်နည်းအားဖြင့် နတ်ဆိုးတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ယုံကြည်ချက်တွေအပေါ် အခြေခံထားတယ်ဆိုတာ သိရပါတယ်။—“ဟယ်လိုဝိန်းပွဲရဲ့ နောက်ခံနဲ့ ဓလေ့ထုံးစံများ” ကိုကြည့်ပါ။
‘သင်တို့တွင် နတ်ဆိုးနှင့်ပေါင်းသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှမရှိရ’ လို့ သမ္မာကျမ်းစာမှာ သတိပေးထားတယ်။ (တရားဟောရာ ၁၈:၁၀-၁၂) တချို့က ဟယ်လိုဝိန်းပွဲကို အန္တရာယ်ကင်းတဲ့ ပျော်ရွှင်မှုတစ်ခုလို့ မြင်ကြပေမဲ့ အဲဒီပွဲတွေနဲ့ဆက်နွှယ်နေတဲ့ အလေ့အထတွေက အန္တရာယ်ရှိတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်- “ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် ပါဝင်ဆက်ဆံသူများ မဖြစ်စေလို။ သင်တို့သည် ယေဟောဝါဘုရား၏ခွက်နှင့် နတ်ဆိုးတို့၏ခွက် နှစ်မျိုးလုံးကို မသောက်သုံးနိုင်ကြ။”—၁ ကောရိန္သု ၁၀:၂၀၊ ၂၁။
ဟယ်လိုဝိန်းပွဲရဲ့ နောက်ခံနဲ့ ဓလေ့ထုံးစံများ
ဆန်းဟိန်ပွဲ– “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ကျော်ကတည်းက ကက်လူမျိုးတွေကျင်းပတဲ့ အယူမှားပွဲကနေ” ဟယ်လိုဝိန်းပွဲ ဆင်းသက်လာတယ်လို့ စာအုပ်တစ်အုပ် (The World Book Encyclopedia) မှာ ဖော်ပြထားတယ်။ “အဲဒီအချိန် [အောက်တိုဘာလကုန်ပိုင်းလောက်] မှာ လူသေတွေက သက်ရှိလူတွေကြားထဲမှာ ရှိနိုင်တယ်လို့ ကက်လူမျိုးတွေ ယုံကြည်ကြတယ်။ ဆန်းဟိန်ပွဲတော်ကာလအတွင်း လူတွေဟာ လူသေတွေနဲ့အတူ ပြောဆိုဆက်သွယ်လို့ရတယ်” လို့ အဲဒီစာအုပ်က ဆက်ဖော်ပြထားတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာတော့ “သေသောသူမူကား အဘယ်အရာကိုမျှမသိ” လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ (ဒေသနာ ၉:၅) ဒါကြောင့် သေဆုံးသွားသူတွေဟာ အသက်ရှင်တဲ့သူတွေနဲ့ မဆက်သွယ်နိုင်ပါဘူး။
ဟယ်လိုဝိန်းဝတ်စုံ၊ သကြားလုံးနဲ့ ဓလေ့ထုံးစံများ– စာအုပ်တစ်အုပ်အရ (Halloween
