မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုကာ ၁၂:၁-၅၉

မာတိကာ

  • ဖာ​ရိ​ရှဲ​တွေရဲ့ တ​ဆေး (၁-၃)

  • လူ​ကို မကြောက်​နဲ့၊ ဘု​ရား​သခင်​ကို ကြောက်ပါ (၄-၇)

  • ယေရှု​ကို အသိ​အမှတ်​ပြု​ခြင်း (၈-၁၂)

  • မိုက်​မဲ​တဲ့​သူ​ဌေး ပုံ​ဥပမာ (၁၃-၂၁)

  • မစိုး​ရိမ်​ကြ​နဲ့​တော့ (၂၂-၃၄)

    • သိုးစု​ငယ် (၃၂)

  • သတိ​နဲ့​စောင့်​နေ​ပါ (၃၅-၄၀)

  • သစ္စာ​ရှိ​ဘဏ္ဍာ​စိုး၊ သစ္စာ​မရှိ​တဲ့​ဘဏ္ဍာ​စိုး (၄၁-၄၈)

  • ငြိမ်သက်​ခြင်း​ရှိ​စေ​ဖို့​မဟုတ်၊ စိတ်​ဝမ်း​ကွဲ​စေ​ဖို့​ဖြစ် (၄၉-၅၃)

  • အချိန်​အခါ​ကို ဆန်း​စစ်​ဖို့​လို (၅၄-၅၆)

  • ပြေလည်​အောင် လုပ်​ဆောင် (၅၇-၅၉)

