မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရာ ၁၃:၁-၅၉

မာတိကာ

  • အနာ​ကြီး​ရောဂါ​နဲ့ပတ်သက်တဲ့ စည်းမျဉ်း​များ (၁-၄၆)

  • အဝတ်​မှာ ပြန့်ပွား​နာ​စွဲ​ခြင်း (၄၇-၅၉)

၁၃  ယေဟောဝါ​က  မောရှေ​နဲ့ အာရုန်​ကို  မိန့်မှာ​တယ်– ၂  “လူတစ်ယောက်ရဲ့ အရေပြား​ပေါ်​မှာ အဖု​အ​ပိမ့်၊ ဝဲ​နာ၊ အကွက်​ပေါ်လာပြီး အနာ​ကြီး​ရောဂါ*+ ဖြစ်နိုင်ချေ​ရှိတယ်​ဆို​ရင်  သူ့ကို  ပုရောဟိတ်​အာရုန် ဒါမှမဟုတ်  သူ့​သား​ပုရောဟိတ်  တစ်ယောက်ယောက်​ဆီ ခေါ်လာ​ရမယ်။+ ၃  ပုရောဟိတ်​က အနာ​ကို စစ်ဆေး​ကြည့်​ရမယ်။  အနာ​ပေါ်​က အမွေး​တွေ ဖြူ​နေ​ပြီး အနာ​က အရေပြား​ထဲ နက်​ဝင်​နေ​ပြီ​ဆို​ရင်  အနာ​ကြီး​ရောဂါ​ပဲ။ ပုရောဟိတ်​က စစ်ဆေး​ကြည့်ပြီးနောက် မသန့်ရှင်း​ဘူးလို့ အတည်ပြု​ပေး​ရမယ်။ ၄  ဒါပေမဲ့ အနာ​ကွက်​က ဖြူ​နေ​ပြီး အရေပြား​ထဲ နက်​ဝင်​ပုံ​မရှိဘူး၊ အမွေး​လည်း မ​ဖြူ​ဘူးဆို​ရင် သူ့ကို ခုနစ်​ရက် သီးသန့်​နေခိုင်း​ရမယ်။+ ၅  ခုနစ်​ရက်​မြောက်​နေ့​မှာ ပုရောဟိတ်​က သူ့ကို စစ်ဆေး​ကြည့်​ရမယ်။ အရေပြား​ပေါ်​မှာ အ​နာမ​ပြန့်ပွား​ဘဲ နဂို​အတိုင်း​ရှိနေ​ရင် နောက်ထပ်​ခုနစ်​ရက် သီးသန့်​နေခိုင်း​ရမယ်။ ၆  “ခုနစ်​ရက်​မြောက်​နေ့​မှာ ပုရောဟိတ်​က  ထပ်​စစ်ဆေး​ကြည့်​ရမယ်။ အနာ​က သက်သာ​သွား​ပြီး မ​ပြန့်ပွား​ဘူးဆို​ရင်  သူ့ကို  သန့်ရှင်း​တယ်လို့ အတည်ပြု​ပေး​ရမယ်။+ အဲဒါ ဝဲ​နာ​ပဲ။ သူက အဝတ်​တွေကို လျှော်ရမယ်။ ပြီးရင် သန့်ရှင်း​သွား​ပြီ။ ၇  သူ​သန့်ရှင်း​တယ်လို့ ပုရောဟိတ်​အတည်ပြု​ပြီးမှ အရေပြား​ပေါ်​မှာ ဝဲ​နာ​ပြန့်ပွား​လာ​ရင် ပြန်လာ​ရမယ်။ ၈  ပုရောဟိတ်​က စစ်ဆေး​ကြည့်​တဲ့​အ​ခါ အရေပြား​ပေါ်​မှာ ဝဲ​နာ​ပြန့်ပွား​နေရင် မသန့်ရှင်း​ဘူးလို့ အတည်ပြု​ပေး​ရမယ်။ ဒါဟာ အနာ​ကြီး​ရောဂါ​ပဲ။+ ၉  “လူတစ်ယောက်​မှာ အနာ​ကြီး​ရောဂါ​ဖြစ်နေရင် သူ့ကို ပုရောဟိတ်​ဆီ ခေါ်လာ​ရမယ်။ ၁၀  ပုရောဟိတ်​က သူ့ကို စစ်ဆေး​ကြည့်​ရမယ်။+ အရေပြား​ပေါ်​မှာ အဖြူရောင်​အဖု​အ​ပိမ့် ထွက်​နေ​ပြီး အမွေး​တွေ​ဖြူ​နေမယ်၊ အနာ​က ပွင့်​ထွက်​နေမယ်​ဆို​ရင်၊+ ၁၁  နာတာရှည် အနာ​ကြီး​ရောဂါ​ပဲ။ မသန့်ရှင်း​ဘူးလို့ ပုရောဟိတ်​က အတည်ပြု​ပေး​ရမယ်။  သူက  မသန့်ရှင်း​တဲ့​အတွက် နောက်ထပ်​စစ်ဆေး​ဖို့ သီးသန့်​နေခိုင်း​စ​ရာ မလို​တော့ဘူး။+ ၁၂  တစ်ကိုယ်လုံး​မှာ အနာ​ကြီး​ရောဂါ ပြန့်​နေ​ပြီ၊ ဘယ်​နေရာ​ကြည့်​ကြည့် ခြေဆုံးခေါင်းဆုံး ပြန့်​နေ​ပြီ​ဆို​ရင်၊ ၁၃  ပုရောဟိတ်​က စစ်ဆေး​ကြည့်​လိုက်လို့ တစ်ကိုယ်လုံး အနာ​ကြီး​ရောဂါ ပြန့်​နေတာ သေချာ​သွား​ရင် သန့်ရှင်း​တယ်* လို့​အတည်ပြု​ပေး​ရမယ်။ သူ​ဟာ တစ်ကိုယ်လုံး ဖြူ​သွား​ပြီ​ဆို​တော့ သန့်ရှင်း​တယ်။ ၁၄  သူ့မှာ ပွင့်​ထွက်နေတဲ့ အနာ​ရှိရင်​တော့ မသန့်ရှင်း​ဘူး။ ၁၅  ပုရောဟိတ်​က  ပွင့်​ထွက်နေတဲ့ အနာ​ကို​တွေ့​ရင် မသန့်ရှင်း​ဘူးလို့ အတည်ပြု​ပေး​ရမယ်။+ ပွင့်​ထွက်နေတဲ့ အနာ​ရှိရင် မသန့်ရှင်း​ဘူး။ ဒါဟာ အနာ​ကြီး​ရောဂါ​ပဲ။+ ၁၆  ပွင့်​ထွက်နေတဲ့​အနာ  သက်သာ​ပြီး  ဖြူ​လာ​ရင် ပုရောဟိတ်​ဆီ သူ​ပြန်လာ​ရမယ်။ ၁၇  ပုရောဟိတ်​က စစ်ဆေး​ကြည့်​တဲ့​အ​ခါ+ အနာ​ဟာ အဖြူရောင်​ပြောင်း​နေရင် ရောဂါ​စွဲ​သူ​ကို သန့်ရှင်း​တယ်လို့ အတည်ပြု​ပေး​ရမယ်။ သူ​ဟာ သန့်ရှင်း​တယ်။ ၁၈  “လူတစ်ယောက်ရဲ့ အရေပြား​ပေါ်​မှာ   အနာစိမ်း​ပေါက်​ပြီးနောက် ပျောက်​သွားပေ​မဲ့၊ ၁၉  အနာစိမ်း​ပေါက်​တဲ့ နေရာမှာ အဖြူရောင်​အဖု​အ​ပိမ့် ထွက်လာ​ရင် ဒါမှမဟုတ် နီ​ဖျော့​ဖျော့​အကွက် ပေါ်လာ​ရင် ပုရောဟိတ်​ဆီ လာ​ပြ​ရမယ်။ ၂၀  ပုရောဟိတ်​က  စစ်ဆေး​ကြည့်​တဲ့​အ​ခါ+ အနာ​ဟာ အရေပြား​ထဲ နက်​ဝင်​နေ​ပြီး အမွေး​တွေ​ဖြူ​နေ​ပြီ​ဆို​ရင်  မသန့်ရှင်း​ဘူးလို့ အတည်ပြု​ပေး​ရမယ်။ ဒါဟာ အနာစိမ်း​နေရာမှာ ပေါ်လာ​တဲ့ အနာ​ကြီး​ရောဂါ​ပဲ။ ၂၁  ပုရောဟိတ်​က စစ်ဆေး​ကြည့်​တဲ့​အ​ခါ အနာ​မှာ အဖြူရောင်​အမွေး မရှိ၊ အနာ​လည်း အရေပြား​ထဲ နက်​ဝင်​ပုံ​မရှိဘဲ သက်သာ​နေရင် သူ့ကို ခုနစ်​ရက် သီးသန့်​နေခိုင်း​ရမယ်။+ ၂၂  အရေပြား​ပေါ်​မှာ အနာ​ပြန့်ပွား​နေတာ သေချာ​ပြီ​ဆို​ရင်​တော့ မသန့်ရှင်း​ဘူးလို့ အ​တ​ည်ပြု​ပေး​ရမယ်။ ဒါဟာ အနာ​ကြီး​ရောဂါ​ပဲ။ ၂၃  အနာ​ကွက် မ​ပြန့်ပွား​ဘဲ နဂို​အတိုင်း​ရှိနေ​ရင် အနာစိမ်း​ရောင်ရမ်း​တာပဲ။ သူ့ကို သန့်ရှင်း​တယ်လို့ အတည်ပြု​ပေး​ရမယ်။+ ၂၄  “တစ်ယောက်ယောက်​က မီးလောင်​နာ​ဖြစ်ပြီး အနာ​ပေါ်​မှာ နီ​ဖျော့​ဖျော့​အကွက် ဒါမှမဟုတ် အဖြူ​ကွက်​ပေါ်လာ​ရင်၊ ၂၅  ပုရောဟိတ်​က အနာ​ကို စစ်ဆေး​ကြည့်​ရမယ်။ အနာ​ကွက်​ပေါ်​က အမွေး​တွေ​ဖြူ​လာပြီး အနာ​က အရေပြား​ထဲ နက်​ဝင်​နေ​ပြီ​ဆို​ရင် မီးလောင်​နာ​မှာ ပေါ်လာ​တဲ့ အနာ​ကြီး​ရောဂါ​ပဲ။  သူ့ကို မသန့်ရှင်း​ဘူးလို့ အတည်ပြု​ပေး​ရမယ်။ ဒါဟာ အနာ​ကြီး​ရောဂါ​ပဲ။ ၂၆  ဒါပေမဲ့ ပုရောဟိတ်​က စစ်ဆေး​ကြည့်​တဲ့​အ​ခါ  အနာ​မှာ  အဖြူရောင်​အမွေး မရှိ၊ အနာ​လည်း အရေပြား​ထဲ နက်​ဝင်​ပုံ​မရှိဘဲ သက်သာ​နေရင် သူ့ကို  ခုနစ်​ရက် သီးသန့်​နေခိုင်း​ရမယ်။+ ၂၇  ခုနစ်​ရက်​မြောက်​နေ့​မှာ ပုရောဟိတ်​က သူ့ကို စစ်ဆေး​ကြည့်​ရမယ်။ အရေပြား​ပေါ်​မှာ အနာ​ပြန့်ပွား​နေတာ သေချာ​ပြီ​ဆို​ရင် မသန့်ရှင်း​ဘူးလို့ အတည်ပြု​ပေး​ရမယ်။ ဒါဟာ အနာ​ကြီး​ရောဂါ​ပဲ။ ၂၈  အနာ​ကွက် မ​ပြန့်ပွား​ဘဲ နဂို​အတိုင်း​ရှိနေ​ရင် မီးလောင်​ဖုပဲ။ မီးလောင်​နာ ရောင်ရမ်း​တာဖြစ်တဲ့​အတွက် သန့်ရှင်း​တယ်လို့ အတည်ပြု​ပေး​ရမယ်။ ၂၉  “ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ ခေါင်း​ပေါ်​မှာ ဒါမှမဟုတ် မေးစေ့​မှာ အနာ​ပေါက်​လာ​ရင်၊ ၃၀  ပုရောဟိတ်​က  အနာ​ကို  စစ်ဆေး​ကြည့်​ရမယ်။+ အနာ​ဟာ အရေပြား​ထဲ နက်​ဝင်​နေ​ပြီး အမွေး​တွေ ဝါ​တာ​တာ​ဖြစ်နေရင် သူ့ကို မသန့်ရှင်း​ဘူးလို့ အတည်ပြု​ပေး​ရမယ်။ ဒါဟာ ဦးရေ​ပြား ဒါမှမဟုတ် မေးစေ့​မှာ​ပေါက်​တဲ့ အနာ​ပဲ။ ခေါင်း​နဲ့ မေးစေ့​မှာ​ဖြစ်တဲ့  အနာ​ကြီး​ရောဂါ​ပဲ။ ၃၁  အနာ​ဟာ အရေပြား​ထဲ နက်​ဝင်​ပုံ​မရှိ၊ အနာ​မှာ အ​မည်း​ရောင် အမွေး​လည်း မ​ရှိတာကို ပုရောဟိတ်​တွေ့​ရင်  သူ့ကို ခုနစ်​ရက် သီးသန့်​နေခိုင်း​ရမယ်။+ ၃၂  ခုနစ်​ရက်​မြောက်​နေ့​မှာ ပုရောဟိတ်​က စစ်ဆေး​ကြည့်​ရမယ်။  အ​နာမ​ပြန့်ပွား​ဘူး၊  အရေပြား​ထဲ  နက်​ဝင်​ပုံ​မရှိဘူး၊  အဝါရောင် အမွေး​တွေ မရှိဘူး​ဆို​ရင်၊ ၃၃  သူ့​ဆံပင် ဒါမှမဟုတ်  မုတ်ဆိတ်​ကို   ရိတ်​ရမယ်။ အနာ​ပေါက်​တဲ့​နေရာ​က အမွေး​ကို​တော့ မ​ရိတ်​ရဘူး။ ပုရောဟိတ်​က သူ့ကို နောက်ထပ်  ခုနစ်​ရက် သီးသန့်​နေခိုင်း​ရမယ်။ ၃၄  “ခုနစ်​ရက်​မြောက်​နေ့​မှာ ပုရောဟိတ်​က ခေါင်း​မှာ ဒါမှမဟုတ် မေးစေ့​မှာ​ဖြစ်တဲ့ အနာ​ကို ထပ်​စစ်ဆေး​ကြည့်​ရမယ်။ အနာ မ​ပြန့်ပွား​ဘူး၊ အရေပြား​ထဲ နက်​ဝင်​ပုံ​မရှိဘူး​ဆို​ရင် သန့်ရှင်း​တယ်လို့ အတည်ပြု​ပေး​ရမယ်။ သူ အဝတ်​တွေကို လျှော်ရမယ်။ ပြီးရင် သန့်ရှင်း​သွား​ပြီ။ ၃၅  ဒါပေမဲ့ သန့်ရှင်း​တယ်လို့ အတည်ပြု​ပြီးမှ အရေပြား​ပေါ်​မှာ အနာ​ပြန့်ပွား​လာ​ရင်၊ ၃၆  ပုရောဟိတ်​က သူ့ကို စစ်ဆေး​ကြည့်​ရမယ်။ အရေပြား​ပေါ်​မှာ  အနာ​ပြန့်ပွား​နေရင်  အဝါရောင်အမွေး​ရှိ​မရှိ စစ်ဆေး​ဖို့ မလို​တော့ဘူး။ သူ​ဟာ မသန့်ရှင်း​ဘူး။ ၃၇  ဒါပေမဲ့ အ​နာမ​ပြန့်ပွား​ဘူး၊ အမွေး​တွေ နဂို​အတိုင်း​မည်း​နေရင်  အနာ​သက်သာ​ပြီ။  သူ သန့်ရှင်း​သွား​ပြီ​ဖြစ်လို့ သန့်ရှင်း​ကြောင်း အတည်ပြု​ပေး​ရမယ်။+ ၃၈  “ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ အရေပြား​ပေါ်​မှာ အဖြူ​အကွက်​တွေ ပေါ်လာ​မယ်ဆိုရင်၊ ၃၉  ပုရောဟိတ်​က စစ်ဆေး​ကြည့်​ရမယ်။+ အရေပြား​ပေါ်​မှာ ဖြူဖျော့ဖျော့​အကွက်​တွေ ဖြစ်နေရင် ရိုးရိုး​အဖု​အ​ပိမ့်ပဲ။ သူ​ဟာ သန့်ရှင်း​တယ်။ ၄၀  “ယောက်ျား​တစ်ယောက်​ဟာ ဆံပင်​ကျွတ်​ပြီး ထိပ်​ပြော​င်​နေရင် သန့်ရှင်း​တယ်။ ၄၁  နဖူး​ပေါ်​က​ဆံပင်​တွေ ကျွတ်​ပြီး ထိပ်​ပြော​င်​နေရင် သန့်ရှင်း​တယ်။ ၄၂  