မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ရှမွေလ ၁၉:၁-၂၄

မာတိကာ

  • ရှောလု ဒါဝိဒ်​ကို မုန်း​တီး​နေ​ဆဲ (၁-၁၃)

  • ရှောလု​ရန်​က​နေ ဒါဝိဒ် လွတ်​မြောက် (၁၄-၂၄)

၁၉  နောက်​တော့ ရှောလု​က ဒါဝိဒ်​ကို သတ်​မယ့်​အကြောင်း သား​ယောန​သန်​နဲ့ မင်း​မှု​ထမ်း​တွေ​ကို ပြော​ပြတယ်။+ ၂  ရှောလု​ရဲ့​သား ယောန​သန်​က ဒါဝိဒ်​ကို သိပ်​ချစ်​တယ်။+ ဒါ​ကြောင့် “ခမည်း​တော်​ရှောလု​က မင်း​ကို သတ်​ချင်​နေ​တယ်။ ဒီ​တော့ မနက်​ကျ​ရင် သတိ​နဲ့​နေ​ပြီး တစ်​နေ​ရာ​မှာ ပုန်း​နေ​လိုက်။ ၃  မင်း​ပုန်း​နေ​တဲ့ တော​ထဲ​ကို ငါ​ထွက်​လာ​မယ်။ ခမည်း​တော်​အနား ရပ်​ပြီး မင်း​အကြောင်း လျှောက်​တင်​ကြည့်​မယ်။ တစ်​ခု​ခု​ထူး​ရင် မင်း​ကို အသိ​ပေး​မယ်​ဆို​တာ  စိတ်​ချ​ပါ”+ လို့ မှာ​တယ်။ ၄  ယောန​သန်​က ခမည်း​တော်​ရှောလု​ကို ဒါဝိဒ်​ရဲ့ ကောင်း​ကြောင်း​တွေ ပြော​ပြီး+ “အရှင်​မင်း​ကြီး၊ မင်း​ကြီး​ရဲ့​အမှု​ထမ်း​ဒါဝိဒ်​ကို မပြစ်​မှား​ပါ​နဲ့။ သူ​က မင်း​ကြီး​ကို မပြစ်​မှား​တဲ့​အပြင် မင်း​ကြီး​ရဲ့​ကောင်း​ကျိုး​အတွက် အများ​ကြီး လုပ်​ဆောင်​ခဲ့​ပါ​တယ်။ ၅  သူ့​အ​သက်​ကို ရင်း​ပြီး ဖိ​လိ​တိ​လူ​ကို သတ်​ခဲ့လို့+ ယေဟောဝါ​ဘုရား​က အစ္စရေး​တွေ​ကို အကြီး​အကျယ် အောင်​ပွဲ​ခံ​စေ​ခဲ့​တာ​ပဲ။ ဒါ​ကို မင်း​ကြီး​မြင်​ပြီး ဝမ်း​မြောက်​ဝမ်း​သာ ဖြစ်​ခဲ့​တယ် မဟုတ်​လား။ ဒါ​တောင် သူ့​ကို ဘာ​ကြောင့် အကြောင်း​မဲ့ သတ်​ချင်​ရ​တာ​လဲ။ အပြစ်​မဲ့​သူ​ကို ဘာ​ကြောင့် ပြစ်​မှား​ချင်​ရ​တာ​လဲ”+ လို့​ လျှောက်​တင်​တယ်။ ၆  ရှောလု​လည်း ယောန​သန် လျှောက်​တင်​တာ​ကို နား​ထောင်​ပြီး​ “ဒါဝိဒ်​ကို မသတ်​တော့​ပါ​ဘူး​လို့ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​တယ်” ဆို​ပြီး ကတိ​ပေး​တယ်။ ၇  ဒါ​ကြောင့် ယောန​သန်​က ဒါဝိဒ်​ကို​ခေါ်၊ အကြောင်း​စုံ​ပြော​ပြပြီး ရှောလု​ဆီ ခေါ်​လာ​တယ်။ ဒါဝိဒ်​က အရင်​လို​ပဲ ရှောလု​ဆီ​မှာ ဆက်​ပြီး​ခစား​တယ်။+ ၈  နောက်​တစ်​ခါ စစ်​ဖြစ်​တော့ ဒါဝိဒ်​က ဖိ​လိ​တိ​လူ​တွေ​ဆီ ချီ​တက်​သွား​ပြီး အကြီး​အကျယ် တိုက်​ခိုက်​တဲ့​အတွက် သူတို့ ထွက်​ပြေး​ကုန်​တယ်။ ၉  တစ်​နေ့​မှာ ရှောလု​က လှံ​ကိုင်​ပြီး နန်း​တော်​ထဲ​မှာ ထိုင်​နေ​တုန်း သူ့​ရဲ့​မကောင်း​တဲ့​စိတ်​ထား နှောင့်​ယှက်​လာ​တဲ့​အခါ ယေဟောဝါ ခွင့်​ပြု​လိုက်​တယ်။+ ဒါဝိဒ်​က​တော့ စောင်း​တီး​နေ​တယ်။+ ၁၀  ရှောလု​က ဒါဝိဒ်​ကို နံ​ရံ​မှာ​ကပ်​သွား​အောင် လှံ​နဲ့​ပစ်​ပေါက်​လိုက်​တယ်။ ဒါဝိဒ်​ရှောင်​တိမ်း​လိုက်​တဲ့​အတွက် လှံ​က နံ​ရံ​မှာ စိုက်​သွား​တယ်။ အဲဒီ​ည​မှာ ဒါဝိဒ် ထွက်​ပြေး​လွတ်​မြောက်​သွား​တယ်။ ၁၁  ရှောလု​က တ​မန်​တွေ လွှတ်​ပြီး ဒါဝိဒ်​ရဲ့​အိမ်​ကို စောင့်​ကြည့်​ဖို့၊ မနက်​ကျ​ရင် သတ်​ပစ်​ဖို့ မှာ​လိုက်​တယ်။+ ဒါဝိဒ်​ရဲ့​ဇနီး မိ​ခါ​လ​က “ဒီ​ည ရှင် အသက်​လွတ်​အောင် မပြေး​ရင်​တော့ မနက်​ဖြန် သေရ​လိမ့်​မယ်” လို့​ပြော​ပြီး၊ ၁၂  ချက်​ချင်း​ပဲ ပြတင်း​ပေါက်​က​နေ လျှော​ချ​ပေး​လိုက်​တဲ့​အတွက် ဒါဝိဒ် ထွက်​ပြေး​လွတ်​မြောက်​သွား​တယ်။ ၁၃  အဲဒီ​နောက် မိ​ခါ​လ​က တေ​ရပ်​ရုပ်​တု​ကို* ယူ​ပြီး ခု​တင်​ပေါ် တင်​ထား​တယ်။ ဦး​ခေါင်း​ပိုင်း​ကို ဆိတ်​မွေး​ထည်​နဲ့​အုပ်​ပြီး ကိုယ်​ထည်​ပိုင်း​ကို​တော့ အဝတ်​နဲ့ ဖုံး​ထား​လိုက်​တယ်။ ၁၄  ဒါဝိဒ်​ကို​ဖမ်း​ဖို့ ရှောလု​လွှတ်​လိုက်​တဲ့ တ​မန်​တွေ ရောက်​လာ​တဲ့​အခါ မိ​ခါ​လ​က “သူ နေ​မကောင်း​ဘူး” လို့​ပြော​တယ်။ ၁၅  ရှောလု​က တ​မန်​တွေ ထပ်​လွှတ်​ပြီး “ဒါဝိဒ်​ကို ခု​တင်​နဲ့​တစ်​ပါ​တည်း ခေါ်​လာခဲ့။ ငါ​သတ်​ပစ်​မယ်”+ လို့​မှာ​တယ်။ ၁၆  တ​မန်​တွေ ဝင်​လာ​တော့ ခု​တင်​ပေါ်​မှာ တေ​ရပ်​ရုပ်​တု​ကို​ပဲ တွေ့​ရ​တယ်။ ရုပ်​တု​ရဲ့ ဦး​ခေါင်း​ပိုင်း​ကို ဆိတ်​မွေး​ထည်​နဲ့ အုပ်​ထား​တယ်။ ၁၇  ရှောလု​က “ငါ့​ကို ဘာ​ကြောင့် ဒီ​လို​လှည့်​စား​ရ​တာ​လဲ။ နင်​လွှတ်​ပေး​လိုက်​လို့ ငါ့​ရန်​သူ လွတ်​သွား​ပြီ”+ လို့​ပြော​တဲ့​အခါ မိ​ခါ​လ​က “‘ငါ့​ကို​လွှတ်​ပေး။ မလွှတ်​ပေး​ရင် သတ်​ပစ်​မယ်’ လို့ သူ​ခြိမ်း​ခြောက်​လို့​ပါ” ဆို​ပြီး ဖြေတယ်။ ၁၈  ဒါဝိဒ်​က​တော့ ထွက်​ပြေး​လွတ်​မြောက်​သွား​ပြီး ရှ​မွေ​လ​ရှိ​တဲ့ ရာ​မ​မြို့ကို ရောက်​လာ​တယ်။+ သူ့​ကို ရှောလု​ဘာ​လုပ်​ခဲ့​တယ်​ဆို​တာ ရှ​မွေ​လ​ကို အကြောင်း​စုံ ပြော​ပြလိုက်​တယ်။ အဲ​ဒီ​နောက် ရှ​မွေ​လ​နဲ့​အတူ ထွက်​သွား​ပြီး  နာ​ယုတ်​ရွာ​မှာ​  နေ​ကြ​တယ်။+ ၁၉  နောက်​တော့ “ရာမ​မြို့၊ နာယုတ်​ရွာ​မှာ ဒါဝိဒ်​ရှိ​နေ​တယ်” ဆို​တဲ့​သတင်း​ ရှောလု​ဆီ ရောက်​လာ​တယ်။ ၂၀  ရှောလု​လည်း ချက်​ချင်း​ပဲ ဒါဝိဒ်​ကို​ဖမ်း​ဖို့ တ​မန်​တွေ လွှတ်​လိုက်​တယ်။ တ​မန်​တွေ​က သက်​ကြီး​ပရော​ဖက်​တွေ ပရော​ဖက်​ပြု​နေ​တာ၊ သူတို့​ကို ရှ​မွေ​လ ဦး​ဆောင်​နေ​တာ​ကို မြင်​တယ်။ အဲဒီ​အခါ တ​မန်​တွေ​အပေါ် ဘုရား​သခင်​ရဲ့ စွမ်းအား​တော် သက်​ရောက်​လာ​ပြီး သူတို့​လည်း ပရော​ဖက်​တွေ​လို ပြု​မူ​ကြ​တော့​တယ်။ ၂၁  ရှောလု​က အဲဒီ​သတင်း​ကို ရ​တဲ့​အခါ ချက်​ချင်း​ပဲ တ​မန်​တွေ ထပ်​လွှတ်​လိုက်​တယ်။ သူတို့​လည်း ပရော​ဖက်​တွေ​လို ပြု​မူ​ကြ​တယ်။ ဒါ​နဲ့ ရှောလု​က တ​မန်​တွေ​ကို တ​တိ​ယ​အကြိမ် လွှတ်​ပြန်​တယ်။ သူတို့​လည်း ပရော​ဖက်​တွေ​လို ပြု​မူ​ကြ​တယ်။ ၂၂  နောက်​ဆုံး​တော့ သူ​ကိုယ်​တိုင် ရာ​မမြို့​ကို လိုက်​သွား​တယ်။ စေ​ခု​ရွာ​မှာ​ရှိ​တဲ့ ရေ​လှောင်​ကန်​ကြီး​နား ရောက်​တဲ့​အခါ “ရှ​မွေ​လ​နဲ့ ဒါဝိဒ် ဘယ်​မှာ​လဲ” ဆို​ပြီး​မေး​တော့ “ရာ​မမြို့၊ နာ​ယုတ်​ရွာ​မှာ+ ရှိ​ပါ​တယ်” လို့​ဖြေကြ​တယ်။ ၂၃  ရှောလု​က အဲဒီ​က​နေ ရာ​မမြို့၊ နာ​ယုတ်​ရွာ​ကို ဆက်​သွား​တဲ့​အခါ သူ့​အပေါ်​ကို​လည်း ဘုရား​သခင်​ရဲ့ စွမ်းအား​တော် သက်​ရောက်​လာ​တဲ့​အတွက် ရာ​မမြို့၊ နာ​ယုတ်​ရွာ​ကို ရောက်​တဲ့​အထိ တစ်​လမ်း​လုံး ပရော​ဖက်​လို ပြု​မူ​တော့​တယ်။ ၂၄  ရှောလု​က အဝတ်​တွေ ချွတ်​ပြီး ရှ​မွေ​လ​ရှေ့​မှာ ပရော​ဖက်​လို ပြု​မူ​တယ်။ အဲဒီ​တစ်​နေ့​လုံး၊ တစ်​ည​လုံး အတွင်း​အင်္ကျီ​နဲ့​ပဲ* လှဲ​နေ​တယ်။ ဒါ​ကြောင့် “ရှောလု​လည်း ပရော​ဖက်​ပဲ​လား”+ ဆို​တဲ့ ဆို​ရိုး​စကား ပေါ်​လာ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “အဝတ်​မဝတ်​ဘဲ။”