—An American Holiday, An American History) ကက်လူမျိုးတချို့က တစ္ဆေသရဲတွေလို ဝတ်ဆင်ကြတယ်။ နတ်ဆိုးတွေက သူတို့လိုဝိညာဉ်တွေပဲလို့ ထင်မှတ်သွားပြီး ဘာမှမလုပ်ဘဲ ထွက်သွားစေဖို့ အဲဒီလိုဝတ်တာဖြစ်တယ်။ တချို့ကျတော့ နတ်ဆိုးတွေနဲ့ သင့်မြတ်ဖို့ သကြားလုံးတွေ ပေးကြတယ်။ အလယ်ခေတ်က ဥရောပမှာရှိတဲ့ ကက်သလစ် ဘုန်းတော်ကြီးတွေက ဒေသခံတွေရဲ့ အယူမှားဓလေ့ထုံးစံတွေကို လက်ခံခဲ့ကြတယ်။ သူတို့ အသင်းသားတွေကို ဟယ်လိုဝိန်းဝတ်စုံတွေ ဝတ်ဆင်စေပြီး တစ်အိမ်ပြီးတစ်အိမ် လက်ဆောင်တွေ လိုက်တောင်းခံစေခဲ့တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာ ဘုရားသခင်ကို ဝတ်ပြုတဲ့အခါ အယူမှားဓလေ့ထုံးစံတွေကို အသုံးမပြုဖို့ တားမြစ်ထားတယ်။—၂ ကောရိန္သု ၆:၁၇။ သွေးစုပ်ဖုတ်ကောင်၊ လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း၊ စုန်း၊ ဖုတ်ကောင်များ– ဒါတွေက နတ်ဆိုးလောကနဲ့ ဆက်နွှယ်တဲ့အရာတွေ ဖြစ်တယ်။ (Halloween Trivia စာအုပ်) နတ်ဆိုးတွေနဲ့ ပွဲလုပ်ဖို့မဟုတ်ဘဲ သူတို့ကို ဆန့်ကျင်တိုက်လှန်ဖို့ သမ္မာကျမ်းစာမှာ ပြတ်ပြတ်သားသား သတိပေးထားတယ်။—ဧဖက် ၆:၁၂။
ဟယ်လိုဝိန်း ရွှေဖရုံသီး။ စာအုပ်တစ်အုပ်အရ အလယ်ခေတ်က ဗြိတိန်လူမျိုးတချို့က တစ်အိမ်ပြီးတစ်အိမ် သွားကြပြီး လူသေတွေကို ဆုတောင်းပေးဖို့ အစားအစာတွေတောင်းကြတယ်။ အဲဒီလိုသွားတဲ့အခါ မုန်လာဥအကြီးစားတစ်မျိုးကို ပုံထွင်းပြီး အထဲမှာ ဖယောင်းတိုင်ထွန်းထားတဲ့ မီးအိမ်တွေ ကိုင်သွားကြတယ်။ အဲဒီဖယောင်းတိုင်က ငရဲကလေးမှာ ပိတ်မိနေတဲ့ ဝိညာဉ်ကိုကိုယ်စားပြုတယ်။ (Halloween
—From Pagan Ritual to Party Night) ဖယောင်းတိုင်ထွန်းတာက နတ်ဆိုးတွေကို နှင်ထုတ်ဖို့ဖြစ်တယ်လို့လည်း တချို့ဆိုကြတယ်။ အေဒီ ၁၈၀၀ ပြည့်လွန်နှစ်အတွင်း မြောက်အမေရိကတိုက်မှာ မုန်လာဥအစား ပေါများပြီး အပေါက်ဖောက် ပုံဖော်လို့ကောင်းတဲ့ ရွှေဖရုံသီးတွေကို အစားထိုး အသုံးပြုလာကြတယ်။ ဒီဓလေ့ထုံးစံရဲ့ နောက်ကွယ်ကယုံကြည်ချက်တွေဖြစ်တဲ့ ဝိညာဉ်၊ ငရဲကလေး၊ သေဆုံးသူတွေအတွက် ဆုတောင်းပေးမှု စတာတွေက သမ္မာကျမ်းစာ သွန်သင်ချက်နဲ့ မကိုက်ညီပါဘူး။—ယေဇကျေလ ၁၈:၄။
ထပ်လေ့လာ
သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
ပွဲနေ့များကို ကျင်းပသင့်သလား
သင်နေထိုင်တဲ့ဒေသမှာ ရေပန်းစားတဲ့ ပွဲနေ့များစွာဟာ ဘယ်ကနေမြစ်ဖျားခံသလဲ။ အဖြေကိုသိရင် သင်အံ့သြသွားနိုင်တယ်။