ပြော​င်​နေတဲ့​ထိပ် ဒါမှမဟုတ် နဖူး​ပေါ်​မှာ နီ​ဖျော့​ဖျော့​အနာ​ကွက် ပေါ်လာ​ရင်​တော့ အနာ​ကြီး​ရောဂါ​ပဲ။ ၄၃  ပုရောဟိတ်​က သူ့ကို စစ်ဆေး​ကြည့်​ရမယ်။ ပြော​င်​နေတဲ့​ထိပ် ဒါမှမဟုတ် နဖူး​ပေါ်​က အနာ​ကွက်​မှာ နီ​ဖျော့​ဖျော့ အဖု​အ​ပိမ့်​ဖြစ်နေရင်၊ အနာ​ကြီး​ရောဂါ​နဲ့ တူ​နေရင်၊ ၄၄  သူ​ဟာ အနာ​ကြီး​ရောဂါသည်​ပဲ။ မသန့်ရှင်း​ဘူး။ ခေါင်း​မှာ အနာ​စွဲ​နေတဲ့​အတွက် မသန့်ရှင်း​ဘူးလို့ အတည်ပြု​ပေး​ရမယ်။ ၄၅  အနာ​ကြီး​ရောဂါသည်​က ကို​ယ့်​အဝတ်​တွေကို ဆုတ်ဖြဲ​ရမယ်။ ခေါင်း​မ​ဖြီး​ရဘူး။ ပါးစပ်​ကို အုပ်​ပြီး ‘မသန့်ရှင်း​ဘူး၊ မသန့်ရှင်း​ဘူး’ လို့​အော်​ရမယ်။ ၄၆  ရောဂါ​ဖြစ်နေ​ချိန်​တစ်လျှောက်လုံး မ​သန့်​မ​ရှင်း ဖြစ်နေ​လိမ့်မယ်။ သူက မသန့်ရှင်း​လို့ စခန်း​အပြင်ဘက်​မှာ သီးခြားနေ​ထိုင်​ရမယ်။+ ၄၇  “သိုးမွေး​ထ​ည်​မှာ ဒါမှမဟုတ် ချည်ထည်​မှာ ကူးစက်​ပြန့်ပွား​နာ တစ်မျိုးမျိုး​ဖြစ်​ရင်၊* ၄၈  အဲဒီ​အထည်​တွေ​ရဲ့ တိုင်​ချည်​ဖောက်​ချည်​မှာ၊ သားရေ၊ သားရေ​အသုံးအဆောင် တစ်ခုခု​မှာ ပြန့်ပွား​နာ​ဖြစ်​ရင်၊ ၄၉  အဝတ်၊ တိုင်​ချည်​ဖောက်​ချည်၊ သားရေ၊ သားရေ​အသုံးအဆောင် တစ်ခုခု​မှာ စိမ်း​ဝါ​ရောင် ဒါမှမဟုတ် နီ​စပ်စပ်​အကွက်​တွေ​ရှိနေ​ရင် ပြန့်ပွား​နာ​ကြောင့် ညစ်ညမ်း​တာပဲ။  ပုရောဟိတ်​ဆီ  သွား​ပြ​ရမယ်။ ၅၀  ပုရောဟိတ်​က စစ်ဆေး​ကြည့်ပြီး​တော့ ပြန့်ပွား​နာ​ဖြစ်တဲ့​ပစ္စည်း​ကို ခုနစ်​ရက် သီးသန့်​ခွဲထား​ရမယ်။+ ၅၁  ခုနစ်​ရက်​မြောက်​နေ့​မှာ စစ်ဆေး​ကြည့်​တဲ့​အ​ခါ  အဝတ်၊  တိုင်​ချည်​ဖောက်​ချည်၊ သားရေ​အသုံးအဆောင် တစ်ခုခု​မှာ အကွက်​တွေ ပြန့်ပွား​နေရင် ကူးစက်​တတ်တဲ့​ရောဂါ​ဖြစ်လို့ မသန့်ရှင်း​ဘူး။+ ၅၂  အဲဒီ​အဝတ်၊ သိုးမွေး​ထ​ည်​နဲ့ ချည်ထည်​တွေ​ရဲ့ တိုင်​ချည်​ဖောက်​ချည်၊ သားရေ​အသုံးအဆောင်​တွေကို မီးရှို့​ရမယ်။ ဒါဟာ ကူးစက်​တတ်တဲ့ ရောဂါ​ဖြစ်လို့ မီးရှို့​ပစ်ရ​မယ်။ ၅၃  “ပုရောဟိတ်​က စစ်ဆေး​ကြည့်​တဲ့​အ​ခါ အဝတ်၊ တိုင်​ချည်​ဖောက်​ချည်၊ သားရေ​အသုံးအဆောင်​မှာ အကွက်​တွေ မ​ပြန့်ပွား​ဘူးဆို​ရင်၊ ၅၄  အဲဒါကို လျှော်​ခိုင်း​ရမယ်။ ပြီးရင် နောက်ထပ်​ခုနစ်​ရက် သီးသန့်​ခွဲထား​ရမယ်။ ၅၅  အသေအချာ လျှော်ဖွပ်​ပြီးနောက် ပြန်​စစ်ဆေး​ကြည့်​လို့ အကွက်​တွေ မ​ပြန့်ပွား​ရင်တောင် နဂို​အတိုင်း ညစ်ညမ်း​နေတုန်းပဲ​ဆို​ရင် ဒါဟာ မသန့်ရှင်း​ဘူး။ အဲဒီ​ပစ္စည်း​က အတွင်းအပြင် ဆွေး​မြေ့နေ​ပြီ​ဖြစ်လို့ မီးရှို့​ပစ်ရ​မယ်။ ၅၆  “ပုရောဟိတ်  စစ်ဆေး​ကြည့်​တဲ့​အ​ခါ အဝတ်၊ သားရေ၊ တိုင်​ချည်​ဖောက်​ချည်​ပေါ်​က အကွက်​တွေ​ဟာ အသေအချာ  လျှော်ဖွပ်​ပြီးတဲ့နောက်​မှာ အရောင်​မှိန်​သွား​ရင်  အဲဒီ​အကွက်​ရှိတဲ့  နေရာကို  ဖြတ်ထုတ်​ပစ်ရ​မယ်။ ၅၇  ဒါပေမဲ့ အဝတ်၊ တိုင်​ချည်​ဖောက်​ချည်၊ သားရေ​အသုံးအဆောင်​တစ်ခုခု​ရဲ့ နောက်​တစ်​နေရာမှာ အကွက်​ထပ်​ပေါ်လာ​ရင် ရောဂါ​ပြန့်ပွား​နေ​ပြီ။ ဒါကြောင့် ရောဂါ​ပြန့်​နေတဲ့ ဘယ်​ပစ္စည်း​ကို​မဆို မီးရှို့​ပစ်ရ​မယ်။+ ၅၈  အဝတ်၊ တိုင်​ချည်​ဖောက်​ချည်၊   သားရေ​အသုံးအဆောင်​ကို လျှော်ဖွပ်​ပြီးနောက် အဲဒီ​အကွက် ပျောက်​သွား​ရင် ဒုတိယ​အကြိမ် ထပ်​လျှော်ရမယ်။  ပြီးရင်  သန့်ရှင်း​သွား​ပြီ။ ၅၉  “ဒါတွေဟာ သိုးမွေး​ထ​ည်၊ ချည်ထည်၊ တိုင်​ချည်​ဖောက်​ချည်၊ သားရေ​အသုံးအဆောင်​တွေ​မှာ စွဲ​တတ်တဲ့ ကူးစက်​ပြန့်ပွား​နာ​နဲ့​ဆိုင်တဲ့ ပညတ်​ပဲ။ ဘယ်​ပစ္စည်း​က သန့်ရှင်း​တယ်၊ မသန့်ရှင်း​ဘူးဆို​တာကို ဒီ​ပညတ်​အတိုင်း အတည်ပြု​ပေး​ရမယ်။”

အောက်ခြေမှတ်ချက်များ

‘အနာ​ကြီး​ရောဂါ’ လို့​ပြန်ဆိုတဲ့ ဟီဘရူး​စကားလုံး​ဟာ အဓိပ္ပာယ်​ကျယ်ပြန့်။ ကူးစက်​တတ်တဲ့ အရေပြား​ရောဂါ​အမျိုးမျိုး၊ အဝတ်အစား​နဲ့ အိမ်တွေမှာ စွဲ​တတ်တဲ့ မှို​ရောဂါ​အမျိုးမျိုး ပါဝင်နိုင်။
ဒါမှမဟုတ်၊ “မ​ကူးစက်​နိုင်​ဘူး။”
မူရင်း၊ “အနာ​ကြီး​ရောဂါ ဖြစ်​ရင်။” မှို၊ ဖား​ဥ​စွဲ​တာ ဖြစ်နိုင်​ပေ​မဲ့ အတိအကျ မပြော​နိုင်​ပါ။