မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဟန် ၁၅:၁-၂၇

မာတိကာ

  • စစ်​မှန်​တဲ့​စ​ပျစ်​ပင် ပုံ​ဥပမာ (၁-၁၀)

  • ခ​ရစ်​တော်​ချစ်​သလို ချစ်​ကြ​ဖို့ ပညတ် (၁၁-၁၇)

    • “ပို​မွန်မြတ်​တဲ့ မေတ္တာ​ဆို​တာ မရှိ” (၁၃)

  • ယေရှု​ရဲ့​တ​ပည့်တွေ​ကို ဒီ​လော​က​ မုန်း (၁၈-၂၇)

၁၅  “ကျွန်​တော်​ဟာ  စစ်​မှန်​တဲ့ စပျစ်​ပင်​ပါ။  အဖဘု​ရား​ဟာ စိုက်​ပျိုး​သူ​ပါ။ ၂  ကျွန်​တော့်​ဆီ​မှာ​ရှိ​တဲ့ အသီး​မသီး​တဲ့ အကိုင်း​တွေ​ကို သူ​ခုတ်​ပစ်​တယ်။ အသီး​သီး​တဲ့ အကိုင်း​တွေ​ကို​တော့  ပို​သီး​အောင်  သန့်​စင်​ရှင်း​လင်း​ပေး​တယ်။+ ၃  ကျွန်​တော်​ပြော​တဲ့ စကား​တွေ​ကြောင့် ခင်​ဗျား​တို့ သန့်​စင်​သွား​ပြီ။+ ၄  ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​ကြ​ပါ။ ကျွန်​တော်​လည်း  ခင်​ဗျား​တို့​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​မယ်။ စ​ပျစ်​ကိုင်း​က စပျစ်​ပင်​နဲ့ ဆက်​မနေ​ရင် အသီး​မသီး​နိုင်​ဘူး။ အဲဒီ​လို​ပဲ၊ ခင်​ဗျား​တို့​လည်း ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​မနေ​ရင်​ အသီး* မသီး​နိုင်​ဘူး။+ ၅  ကျွန်​တော်​ဟာ စပျစ်​ပင်၊ ခင်​ဗျား​တို့​ဟာ စ​ပျစ်​ကိုင်း​တွေ​ပေါ့။ လူ​တစ်​ယောက်​က ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​မယ်​ဆို​ရင် ကျွန်​တော်​လည်း သူ​နဲ့​တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​မယ်။ သူ​ဟာ အသီး​များ​စွာ သီး​လိမ့်​မယ်။+ ကျွန်​တော်​နဲ့ ကင်း​ကွာ​ရင်​တော့ ဘာ​မှ​တတ်​နိုင်​မှာ မဟုတ်​ဘူး။ ၆  ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း မဖြစ်​တဲ့​သူ​ဟာ လွှင့်​ပစ်​လိုက်​လို့ ခြောက်​သွေ့​သွား​တဲ့ အကိုင်း​လို ဖြစ်​လိမ့်​မယ်။ အဲဒီ​အကိုင်း​တွေ​ကို စု​သိမ်း​ပြီး မီး​ထဲ​ချ​လိုက်​တော့ လောင်​ကျွမ်း​သွား​တယ်။ ၇  ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ပြီး ကျွန်​တော့်​စကား​တွေ​ကို ရင်​ထဲ​မှာ စွဲ​မြဲထား​မယ်​ဆို​ရင် ခင်ဗျား​တို့ အလို​ရှိ​သမျှ တောင်း​တဲ့​အခါ  တောင်း​တဲ့​အတိုင်း  ရ​လိမ့်​မယ်။+ ၈  အသီး​များ​စွာ သီး​ပြီး ကျွန်​တော့်​တပည့်​ဖြစ်​မှန်း သက်​သေပြကြ​ပါ။ ဒါ​ဆို​ရင် အဖဘုရား​ ဘုန်း​ထင်​ရှား​လိမ့်​မယ်။+ ၉  အဖဘု​ရား​က  ကျွန်​တော့်​ကို​ချစ်​သလို+ ကျွန်​တော်​လည်း  ခင်​ဗျား​တို့​ကို ချစ်​တယ်။ ကျွန်​တော့်​မေတ္တာ​ကို အမြဲခံစား​ရ​အောင် နေ​ကြ​ပါ။ ၁၀  ကျွန်​တော်​က အဖဘု​ရားရဲ့ ပညတ်​တွေ​ကို လိုက်​နာ​တဲ့​အတွက် အဖဘု​ရားရဲ့ မေတ္တာ​ကို အမြဲခံစား​ရ​တယ်။ ခင်​ဗျား​တို့​လည်း ကျွန်​တော့်​ပညတ်​တွေ​ကို လိုက်​နာ​မယ်​ဆို​ရင် ကျွန်​တော့်​မေတ္တာ​ကို အမြဲခံစား​ရ​လိမ့်​မယ်။ ၁၁  “ကျွန်​တော့်​မှာ​ရှိ​တဲ့ ရွှင်​လန်း​မှု​မျိုး​ကို ခင်​ဗျား​တို့ အပြည့်​အဝ​ခံစား​နိုင်​ဖို့ ဒီ​အကြောင်း​တွေ​ကို ကျွန်​တော်​ပြော​နေ​တာ။+ ၁၂  ကျွန်​တော် ခင်​ဗျား​တို့​ကို ချစ်​သလို ခင်​ဗျား​တို့​လည်း အချင်း​ချင်း ချစ်​ကြ​ပါ။ ဒါ​ဟာ ကျွန်​တော်​ပေး​တဲ့ ပညတ်​ချက်​ပဲ။+ ၁၃  မိတ်ဆွေ​တွေ​အတွက် အသက်* စွန့်​တာ​ထက် ပို​မွန်မြတ်​တဲ့  မေတ္တာ​ဆို​တာ  မရှိ​ဘူး။+ ၁၄  ကျွန်​တော့်​ပညတ်​ကို လိုက်​နာ​မယ်​ဆို​ရင် ခင်​ဗျား​တို့​ဟာ ကျွန်​တော့်​မိတ်​ဆွေ​တွေ​ပဲ။+ ၁၅  အခု​ချိန်​က​စ​ပြီး ခင်​ဗျား​တို့​ကို ကျွန်​တွေလို့ မခေါ်​တော့​ဘူး။ ကျွန်​ဆို​တာ သခင်​ဘာ​တွေ​လုပ်​မှန်း သိ​တာ​မဟုတ်​ဘူး။ ကျွန်​တော်​က​တော့ အဖဘု​ရား​ဆီ​က ကြား​နာ​ခဲ့​သမျှ ပြန်​ပြော​ပြတဲ့​အတွက် ခင်​ဗျား​တို့​ကို​ မိတ်​ဆွေ​လို့ ခေါ်​မယ်။ ၁၆  ကျွန်​တော့်​ကို ခင်​ဗျား​တို့ ရွေး​ချယ်​တာ မဟုတ်​ဘူး။ ခင်​ဗျား​တို့​ကို ကျွန်​တော် ရွေး​ချယ်​ခဲ့​တာ။ ခင်​ဗျား​တို့ အသီး သီး​မြဲသီး​နေ​ဖို့၊ အသီး​တွေ တည်​မြဲနေ​ဖို့ ကျွန်​တော် ခန့်​ထား​တယ်။ ဒါ​ကြောင့် ကျွန်​တော့်​နာ​မည်​ကို အမှီ​ပြု​ပြီး အဖဘု​ရား​ဆီ တောင်း​သမျှ ရ​လိမ့်​မယ်။+ ၁၇  “ဒီ​အကြောင်း​တွေ​ကို  ကျွန်​တော် မိန့်မှာ​ရ​တာ​က ခင်​ဗျား​တို့​အ​ချင်း​ချင်း ချစ်​ကြ​ဖို့​ပါ။+ ၁၈  ဒီ​လော​က​က ခင်​ဗျား​တို့​ကို​မုန်း​ရင် ခင်​ဗျား​တို့​ကို မမုန်း​ခင်​က​တည်း​က ကျွန်​တော့်​ကို မုန်း​တယ်​ဆို​တာ သိ​မှတ်​ကြ​ပါ။+ ၁၉  