မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟီဘရူး ၁၂:၁-၂၉

မာတိကာ

  • ယုံ​ကြည်​ခြင်း​ကို ပြည့်​ဝ​စေ​သူ ယေရှု (၁-၃)

    • တိမ်​ထု​ကြီး​လို​များ​တဲ့ သက်​သေတွေ ()

  • ယေဟောဝါ ဆုံး​မတာ​ကို မထီ​လေး​စား မလုပ်နဲ့ (၄-၁၁)

  • ကိုယ်​သွား​မယ့်​လမ်း​တွေ​ကို ဖြောင့်​ဖြူး​စေ​ပါ (၁၂-၁၇)

  • ကောင်း​ကင်​ဂျေရု​ဆ​လင်​ဆီ သွား​နေ​ကြ (၁၈-၂၉)

၁၂  တိမ်​ထု​ကြီး​လို​များ​တဲ့  အဲ​ဒီ​သက်သေ​တွေ  ကျွန်​တော်​တို့​ပတ်​လည်​မှာ ရှိ​နေ​တယ်။ ဒါ​ကြောင့် ကျွန်​တော်​တို့​လည်း ဝန်​ပိ​စေ​တဲ့ အရာ​မှန်​သမျှ၊ အလွယ်​တ​ကူ ကျော့​မိ​စေ​တဲ့+ အပြစ်​မှန်​သမျှ​ကို ဖယ်​ရှား​ကြ​စို့။ ရှေ့​မှာ​ရှိ​တဲ့ ပြေး​ပွဲ​ကို ခံ​နိုင်​ရည်​ရှိ​ရှိ ပြေး​ကြ​စို့။+ ၂  ကျွန်​တော်​တို့​ရဲ့  ယုံ​ကြည်​ခြင်း​ကို ပြည့်​ဝ​စေ​သူ ကိုယ်​စား​လှယ်​ချုပ် ယေရှု​ကို+ အာ​ရုံ​စိုက်​ကြည့်​ပြီး ပြေး​ကြ​စို့။ သူ​က  ရှေ့​မှာ​ရှိ​တဲ့ ဝမ်း​မြောက်​စရာ​အကြောင်း​ကြောင့် အရှက်​ခွဲ​ခံ​ရ​တာ​ကို  အရေး​မစိုက်​ဘဲ  ဒုက္ခ​သစ်တိုင်* ပေါ်​မှာ  အသေခံ​ခဲ့​တယ်။ အခု  ဘုရား​သခင့်  ရာဇ​ပလ္လင်ရဲ့  ညာ​ဘက်​မှာ​  ထိုင်​နေ​တယ်။+ ၃  ရန်​လို​စ​ကား​တွေ​ပြော​ပြီး  ကိုယ့်​ကိုယ်​ကိုယ်​ပဲ  ထိ​ခိုက်​စေ​တဲ့ အပြစ်​ကျူး​လွန်​သူ​တွေရဲ့ စကား​ကို+ သည်း​ခံ​ခဲ့​သူ​အကြောင်း အသေအချာ စဉ်း​စား​ကြည့်​ပါ။ ဒါ​ဆို​ရင် ခင်ဗျား​တို့ မော​ပန်း​နွမ်း​နယ်​မှာ မဟုတ်​ဘူး၊ လက်​လျှော့​မှာ မဟုတ်​ဘူး။+ ၄  အပြစ်​ကို  တွန်း​လှန်​တဲ့​အခါ ခင်ဗျား​တို့​ရဲ့​သွေး မြေကျ​တဲ့​အထိ​တော့ မခု​ခံ​ရ​သေး​ပါ​ဘူး။ ၅  အဲ​ဒီ​အပြင် ခင်ဗျား​တို့​ကို သား​တွေ​လို သဘော​ထား​ပြီး​ပြော​ခဲ့​တဲ့ ဒီ​စ​ကား​တွေ​ကို ခင်​ဗျား​တို့ လုံးဝ​မေ့​သွား​ပြီ– “ငါ့​သား၊  ယေဟောဝါ* ဆုံး​မတာ​ကို မထီ​လေး​စား​မလုပ်​နဲ့။ ပဲ့​ပြင်​ခံ​ရ​တဲ့​အခါ​လည်း စိတ်​မပျက်​နဲ့။ ၆  ယေဟောဝါ​က* ချစ်​ရ​သူ​တွေ​ကို