၁၂  အဲဒီ​အခါ လူ​ထောင်​နဲ့​ချီ စု​ရုံး​လာ​တဲ့​အတွက်  တစ်​ယောက်​နဲ့​တစ်​ယောက်  နင်း​မိ​ကြ​တယ်။  ယေရှု​က  တပည့်​တွေ​ကို အရင်​ဆုံး ပြော​တယ်–  “အရေ​ခြုံ​ဟန်​ဆောင်​မှု​ဆိုတဲ့  ဖာရိရှဲ​တို့​ရဲ့ တ​ဆေး​ကို သတိ​ထားကြ။+ ၂  အသေအချာ  လျှို့ဝှက်​ထား​သမျှ ဖော်​ထုတ်​ခံ​ရ​လိမ့်​မယ်။ ဖုံး​ကွယ်​ထားသမျှ  သိ​လာရ​လိမ့်​မယ်။+ ၃  အမှောင်​ထဲ​မှာ  ခင်​ဗျား​တို့​ပြော​တဲ့ စကား​ကို အလင်း​မှာ ကြား​ရ​လိမ့်​မယ်။ အခန်း​ထဲ​မှာ ခင်​ဗျား​တို့ တိုး​တိုး​လေး​ပြော​တဲ့ စကား​တွေ​ကို အိမ်​မိုး​ပေါ်​က​နေ ကြေ​ညာ​ကြ​လိမ့်​မယ်။ ၄  မိတ်ဆွေ​တို့၊+ ကျွန်​တော်​ပြော​မယ်။ ကိုယ်​ခန္ဓာ​ကို သတ်​ရုံ​က​လွဲ​လို့ ဘာ​မှ​မလုပ်​နိုင်​တဲ့​လူ​တွေ​ကို မကြောက်​ပါ​နဲ့။+ ၅  ဘယ်​သူ့​ကို ကြောက်​ရ​မလဲ​ဆို​တော့ ကိုယ်​ခန္ဓာ​ကို သတ်​ပြီး​တဲ့​နောက် ဂေဟင်နာ* အရပ်​ထဲ ချ​ပိုင်​ခွင့်​ရှိ​တဲ့​အရှင်​ကို ကြောက်​ပါ။+ ကျွန်​တော်​ပြော​မယ်။  အဲဒီ​အရှင်​ကို​ပဲ  ကြောက်​ကြ​ပါ။+ ၆  စာ​ငှက်​ငါး​ကောင်​ကို ငွေ​နှစ်​ပြား​နဲ့* ဝယ်​လို့ရ​တယ် မဟုတ်​လား။ အဲဒီ​စာ​ငှက်​တစ်​ကောင်​ကို​မှ ဘုရား​သခင် မမေ့​ဘူး။+ ၇  ခင်​ဗျား​တို့​ရဲ့ ဆံ​ပင်​တွေ​ကို​တောင် အကုန်​ရေ​တွက်​ထား​တယ်။+ ဒါ​ကြောင့် မကြောက်​ပါ​နဲ့။ ခင်​ဗျား​တို့​ဟာ စာ​ငှက်​လေး​တွေ​ထက် ပို​တန်​ဖိုး​ရှိ​ပါ​တယ်။+ ၈  “ကျွန်​တော်​ပြော​မယ်။ လူ​တွေ​ရှေ့​မှာ ကျွန်​တော့်​ကို အသိ​အမှတ်​ပြု​သူ​တိုင်း​ကို+ လူ​သား​က ဘုရား​သခင်​ရဲ့ ကောင်း​ကင်​တ​မန်​တွေ​ရှေ့​မှာ အသိ​အမှတ်​ပြု​မယ်။+ ၉  လူ​တွေ​ရှေ့​မှာ ကျွန်​တော့်​ကို  ငြင်း​ပယ်​သူ​ကို​တော့ ဘုရား​သခင်​ရဲ့ ကောင်း​ကင်​တ​မန်​တွေ​ရှေ့​မှာ ငြင်း​ပယ်​မယ်။+ ၁၀  လူ​သား​ကို ဆန့်​ကျင်​ပြော​ဆို​ရင် ခွင့်​လွှတ်​ခံ​ရ​မယ်။ သန့်​ရှင်း​သော စွမ်းအား​တော်​ကို စော်​ကား​ပြော​ဆို​ရင်​တော့ ခွင့်​လွှတ်​ခံ​ရ​မှာ မဟုတ်​ဘူး။+ ၁၁  ခင်​ဗျား​တို့​ကို လူ​ထု​ရှေ့၊ အစိုး​ရ​အရာ​ရှိ​နဲ့ အာ​ဏာ​ပိုင်​တွေ​ရှေ့​မှာ ခေါ်​သွား​တဲ့​အခါ ဘယ်​လို​ချေ​ပရ​မလဲ၊ ဘာ​ပြော​ရ​မလဲ​ဆို​ပြီး တွေး​ပူ​မနေ​ပါ​နဲ့။+ ၁၂  ပြော​ရ​မယ့်​စကား​ကို အဲဒီ​အချိန်​ကျ​ရင် သန့်​ရှင်း​သော စွမ်းအား​တော်​က သင်​ပေး​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၁၃  အဲဒီ​အခါ လူ​အုပ်​ထဲ​က တစ်​ယောက်​က “ဆ​ရာ၊ ကျွန်​တော့်​ကို အမွေ​ခွဲ​ပေး​ဖို့ ကျွန်​တော့်​အစ်​ကို​ကို ပြော​ပေး​ပါ” လို့​တောင်း​ဆို​တော့၊ ၁၄  ယေရှု​က  “ကျွန်​တော့်​ကို  ခင်​ဗျား​တို့​ရဲ့ တရား​သူ​ကြီး​အဖြစ်၊ ဆုံး​ဖြတ်​ပေး​သူ​အ​ဖြစ် ဘယ်​သူ​ခန့်​လို့​လဲ”  လို့ ​ပြော​ပြီး​နောက်၊ ၁၅  “ခင်​ဗျား​တို့  မျက်​စိ​ရှင်​ရှင်​ထား​ပြီး  လော​ဘ​ကြီး​ခြင်း  အမျိုး​မျိုး​ကို​ သတိ​နဲ့​ရှောင်​ကြ​ပါ။+ ဘာ​ကြောင့်​လဲ​ဆို​တော့ လူ​တစ်​ယောက်​ဟာ စည်း​စိမ်​ကြွယ်​ဝ​နေ​ရင်​တောင်  သူ့​စည်း​စိမ်​က အသက်​မပေး​နိုင်​ဘူး”+ လို့​ပြော​တယ်။ ၁၆  အဲဒီ​နောက် ယေရှု​က ပုံ​ဥပမာ​သုံး​ပြီး ပြော​တယ်– “သူ​ဌေး​တစ်​ယောက်​ရဲ့​လယ်​က သီး​နှံ​အထွက်​တိုး​တဲ့​အတွက်၊ ၁၇  သူ​က ‘သီး​နှံ​တွေ​ကို ထား​စ​ရာ​နေ​ရာ မရှိ​တော့​ဘူး။ ငါ​ဘာ​လုပ်​ရင် ကောင်း​မလဲ’  လို့  စဉ်း​စား​ပြီး​တဲ့​နောက်​မှာ၊ ၁၈  ‘ကောင်း​ပြီ၊ ဒီ​လို​လုပ်​မယ်။+ ငါ့​ရဲ့​ကျီ​တွေ​ကို ဖျက်​ပြီး ပို​ကြီး​တဲ့​ကျီ​တွေ​ကို ဆောက်​မယ်။ အဲဒီ​မှာ ငါ့​ရဲ့​ကောက်​နှံ​ရှိ​သမျှ၊  ဥစ္စာ​ရှိ​သမျှ  သိမ်း​ထား​မယ်။ ၁၉  ပြီး​တော့ “ငါ​က နှစ်​ပေါင်း​များ​စွာ​အတွက် ဥစ္စာ​အများ​ကြီး စု​ဆောင်း​ထား​ပြီဆို​တော့ အေး​အေး​ဆေး​ဆေး စား​သောက်​ပြီး ဇိမ်​နဲ့​ပဲ နေ​တော့​မယ်”’ လို့​ပြော​တယ်။ ၂၀  ဒါ​ပေမဲ့ ဘုရား​သခင်​က ‘ဆင်​ခြင်​ဉာဏ်​မဲ့​သူ၊ ဒီ​ည​မှာ​ပဲ မင်း​ရဲ့​အသက်​ကို ရုပ်​သိမ်း​လိမ့်​မယ်။ ဒါ​ဆို​ရင် မင်း​စု​ဆောင်း​ထား​သမျှ​ကို ဘယ်​သူ​ရ​မှာ​လဲ’+ လို့ အဲဒီ​သူ​ဌေး​ကို ပြော​တယ်။ ၂၁  အလား​တူ​ပဲ၊ ကိုယ့်​အတွက် ဘဏ္ဍာ​စု​ဆောင်း​ထား​ပေမဲ့  ဘုရား​သခင်​ရှေ့​မှာ ဆင်း​ရဲ​တဲ့​သူ​ဟာ အဲဒီ​သူ​ဌေး​နဲ့​တူ​တယ်။”+ ၂၂  ယေရှု​က တ​ပည့်တွေ​ကို “ဒါ​ကြောင့် ကျွန်​တော်​ပြော​မယ်– အသက်​ရှင်​ရေး​အတွက် ဘာ​စား​ရ​မလဲ​ဆို​ပြီး မစိုး​ရိမ်​ကြ​နဲ့​တော့။ ခန္ဓာ​ကိုယ်​အတွက် ဘာ​ဝတ်​ရ​မလဲ​ဆို​ပြီး မစိုး​ရိမ်​ကြ​နဲ့​တော့။+ ၂၃  အစာ​ထက် အသက်​က ပို​အရေး​ကြီး​တယ်။ အဝတ်​ထက် ကိုယ်​ခန္ဓာ​က ပို​အရေး​ကြီး​တယ်။ ၂၄  ကျီး​အတွေ​ကို ဆင်​ခြင်​သုံးသပ်​ကြည့်​ပါ။ မျိုး​စေ့​ကြဲ​တာ၊ ရိတ်​သိမ်း​တာ မလုပ်​ဘူး။ သူတို့​မှာ ကျီ​တွေ၊ သို​လှောင်​ခန်း​တွေ မရှိ​ဘူး။ ဒါ​ပေမဲ့ ဘုရား​သခင်​က သူတို့​ကို ကျွေး​ထား​တာ​ပဲ။+ ခင်​ဗျား​တို့​ဟာ အဲဒီ​ငှက်​တွေ​ထက်​  ပို​တန်​ဖိုး​ရှိ​တယ် မဟုတ်​လား။+ ၂၅  စိုး​ရိမ်​ပူ​ပန်​နေ​လို့​ကော ခင်​ဗျား​တို့​သက်​တမ်း တစ်​တောင်​လောက် ပို​ရှည်​လာလို့​လား။ ၂၆  အဲ​ဒါ​လေး​တောင် မလုပ်​နိုင်​ဘူး​ဆို​ရင် ကျန်​တာ​တွေ​အတွက် ဘာ​လို့ စိုး​ရိမ်​နေ​သေး​လဲ။+ ၂၇  တော​နှင်း​ပန်း​တွေ ရှင်​သန်​နေ​ပုံ​ကို စဉ်း​စား​ကြည့်​ပါ။ နှင်း​ပန်း​တွေ​ဟာ ပင်​ပင်​ပန်း​ပန်း မလုပ်​ဘူး။ ချည်​လည်း မငင်​ဘူး။ ကျွန်​တော်​ပြော​မယ်။ ခံ့​ခံ့​ညား​ညား ဝတ်​ဆင်​တဲ့ ရှော​လ​မုန်​မင်း​တောင် အဲဒီ​နှင်း​ပန်း​တစ်​ပင်​လို လှလှ​ပပဖြစ်​အောင် မဆင်​မြန်း​နိုင်​ဘူး။+ ၂၈  ယုံ​ကြည်​ခြင်း​နည်း​သူတို့၊ ဒီ​နေ့ ရှင်​သန်​ပြီး မနက်​ဖြန် မီး​ထဲ​ရောက်​သွား​မယ့် တော​ပင်​တွေ​ကို​တောင် ဘုရား​သခင်​က အဲဒီ​လို​ဆင်​မြန်း​ပေး​တယ်​ဆို​ရင် ခင်​ဗျား​တို့​ကို ဒီ​ထက်​မက ဆင်​မြန်း​ပေး​မယ် မဟုတ်​လား။ ၂၉  ဒါ​ကြောင့် ဘာ​စား​ရ​မလဲ၊ ဘာ​သောက်​ရ​မလဲ​ဆို​ပြီး မစိုး​ရိမ်​ကြ​နဲ့​တော့။ အစိုး​ရိမ်​လွန်​တာ​မျိုး မဖြစ်​ကြ​နဲ့​တော့။+ ၃၀  ဒါ​တွေ​အားလုံး​ကို လူမျိုး​ခြား​တွေ အသည်း​အသန် ရှာ​ဖွေ​တတ်​ကြ​တယ်။ အဲ​ဒါ​တွေ​ကို ခင်​ဗျား​တို့​လို​အပ်​မှန်း အဖဘု​ရား သိ​ပါ​တယ်။+ ၃၁  ဒါ​ကြောင့် ဘုရား​သခင့်​နိုင်​ငံ​တော်​ကို အမြဲဦး​စား​ထား​ကြ​ပါ။ နောက်​မှ အဲ​ဒါ​တွေ​ကို ဖြည့်​ဆည်း​ပေး​လိမ့်​မယ်။+ ၃၂  “သိုးစု​ငယ်၊+ မကြောက်​နဲ့။ အဖဘုရား​က ခင်​ဗျား​တို့​ကို နိုင်​ငံ​တော်​ပေး​ဖို့  ဆုံး​ဖြတ်​ပြီး​ပြီ။+ ၃၃  ကိုယ့်​ပစ္စည်းတွေ​ကို ရောင်း​ပြီး ပေး​ကမ်း​စွန့်​ကြဲ​ကြ​ပါ။+ မဆွေး​မြေ့နိုင်​တဲ့ ငွေ​အိတ်​ကို​ရ​ယူပါ၊ တစ်​နည်း​ပြော​ရရင်  မပျက်​စီး​နိုင်​တဲ့ ကောင်း​ကင်​ဘဏ္ဍာ​ကို စု​ဆောင်း​ပါ။+ အဲဒီ​ဘဏ္ဍာ​ကို သူ​ခိုး ဝင်​မခိုး​နိုင်​ဘူး။ ပိုး​မွှား မဖျက်​ဆီး​နိုင်​ဘူး။ ၃၄  ကိုယ့်​ဘဏ္ဍာ​ရှိ​တဲ့​နေ​ရာ​မှာ ကိုယ့်​စိတ် ရောက်​နေ​တတ်​တယ်။ ၃၅  “ခင်​ဗျား​တို့၊ ခါး​ကို​စည်း​ပြီး​အ​သင့်​ရှိ​နေ​ပါ။+ မီး​ခွက်​တွေ​ကို ထွန်း​ထား​ကြ​ပါ။+ ၃၆  မင်္ဂလာ​ပွဲ​က​နေ+ သခင် ပြန်​လာ​ပြီး တံခါး​ခေါက်​တဲ့​အခါ ချက်​ချင်း​ဖွင့်​ပေး​ဖို့ စောင့်​နေ​တဲ့ ကျွန်​တွေ​လို ဖြစ်​ကြ​ပါ။+ ၃၇  သခင်​ပြန်​လာလို့ သတိ​နဲ့​စောင့်​နေ​တဲ့ ကျွန်​တွေ​ကို တွေ့​ရင် အဲဒီ​ကျွန်​တွေ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့ရ​လိမ့်​မယ်။ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ အဲဒီ​ကျွန်​တွေ​ကို စား​ပွဲ​မှာ ထိုင်​ခိုင်း၊ သခင်​ကိုယ်​တိုင် ခါး​ကို​စည်း​ပြီး အလုပ်​အကျွေး​ပြု​လိမ့်​မယ်။ ၃၈  ည​ဉ့်​နက်​မှ* ဖြစ်​စေ၊ သန်း​ခေါင်​ကျော်​မှ* ဖြစ်​စေ သခင်​ရောက်​လာ​ပြီး သူတို့​အသင့်​ဖြစ်​နေ​တာ​ကို တွေ့​ရင် အဲဒီ​ကျွန်​တွေ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့ရ​လိမ့်​မယ်။ ၃၉  တစ်​ခု​တော့ သိ​ထား​ကြပါ– အိမ်​ရှင်​က သူ​ခိုး​လာ​မယ့်​အချိန်​ကို သိ​ရင် အိမ်​ဖောက်​ထွင်း​မခံ​ရ​အောင်  မအိပ်​ဘဲ  စောင့်​နေ​မှာ​ပဲ။+ ၄၀  ခင်​ဗျား​တို့​လည်း အသင့်​ရှိ​နေ​ကြ​ပါ၊+ လူ​သား​ဟာ ခင်​ဗျား​တို့ မထင်​မှတ်​တဲ့​အချိန်​မှာ လာ​လိမ့်​မယ်” လို့​ပြော​တယ်။ ၄၁  အဲဒီ​အခါ ပေတရု​က “သခင်၊ ဒီ​ပုံ​ဥပမာ​ကို ကျွန်​တော်​တို့​ကို​ပဲ ပြော​တာ​လား ဒါ​မှ​မဟုတ် လူ​အားလုံး​ကို