မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ရှမွေလ ၁၁:၁-၂၇

မာတိကာ

  • ဒါဝိဒ်​နဲ့​ဗာ​သရှေ​ဘ ဖောက်​ပြန် (၁-၁၃)

  • ဥ​ရိ​ယ​ကို ဒါဝိဒ် သေကြောင်း​ကြံ (၁၄-၂၅)

  • ဗာ​သရှေ​ဘ​ကို သိမ်း​ပိုက် (၂၆၊ ၂၇)

၁၁  နှစ်​ဆန်း​ပိုင်း​မှာ ဘုရင်​တွေ စစ်​တိုက်​ထွက်​ချိန်​ရောက်​တဲ့​အခါ ဒါဝိဒ်​က ယွာဘ​နဲ့ သူ့​စစ်​သည်​တွေ​ကို အစ္စရေး​တပ်​မကြီး​နဲ့​အတူ စေ​လွှတ်​ပြီး အမ္မုန်​လူမျိုး​ကို နှိမ်​နင်း​ခိုင်း​တယ်။ ဒါ​နဲ့ သူတို့​က ရ​ဗာ​မြို့​ကို ဝိုင်း​ထား​ကြ​တယ်။+ ဒါဝိဒ်​က​တော့ ဂျေရု​ဆ​လင်​မြို့​မှာ နေ​ရစ်​ခဲ့​တယ်။+ ၂  တစ်​ည​နေ​ခင်း​မှာ ဒါဝိဒ်​ဟာ အိပ်​ရာ​က​နေ​ထ​ပြီး နန်း​တော်​အမိုး​ပေါ်​မှာ လမ်း​လျှောက်​နေ​တယ်။  အဲဒီ​အချိန်​မှာ အင်​မတန်​လှ​တဲ့ အမျိုး​သမီး​တစ်​ယောက် ရေ​ချိုး​နေ​တာ​ကို လှမ်း​တွေ့​လိုက်​တယ်။ ၃  လူ​လွှတ်​ပြီး စုံ​စမ်း​ခိုင်း​တော့ “ဧ​လျံ​ရဲ့​သမီး၊+ ဟိ​တ္တိ​လူ+ ဥရိယရဲ့+ ဇနီး ဗာ​သရှေ​ဘ”+ ဖြစ်​နေ​မှန်း  သိ​လိုက်​ရ​တယ်။ ၄  ဒါ​နဲ့ တ​မန်​တွေ​လွှတ်​ပြီး ဗာ​သရှေ​ဘ​ကို ဆင့်​ခေါ်​တယ်။+ ရောက်​လာ​တဲ့​အခါ သူ​နဲ့​အတူ​အိပ်​တယ်။+ (ဗာ​သရှေ​ဘ​က မသန့်​ရှင်း​ချိန်* ပြီး​သွား​လို့ သန့်​ရှင်း​အောင်​လုပ်​နေ​ချိန်​အတွင်း  အဲဒီ​လို​ဖြစ်​ခဲ့​တာ။)+ အဲ​ဒီ​နောက် သူ​အိမ်​ပြန်​သွား​တယ်။ ၅  ဗာ​သရှေ​ဘ​မှာ ကိုယ်​ဝန်​ရှိ​လာ​တော့ ဒါဝိဒ်​ဆီ လူ​လွှတ်​ပြီး “ကျွန်​မ​မှာ ကိုယ်​ဝန်​ရှိ​နေ​ပြီ” လို့ စကား​ပါး​တယ်။ ၆  ဒါ​နဲ့ ဒါဝိဒ်​က လူ​လွှတ်​ပြီး “ဟိ​တ္တိ​လူ ဥရိယ​ကို ငါ့​ဆီ ပြန်​လာ​ခိုင်း​ပါ” လို့​မှာ​တဲ့​အတွက် ယွာဘ​က ဥရိယ​ကို ဒါဝိဒ်​ဆီ ပြန်​ခိုင်း​တယ်။ ၇  ဥရိယ​ရောက်​လာ​တဲ့​အခါ ဒါဝိဒ်​က ယွာဘ​နဲ့ စစ်​သည်​တွေ အဆင်​ပြေကြ​ရဲ့​လား၊ တိုက်​ပွဲ​အခြေ​အနေ ဘယ်​လို​လဲ​စ​သဖြင့် အကျိုး​အကြောင်း မေး​ပြီး​နောက်၊ ၈  “မင်း အိမ်​ပြန်​ပြီး အေး​အေး​ဆေး​ဆေး နား​လိုက်​ဦး” လို့​ပြော​တယ်။ နန်း​တော်​က​နေ ဥရိယ​ထွက်​သွား​တဲ့​အခါ လက်​ဆောင်​ကို​ပါ* ပို့​ပေး​လိုက်​တယ်။ ၉  ဒါ​ပေမဲ့ ဥရိယ​က အိမ်​မပြန်​ဘဲ မင်း​မှု​ထမ်း​တွေ​နဲ့​အတူ နန်း​တော်​တံခါး​ဝ​မှာပဲ အိပ်​တယ်။ ၁၀  “ဥရိယ အိမ်​မပြန်​ဘူး” ဆို​တဲ့​သတင်း​ကို ဒါဝိဒ်​ကြား​တဲ့​အခါ “ခ​ရီး​ဝေး​က​နေ အခု​မှ ပြန်​လာ​တာ မဟုတ်​လား။ ဘာ​လို့ အိမ်​မပြန်​တာ​လဲ” ဆို​ပြီး​မေး​တယ်။ ၁၁  ဥရိယ​က​ “အစ္စရေး​တွေ​နဲ့ ယုဒ​စစ်​သည်​တွေ ယာ​ယီ​တဲ​တွေ​မှာ နေ​ရ​တဲ့​အပြင် သေတ္တာ​တော်က+ သူတို့​နဲ့​အတူ ရှိ​နေ​တယ်။ ကျွန်တော့်​သခင်​ယွာဘ​နဲ့ စစ်​သည်​တွေ​လည်း လွင်​ပြင်​မှာ တပ်​ချ​နေ​ကြ​တယ်။ ဒီလို​အချိန်​မျိုး​မှာ ကျွန်​တော်​က စား​သောက်​ပြီး မိန်း​မနဲ့​အိပ်​ဖို့+ အိမ်​ပြန်​ရ​မှာ​လား။ အသက်​ရှင်​နေ​တဲ့ မင်း​ကြီး​ကို​တိုင်​တည်​ပြီး ပြော​ပါ့​မယ်။ ကျွန်​တော် အဲဒီ​လို​မလုပ်​နိုင်​ပါ​ဘူး” လို့ ပြန်​လျှောက်​တယ်။ ၁၂  ဒါဝိဒ်​က “ဒါ​ဆို​လည်း ဒီ​နေ့ နား​လိုက်​ဦး။ မနက်​ဖြန်​ကျ​မှ မင်း​ကို ငါ​ပြန်​လွှတ်​မယ်” လို့​ပြော​တဲ့​အတွက် ဥရိယ​က ဂျေရု​ဆ​လင်​မြို့​မှာ နောက်​တစ်​ရက် ဆက်​နေ​တယ်။ ၁၃  ဒါဝိဒ်​က ဥရိယ​ကို အခေါ်​လွှတ်​ပြီး အတူ​သောက်​စား​ရင်း မူး​တဲ့​အထိ တိုက်​လိုက်​တယ်။ ည​နေ​ခင်း​ရောက်​တော့ ဥရိယ​က ထွက်​သွား​ပေမဲ့ အိမ်​မပြန်​ဘဲ မင်း​မှု​ထမ်း​တွေ​နဲ့​ပဲ အိပ်​တယ်။ ၁၄  မနက်​ရောက်​တော့ ဒါဝိဒ်​က ယွာဘ​ဆီ စာ​တစ်​စောင်​ရေး​ပြီး ဥရိယ​နဲ့ ပါး​လိုက်​တယ်။ ၁၅  စာ​ထဲ​မှာ “ဥရိယ​ကို တိုက်​ပွဲ​အပြင်း​ထန်​ဆုံး ရှေ့​တန်း​စစ်​မျက်​နှာ​ဆီ ပို့​လိုက်။ အဲဒီ​မှာ သူ့​ကို ထား​ရစ်​ခဲ့​ပြီး တပ်​ခေါက်​လိုက်။ ရန်​သူ့​လက်​ချက်​နဲ့ ကျ​ဆုံး​သွား​ပါ​စေ”+ လို့​ရေး​ထား​တယ်။ ၁၆  ယွာဘ​က မြို့​ကို သေသေချာ​ချာ စောင့်​ကြည့်​ထား​တဲ့​အတွက် ဘယ်​နေ​ရာ​မှာ ခွန်​အား​ကြီး​ စစ်​သည်​တွေ​ ရှိမှန်း သိ​နေ​တယ်။ အဲဒီ​နေ​ရာ​မှာ ဥရိယ​ကို ထား​လိုက်​တယ်။ ၁၇  မြို့​သား​တွေ ထွက်​တိုက်​တဲ့​အခါ ဒါဝိဒ်​ရဲ့​စစ်​သည်​ တချို့ ကျ​ဆုံး​သွား​ပြီး ဟိ​တ္တိ​လူ ဥရိယ​လည်း ပါ​သွား​တယ်။+ ၁၈  ယွာဘ​က တိုက်​ပွဲ​အကြောင်း ဒါဝိဒ်​ဆီ သတင်း​ပို့တယ်။ ၁၉  တ​မန်​ကို  “တိုက်​ပွဲ​အကြောင်း  မင်း​အစီရင်​ခံ​ပြီး​တဲ့​အခါ၊ ၂၀  မင်း​ကြီး​က ဒေါသ​ထွက်​ပြီး ‘မြို့​နား​ကို ဘာ​လို့ ဒီ​လောက်​ထိ ကပ်​ပြီး​တိုက်​ရ​တာ​လဲ။ မြို့​ရိုး​ပေါ်​က​နေ ရန်​သူ​ပစ်​ခတ်​မယ်​ဆို​တာ မသိ​ဘူး​လား။ ၂၁  ယေ​ရု​ဗေ​ရှက်​ရဲ့​သား+  အဘိ​မလက်​ကို+ ဘယ်​သူ​သတ်​ပစ်​ခဲ့​သလဲ။ သေဗက်​မြို့​ကို တိုက်​တုန်း​က မြို့​ရိုး​ပေါ်​က​နေ အပေါ်​ကြိတ်​ဆုံ​ကျောက်​ကို အမျိုး​သမီး​တစ်​ယောက် ပစ်​ချ​လိုက်​လို့ သူ​သေခဲ့​ရ​တယ် မဟုတ်​လား။ မြို့​ရိုး​နား​ကို ဘာ​လို့ ဒီ​လောက်​ထိ ကပ်​သွား​ရ​တာ​လဲ’ လို့​ပြော​လာ​ရင် ‘ဟိ​တ္တိ​လူ ဥရိယ​လည်း ကျ​ဆုံး​သွား​ပါ​တယ်’  လို့​ ပြန်​လျှောက်​တင်​လိုက်” ဆို​ပြီး​မှာ​တယ်။ ၂၂  တ​မန်​လည်း ဒါဝိဒ်​ဆီ ရောက်​လာ​တဲ့​အခါ ယွာဘ​မှာ​တဲ့​အတိုင်း​အစီရင်​ခံ​တယ်– ၂၃  “ရန်​သူ​တွေ အင်​အား​ပို​များ​တယ်။ လွင်​ပြင်​ကို ထွက်​လာ​ပြီး ကျွန်​တော်​တို့​ကို တိုက်​တာ။ ကျွန်​တော်​တို့​လည်း ရန်​သူ​တွေ​ကို မြို့​တံခါး​အထိ ပြန်​တိုက်​ပါ​တယ်။ ၂၄  ဒါ​ပေမဲ့ လေး​သမား​တွေ​က မြို့​ရိုး​ပေါ်​က​နေ မြား​နဲ့​လှမ်း​ပစ်​လို့ စစ်​သည်​တ​ချို့ ကျ​ဆုံး​ကုန်​တယ်။ မင်း​ကြီး​ရဲ့​အမှု​ထမ်း ဟိ​တ္တိ​လူ ဥရိယ​လည်း ကျ​ဆုံး​သွား​ပါ​တယ်”+ လို့ လျှောက်​တင်​တယ်။ ၂၅  အဲဒီ​အခါ ဒါဝိဒ်​က “‘ဒီ​ကိစ္စ​ကြောင့် စိတ်​မပျက်​နဲ့။ တိုက်​ပွဲ​မှာ ဘယ်​သူ​မဆို ကျ​ဆုံး​နိုင်​တာ​ပဲ။ မြို့​ကို​သာ ဖိ​တိုက်​ပြီး သိမ်း​လိုက်​ပါ’+ လို့ ယွာဘ​ကို ပြော​လိုက်။ မင်း​လည်း သူ့ကို အား​ပေး​လိုက်​ဦး” လို့ တ​မန်​ကို ပြော​တယ်။ ၂၆  ဗာ​သရှေ​ဘ​က ခင်​ပွန်း​ဥရိယ ကျ​ဆုံး​တာ​ကို​ကြား​တော့ ငို​ကြွေး​မြည်​တမ်း​တော့​တယ်။ ၂၇  ညည်း​တွား​ငို​ကြွေး​ချိန် ပြီး​သွား​တာ​နဲ့ ဒါဝိဒ်​က လူ​လွှတ်​ပြီး နန်း​တော်​ထဲ ခေါ်​လာ​ခိုင်း​တယ်။ သူ​က ဒါဝိဒ်​ရဲ့​မိ​ဖု​ရား ဖြစ်​လာ​ပြီး+ သား​လေး​မွေး​တယ်။ ဒါဝိဒ်​ရဲ့​လုပ်​ရပ်​ကို ယေဟောဝါ လုံး​ဝ​မနှစ်​သက်​ဘူး။+

အောက်ခြေမှတ်ချက်များ

ဓမ္မ​တာ​လာ​ချိန်​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ဘု​ရင့်​ဝေ​စု။” အထူး​ဧည့်​သည်​အတွက် အိမ်​ရှင်​ပို့​လိုက်​တဲ့ ဝေ​စု။