ဆုံး​မတတ်​လို့​ပဲ။ သား​လို သဘော​ထား​သူ​တွေ​ကို ဒဏ်​ပေး​တတ်​လို့​ပဲ။”+ ၇  အခက်​အခဲ​တွေ  ကြုံ​ရ​တဲ့​အခါ ခင်ဗျား​တို့​ကို ဆုံး​မနေ​တာ​လို့* သဘော​ထား​ပြီး ခံ​နိုင်​ရည်​ရှိ​ကြ​ပါ။ ဘု​ရား​သခင်​က ခင်​ဗျား​တို့​ကို သား​တွေ​လို သဘော​ထား​ပြီး ဆက်​ဆံ​တယ်။+ ဖခင်​ဆုံး​မတာ​ကို မခံ​ရ​တဲ့​သား​ဆို​တာ ရှိ​လို့​လား။+ ၈  တ​ခြား​သူ​တွေ ဆုံး​မခံ​ရ​ပြီး ခင်​ဗျား​တို့​ကျ​တော့ မခံ​ရ​ဘူး​ဆို​ရင် ခင်​ဗျား​တို့​ဟာ သား​အရင်းတွေ မဟုတ်​ဘူး။ တ​ရား​ဝင်​လက်​မထပ်​ဘဲ မွေး​လာ​တဲ့​သား​တွေ​ပဲ။ ၉  မွေး​ဖခင်​တွေ​က ကျွန်​တော်​တို့​ကို ဆုံး​မလေ့​ရှိ​တယ်။ ကျွန်​တော်​တို့​က​လည်း မွေး​ဖခင်​တွေ​ကို လေး​စား​တတ်​ကြ​တယ်။ ကျွန်​တော်​တို့​ကို စွမ်း​အား​တော်​နဲ့ မွေး​ဖွား​ပေး​လိုက်​တဲ့ ဖခင်​ကို​ဆို​ရင် ပို​လို့​တောင် လို​လို​လား​လား လက်​အောက်​ခံ​ပြီး  အသက်​ရှင်​သင့်​တယ် မဟုတ်​လား။+ ၁၀  မွေး​ဖခင်​တွေ​က သူ​တို့ မှန်​တယ်​ထင်​တဲ့​အတိုင်း တစ်​ခ​ဏ​သာ ဆုံး​မတတ်​ကြ​တယ်။ ဘု​ရား​သခင်​က​တော့ မိမိ​လို​သန့်​ရှင်း​လာ​နိုင်​အောင် ကျွန်​တော်​တို့​အကျိုး​အတွက်  အမြဲဆုံး​မတတ်​တယ်။+ ၁၁  ဆုံး​မခံ​ရ​ချိန်​မှာ​တော့ မပျော်​ရွှင်​နိုင်​ဘဲ ဝမ်း​နည်း​တတ်​တာ မှန်​ပါ​တယ်။ ဒါ​ပေမဲ့ ဆုံး​မမှု​အား​ဖြင့် လေ့​ကျင့်​ခံ​ရ​သူ​တွေ​ဟာ နောက်​ပိုင်း​မှာ ဖြောင့်​မတ်​စွာ အသက်​ရှင်​တဲ့​အတွက် ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​လိမ့်​မယ်။ ၁၂  ဒါ​ကြောင့်  အား​လျော့​နေ​တဲ့ လက်​တွေ၊ တုန်​ယင်​နေ​တဲ့ ဒူး​တွေ​ကို ခိုင်​ခံ့​စေ​ပါ။+ ၁၃  ကိုယ်​သွား​မယ့်​လမ်း​တွေ​ကို​ အမြဲဖြောင့်​ဖြူး​စေ​ပါ။+ ဒါ​မှ ခြေ​မသန်​တဲ့​သူ​တွေ​ဟာ အဆစ်​လွဲ​သွား​မယ့်​အစား  ပြန်​ကောင်း​လာ​နိုင်​လိမ့်​မယ်။ ၁၄  လူ​အား​လုံး​နဲ့ သင့်မြတ်စွာ​နေ​ဖို့၊+ သန့်​ရှင်း​ခြင်း​ရှိ​ဖို့+ အစွမ်း​ကုန်​ကြိုးစားပါ။  သန့်​ရှင်း​ခြင်း​မရှိ​သူ​ဟာ သခင်​ကို​ မြင်​တွေ့​ ခွင့်​ရ​မှာ မဟုတ်​ဘူး။ ၁၅  ဘုရား​သခင်​ရဲ့  မဟာ​က​ရု​ဏာ​ကို မခံ​စား​ရ​တဲ့​အဖြစ်​မျိုး  မရောက်​အောင် သတိ​ထား​ကြ​ပါ။ သတိ​မထား​ရင် ခင်​ဗျား​တို့​ဆီ​မှာ အဆိပ်​ရှိ​တဲ့​အပင်​ရဲ့ အမြစ်​တွေ ပေါက်​လာ​ပြီး ဒုက္ခ​ပေး​တဲ့​အတွက် လူ​များ​စွာ ညစ်​ညူး​သွား​လိမ့်​မယ်။+ ၁၆  ခင်​ဗျား​တို့​ဆီ​မှာ  လိင်​အကျင့်​ယို​ယွင်း​သူ​တွေ၊* မြင့်မြတ်​တဲ့​အရာ​ကို ဧ​သော​လို တန်​ဖိုး​မထား​သူ​တွေ မရှိ​အောင် သတိ​ထား​ပါ။ ဧသော​က သား​ဦး​အခွင့်​အရေး​ကို တစ်နပ်စာ​နဲ့ လဲ​လှယ်ခဲ့​တယ်။+ ၁၇  နောက်​မှ ကောင်း​ချီး​ရ​ချင်​တဲ့​အခါ သူ ငြင်း​ပယ်​ခံ​ရ​တယ်။ ဖခင် စိတ်​ပြောင်း​လဲ​အောင် ငို​ယို​ပြီး  အသနား​ခံ​ပေမဲ့+ သူ မအောင်​မြင်​ခဲ့​မှန်း ခင်​ဗျား​တို့ သိ​ပါ​တယ်။ ၁၈  ထိ​တွေ့​လို့ရ​တဲ့​တောင်၊+  မီး​လောင်​နေ​တဲ့​တောင်​ဆီ+  ခင်​ဗျား​တို့ သွား​နေ​တာ မဟုတ်​ဘူး။ အဲ​ဒီ​တောင်​မှာ မည်း​မှောင်​တဲ့​တိမ်​ထု၊ အမှောင်​ထု၊ လေ​ပြင်း​မုန်​တိုင်း​တွေ ဖြစ်​ပေါ်​ခဲ့​တယ်။+ ၁၉  တံ​ပိုး​မှုတ်​သံ၊+  စကား​သံ​တွေ+ ထွက်​ပေါ်​ခဲ့​တယ်။ ကြား​တဲ့​သူ​တွေက သူ​တို့​ကို  ဆက်​မပြော​ပါ​နဲ့​တော့လို့ အသနား​ခံ​ခဲ့​တယ်။+ ၂၀  “တိရစ္ဆာန်​ဖြစ်​နေ​ရင်​တောင်​မှ တောင်​ခြေ​နား ကပ်​လာရင်  ကျောက်​ခဲ​နဲ့  ပေါက်​သတ်​ရ​မယ်”+  ဆို​တဲ့​အမိန့်​ကို  သူ​တို့  သိပ်​ကြောက်​ခဲ့​တယ်။ ၂၁  မြင်​လိုက်​ရ​တဲ့​မြင်​ကွင်း​က  ကြောက်​စ​ရာ​ကောင်း​လွန်း​တော့  မော​ရှေ​က  “ကျွန်​တော့်​မှာ ကြောက်​ပြီး တုန်​နေ​တာ​ပဲ”+ လို့​ပြော​ခဲ့​တယ်။ ၂၂  ခင်​ဗျား​တို့​ကျ​တော့ ဇိအုန်​တောင်​ဆီ၊+ အသက်​ရှင်​နေတဲ့ ဘုရား​သခင်​ရဲ့ မြို့​တော်​ဖြစ်​တဲ့ ကောင်း​ကင်​ဂျေရု​ဆ​လင်​ဆီ၊+  ကောင်း​ကင်​တမန်​အမြောက်​အမြား​  စည်း​ဝေး​တဲ့​နေ​ရာ​ဆီ၊+ ၂၃  ကောင်း​ကင်​မှာ စာရင်း​ဝင်​တဲ့  သား​ဦးတွေရဲ့  အသင်း​တော်​ဆီ၊ အား​လုံး​ရဲ့  တရား​သူ​ကြီး​ဖြစ်​တဲ့ ဘုရား​သ​ခင်​ဆီ၊+ သန့်​ရှင်း​သော စွမ်း​အား​တော်​နဲ့ မွေး​ဖွား​ခံ​ရ​ပြီး+ ပြည့်​ဝ​စုံ​လင်​လာ​တဲ့ ဖြောင့်​မတ်​သူ​တွေရဲ့ အသက်​တာ​ဆီ၊+ ၂၄  ပဋိ​ညာဉ်​သစ်​ရဲ့+ ဖျန်​ဖြေသူ ယေရှု​ဆီ၊+ ကျွန်​တော်​တို့​အပေါ်​ ယေရှု​ဖျန်း​တဲ့​သွေး​ဆီ သွား​နေ​ကြ​တာ။ ယေရှု​ရဲ့​သွေး​ဟာ​ အာ​ဗေ​လ​ရဲ့​သွေး​ထက်+ ပိုမြတ်​တယ်။ ၂၅  ကောင်း​ကင်​က​နေ ခင်​ဗျား​တို့​ကို ပြော​နေ​တဲ့​အရှင်​ရဲ့ စ​ကား​သံ​ကို နား​မထောင်​မိ​တဲ့​အဖြစ်​မျိုး မရောက်​အောင် သတိ​ထား​ပါ။ အရင်​တုန်း​က​လူ​တွေ​ဟာ ဘု​ရားရဲ့  သတိ​ပေး​ချက်​ကို  မြေကြီး​ပေါ်​မှာ  ပြန်​ပြော​ပြတဲ့​သူ​ရဲ့  စ​ကား​ကို  နား​မထောင်​လို့  ပြစ်​ဒဏ်​ခံ​ခဲ့ရ​တယ်။ ကောင်း​ကင်​က​နေ​ပြော​တဲ့ အရှင်​ကို ကျွန်​တော်​တို့ ကျော​ခိုင်း​မယ်​ဆို​ရင် ပို​လို့​တောင်  ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မယ်။+ ၂၆  အဲ​ဒီ​တုန်း​က ဘု​ရားရဲ့​အသံ​ကြောင့် မြေကြီး လှုပ်​ခါ​သွား​တယ်။+ အခု​ကျ​တော့  “မြေကြီး​ကို​သာ​မက  ကောင်း​ကင်​ကို​ပါ  နောက်​တစ်​ကြိမ် ငါ​လှုပ်​ခါ​ဦး​မယ်”+ လို့  ဘုရား​က​တိ​ပေး​ထား​တယ်။ ၂၇  “နောက်​တစ်​ကြိမ်”  ဆို​တဲ့​စ​ကား​က လှုပ်​ခါ​နေ​တဲ့​အရာတွေ တစ်​နည်း​ပြော​ရရင် ဘု​ရား မဖန်​ဆင်း​ခဲ့​တဲ့​အရာတွေ ဖယ်​ရှား​ခံ​ရ​မယ်​ဆို​တာ​ကို ဖော်​ပြတယ်။ ဒီ​နည်း​နဲ့ မလှုပ်​ခါ​နိုင်​တဲ့​အရာတွေ ကျန်​ရစ်​လိမ့်​မယ်။ ၂၈  မလှုပ်​ခါ​နိုင်​တဲ့​နိုင်​ငံ​ကို ကျွန်​တော်​တို့​ရ​မှာ​ဖြစ်​လို့  မဟာ​က​ရု​ဏာ​ကို အမြဲခံ​ယူ​နေ​ကြ​စို့။ အဲ​ဒီ​က​ရု​ဏာ​ကို​ခံယူ​ရင်း ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့၊ ဘုရား​နှစ်​သက်​တဲ့​နည်း​နဲ့ အမှု​ဆောင်​ကြ​စို့။ ၂၉  ကျွန်​တော်​တို့ ကိုး​ကွယ်​တဲ့ ဘု​ရား​သခင်​ဟာ လောင်​ကျွမ်း​စေ​တဲ့​မီး​ပဲ။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “လေ့​ကျင့်​နေ​တာ​လို့။”
ခက်​ဆစ်​ကို​ကြည့်။