ပြော​တာ​လား” လို့​ မေး​တော့၊ ၄၂  ယေရှု​က “သစ္စာ​နဲ့​သတိ​ပညာ​ရှိ​တဲ့ ဘဏ္ဍာ​စိုး​ဟာ တ​ကယ်​တော့ ဘယ်​သူ​လဲ။ အစေ​ခံ​တွေ​ကို အုပ်​ချုပ်​ဖို့၊ အချိန်​တန်​ရင် အစား​အစာ မှန်​မှန်​ဝေ​ပေး​ဖို့ သူ့​ကို သခင် ခန့်​အပ်​ထား​တယ်။+ ၄၃  သခင်​ပြန်​လာ​တဲ့​အခါ အဲဒီ​အတိုင်း​လုပ်​နေ​တဲ့ ကျွန်​ကို တွေ့​ရင် အဲဒီ​ကျွန်​ဟာ ပျော်​ရွှင်​ချမ်း​မြေ့လိမ့်​မယ်။ ၄၄  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ သခင်​က မိမိ​ပိုင်​ဆိုင်​သမျှ​ကို အဲဒီ​ကျွန်​ဆီ အပ်​လိမ့်​မယ်။ ၄၅  တ​ကယ်​လို့ အဲဒီ​ကျွန်​က ‘ငါ့​သခင် ပြန်​လာ​ဖို့ ကြာ​ဦး​မယ်’ လို့​တွေး​ပြီး ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မတွေ​ကို ရိုက်​နှက်​မယ်၊ စား​သောက်​မူး​ယစ်​နေ​မယ် ဆို​ပါ​စို့။+ ၄၆  သူ မျှော်​လင့်​မထား​တဲ့​နေ့၊ ထင်​မထား​တဲ့​အချိန်​မှာ သခင်​ရောက်​လာ​လိမ့်​မယ်။ အဲဒီ​အခါ သူ့​ကို အပြင်း​အထန် ဒဏ်​စီ​ရင်​ပြီး  သစ္စာ​မရှိ​သူ​တွေ​ဆီ  ပို့​ထား​လိမ့်​မယ်။ ၄၇  အဲဒီ​ကျွန်​ဟာ သခင့်​အလို​ကို သိ​လျက်​နဲ့ အသင့်​မပြင်​ထား​တဲ့​အတွက်၊ သခင်​တောင်း​ဆို​တဲ့​အတိုင်း မလုပ်​ထား​တဲ့​အတွက် အချက်​များ​စွာ ရိုက်​နှက်​ခံ​ရ​လိမ့်​မယ်။+ ၄၈  သခင့်​အလို​ကို မသိ​ဘဲ ရိုက်​နှက်​ခံ​ထိုက်​တဲ့​အမှု​ကို လုပ်​မိ​တဲ့​သူ​က​တော့ အနည်း​ငယ်​ပဲ ရိုက်​နှက်​ခံ​ရ​လိမ့်​မယ်။ အများ​ကြီး ပေး​အပ်​ခံ​ရ​သူ​ဆီ​က​နေ အများ​ကြီး ပြန်​တောင်း​လိမ့်​မယ်။ တာဝန်​များ​များ​ရ​သူ​ဆီ​က များများ​တောင်း​ဆို​လိမ့်​မယ်။+ ၄၉  “ကမ္ဘာ​ပေါ်​မှာ  မီး​လောင်​စေ​ဖို့ ကျွန်တော်​လာ​တာ။  မီး​စွဲ​ပြီဖြစ်​တဲ့​အတွက် ကျွန်​တော် ဖြစ်​စေ​ချင်​တာ ဖြစ်​လာ​ပြီ။ ၅၀  ကျွန်​တော်​ခံ​ယူ​မယ့် နှစ်ခြင်း​တစ်​မျိုး ရှိ​သေး​တယ်။ အဲ​ဒါ​မပြီးမချင်း  ကျွန်​တော်  စိတ်​ဆင်း​ရဲတယ်။+ ၅၁  ကမ္ဘာ​မြေပေါ်​မှာ ငြိမ်သက်​မှု​ရှိ​အောင်​လုပ်​ဖို့ ကျွန်​တော်​လာ​တယ်​လို့ ခင်​ဗျား​တို့ ထင်​နေ​သလား။ လုံးဝ​မဟုတ်​ဘူး။ စိတ်​ဝမ်း​ကွဲ​ပြား​စေ​ဖို့ ကျွန်​တော်​လာ​တာ။+ ၅၂  အခု​ချိန်​က​စ​ပြီး လူ​ငါး​ယောက်​ရှိ​တဲ့ အိမ်​ထောင်​မှာ သုံး​ယောက်​က ကျန်​တဲ့​နှစ်​ယောက်​နဲ့၊ နှစ်​ယောက်​က ကျန်​တဲ့​သုံး​ယောက်​နဲ့ စိတ်​ဝမ်း​ကွဲ​လိမ့်​မယ်။ ၅၃  အဖေနဲ့​သား၊  သား​နဲ့​အဖေ၊  အမေနဲ့​သမီး၊ သမီး​နဲ့​အမေ၊ ယောက္ခ​မနဲ့​ချွေး​မ၊ ချွေး​မနဲ့​ယောက္ခ​မ အချင်း​ချင်း စိတ်​ဝမ်း​ကွဲ​ကြ​လိမ့်​မယ်”+ လို့​ဖြေတယ်။ ၅၄  အဲဒီ​နောက် ယေရှု​က လူ​အုပ်​ကို အခု​လို​ပြော​တယ်– “ခင်​ဗျား​တို့​ဟာ အနောက်​အရပ်​က​နေ မိုး​တိမ်​တက်​လာ​တာ​ကို မြင်​တဲ့​အခါ ‘မုန်​တိုင်း​လာ​တော့​မယ်’ လို့​ပြော​တတ်​ကြ​တယ်။ ပြော​တဲ့​အတိုင်း​လည်း ဖြစ်​တတ်​တယ်။ ၅၅  တောင်​လေ တိုက်​ခတ်​တာ​ကို မြင်​တဲ့​အခါ ‘အရမ်း​ပူ​လိမ့်​မယ်’ လို့​ပြော​တတ်​ကြ​တယ်။ ပြော​တဲ့​အတိုင်း​လည်း ဖြစ်​တတ်​တယ်။ ၅၆  သူ​တော်​ကောင်း​ယောင်​ဆောင်​သူတို့၊ ခင်​ဗျား​တို့​က ရာ​သီ​ဥ​တု​ကို  ခန့်​မှန်း​တတ်​ပေမဲ့  ဒီ​အချိန်​ကာလ​အကြောင်း​ကို ဘာ​လို့ မဆန်း​စစ်​တတ်​တာလဲ။+ ၅၇  မှန်​တာ​ကို​လုပ်​ဖို့ ဘာ​လို့ ကိုယ်​တိုင် မဆုံး​ဖြတ်​ကြ​တာ​လဲ။ ၅၈  ခင်​ဗျား​ကို တ​ရား​စွဲ​တဲ့​သူ​နဲ့​အတူ အာ​ဏာ​ပိုင်​လူ​ကြီး​ဆီ သွား​နေ​တုန်း​မှာ​ပဲ ပြေလည်​အောင် ချက်​ချင်း​လုပ်​ပါ။ အဲဒီ​လို​မလုပ်​ရင် ခင်​ဗျား​ကို တ​ရား​သူ​ကြီး​လက်​ထဲ အပ်​လိမ့်​မယ်။ တ​ရား​သူ​ကြီး​က​လည်း အရာ​ရှိ​လက်​ထဲ အပ်​ပြီး ခင်​ဗျား​ကို ထောင်​ချ​လိမ့်​မယ်။+ ၅၉  ကျွန်​တော်​ပြော​မယ်။ ခင်​ဗျား​ဟာ ငွေ* တစ်​ပြား​မကျန် မပေး​မချင်း ထောင်​က​နေ ထွက်​ရ​မှာ မဟုတ်​ဘူး။”

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “အဿရိ​နှစ်​ပြား။” နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ည ၉ နာ​ရီ​လောက်​က​နေ သန်း​ခေါင်​ယံ​အထိ။
သန်း​ခေါင်​ယံ​က​နေ မနက် ၃ နာ​ရီ​လောက်​အထိ။
မူ​ရင်း၊ “လက်​တာ။” နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။