ခင်​ဗျား​တို့​ဟာ ဒီ​လော​က​နဲ့​ပတ်​သက်​နေ​ရင် လော​က​က သူ့​လူ​တွေ​ဖြစ်​နေ​တဲ့ ခင်​ဗျား​တို့​ကို  ချစ်​လိမ့်​မယ်။  အခု​တော့​ ခင်​ဗျား​တို့​က ဒီ​လော​က​နဲ့ ဘာ​မှ​မ​ပတ်​သက်​တဲ့​အပြင်+ ဒီ​လော​က​ထဲ​က ကျွန်​တော် ရွေး​ချယ်​ထား​သူ​တွေ ဖြစ်​နေ​တဲ့​အတွက် လော​က​က  ခင်​ဗျား​တို့​ကို မုန်း​တယ်။+ ၂၀  ကျွန်​ဆို​တာ သခင်​ထက် ပို​ကြီးမြတ်​တာ မဟုတ်​ဘူး​လို့ ကျွန်​တော်​ပြော​ခဲ့​တာ​ကို မှတ်​ထား​ပါ။ ကျွန်​တော့်​ကို  ညှဉ်း​ဆဲ​ရင် ခင်​ဗျား​တို့​ကို​လည်း ညှဉ်း​ဆဲ​ကြ​လိမ့်​မယ်။+ ကျွန်​တော့်​စကား​ကို လိုက်​နာ​ရင် ခင်​ဗျား​တို့​ရဲ့ စကား​ကို​လည်း လိုက်​နာ​ကြ​လိမ့်​မယ်။ ၂၁  သူတို့​က ကျွန်​တော့်​ကို စေ​လွှတ်​တဲ့​အရှင်​ကို မသိ​တဲ့​အတွက် ကျွန်​တော့်​တ​ပည့်​ဖြစ်​နေ​တဲ့ ခင်​ဗျား​တို့​ကို အဲဒီ​လို လုပ်​ကြ​လိမ့်​မယ်။+ ၂၂  ကျွန်​တော်  လာ​ပြီး​မပြော​ပြခဲ့ရင်  သူတို့ အပြစ်​သင့်​မှာ မဟုတ်​ဘူး။+ အခု​တော့ သူတို့​ရဲ့​အပြစ်​အတွက် ဆင်​ခြေ​ပေး​လို့ မရ​ဘူး။+ ၂၃  ကျွန်​တော့်​ကို မုန်း​တဲ့​သူ​ဟာ အဖဘု​ရား​ကို​လည်း မုန်း​တယ်။+ ၂၄  ဘယ်​သူ​မှ မလုပ်​ဖူး​တဲ့ အံ့​ဖွယ်​အမှု​တွေ​ကို သူတို့​ရှေ့​မှာ ကျွန်​တော် မလုပ်​ပြခဲ့ရင် သူတို့ အပြစ်​သင့်​မှာ  မဟုတ်​ဘူး။+ အခု​တော့ သူတို့​က ကျွန်​တော့်​ကို မြင်​လျက်​နဲ့ မုန်း​ကြ​တယ်။ အဖဘု​ရား​ကို​လည်း​မုန်း​ကြ​တယ်။ ၂၅  ‘ကျွန်​တော့်​ကို အကြောင်း​မရှိ​ဘဲ မုန်း​ကြ​တယ်’ ဆို​ပြီး ပညတ်​ကျမ်း​မှာ ရေး​ထား​တဲ့​အတိုင်း ဖြစ်​လာ​တယ်။+ ၂၆  အဖဘု​ရား​ဆီ​က ကူညီ​သူ​ကို* ခင်​ဗျား​တို့​ဆီ ကျွန်​တော် လွှတ်​လိုက်​မယ်။ သူ​ဟာ အမှန်​တ​ရား​ကို ဖော်​ပြတဲ့ စွမ်းအား​တော်​ပဲ။+ သူ​က အဖဘု​ရား​ဆီ​က​နေ ရောက်​လာ​ပြီး ကျွန်​တော့်​အကြောင်း သက်သေခံ​လိမ့်​မယ်။+ ၂၇  ခင်​ဗျား​တို့​လည်း အစ​က​တည်း​က ကျွန်​တော်​နဲ့​အတူ ရှိ​ခဲ့​တဲ့​အတွက် ကျွန်​တော့်​အကြောင်း သက်သေခံ​ရ​မယ်။+

အောက်ခြေမှတ်ချက်များ

အမူ​အကျင့်​ကောင်း​တွေ​ကို ဆိုလို။
ခက်​ဆစ်​ကို​ကြည့်။
သန့်​ရှင်း​သော​စွမ်းအား​တော်​ကို ပုဂ္ဂိုလ်​တစ်​ဦး​အဖြစ် တင်​စား​ထား။