မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောလ ၂:၁-၃၂

မာတိကာ

  • ယေဟောဝါ​ရဲ့​နေ့၊ စစ်​တပ်​ကြီး (၁-၁၁)

  • ယေဟောဝါ​ဆီ ပြန်​လာ​ဖို့ ဖိတ်​ခေါ် (၁၂-၁၇)

    • ‘စိတ်​နှလုံး​ကို ဆွဲ​ဆုတ်​ပါ’ (၁၃)

  • လူမျိုး​တော်​ကို ယေဟောဝါ အဖြေပေး (၁၈-၃၂)

    • ‘စွမ်းအား​တော်​ကို သွန်း​လောင်း​မယ်’ (၂၈)

    • ကောင်း​ကင်​နဲ့ ကမ္ဘာ​မြေပေါ်​က ထူး​ဆန်း​တဲ့​အရာ (၃၀)

    • ယေဟောဝါ​ရဲ့​နာ​မည်​ကို ခေါ်​ပြီး ဆုတောင်း​သူတိုင်း ကယ်​တင်​ခံ​ရ (၃၂)

 “ဇိ​အုန်​မှာ တံ​ပိုး​မှုတ်​ကြ။+ သန့်​ရှင်း​တဲ့​တောင်​ပေါ်​မှာ စစ်​ငြာ​သံ​ပေး​ကြ။ ပြည်​သူ​ပြည်​သား​အားလုံး ကြောက်​ရွံ့​တုန်​လှုပ်​ကြ​ပါ​စေ။ ယေဟောဝါ​ရဲ့​နေ့ ရောက်​တော့​မယ်။+  အဲဒီ​နေ့ နီး​နေ​ပြီ။  ၂  အဲဒီ​နေ့​ဟာ မှောင်​မိုက်​ပြီး အုံ့​ဆိုင်း​တဲ့​နေ့၊+ မိုး​တိမ်​ထူ​ပြီး မည်း​မှောင်​တဲ့​နေ့​ပဲ။+ အရုဏ်​တက်​ချိန်​မှာ တောင်​တန်း​တွေ​ပေါ် ဖြာ​ဆင်း​တဲ့ ရောင်​နီ​နဲ့ တူ​တယ်။ များ​ပြား​ပြီး ခွန်​အား​ကြီး​တဲ့ လူမျိုး​တစ်​မျိုး​ရှိ​တယ်။+ သူတို့​လို​လူမျိုး တစ်​ခါ​မှ မရှိ​ခဲ့​ဖူး​ဘူး။ နောင်​လူမျိုး​အဆက်​ဆက် ဘယ်​တော့​မှ ရှိ​မှာ​မဟုတ်​ဘူး။  ၃  သူတို့​ရှေ့​မှာ ဝါး​မျို​တဲ့​မီး၊နောက်​မှာ လောင်​ကျွမ်း​တဲ့​မီး​လျှံ ရှိ​တယ်။+ သူတို့​ရှေ့​က​ပြည်​ဟာ ဧ​ဒင်​ဥ​ယျာဉ်​နဲ့ တူ​ပေမဲ့+ သူတို့​ရောက်​ပြီး​နောက်​မှာ​တော့ လူ​သူ​ဆိတ်​ညံ​တဲ့ တော​ကန္တာရ​ပဲ ဖြစ်​ကျန်​ခဲ့​တယ်။ လွတ်​မြောက်​တာ ဘာ​တစ်​ခု​မှ​မရှိ​ဘူး။  ၄  သူတို့​ရဲ့ ပုံ​သဏ္ဌာန်​ဟာ မြင်း​တွေ​လို​ပဲ။ စစ်​မြင်း​တွေ​လို ဒုန်း​စိုင်း​ပြေး​တတ်​တယ်။+  ၅  သူတို့​ရဲ့​အသံ​က တောင်​ထိပ်​မှာ ကဆုန်​ပေါက်​နေ​တဲ့ မြင်း​ရ​ထား​တွေရဲ့​အသံ​နဲ့ တူ​တယ်။+ ရိုး​ပြတ်​တွေ​ကို မီး​လျှံတွေ တ​ဖြောက်​ဖြောက် ဝါး​မျို​သံ​နဲ့ တူ​တယ်။ သူတို့​ဟာ စစ်​ခင်း​နေ​တဲ့ ခွန်​အား​ကြီး စစ်​သူ​ရဲတွေ​လို​ပဲ။+  ၆  သူတို့​ကြောင့် လူ​တွေ ဝေ​ဒ​နာ​ခံစား​ရ​မယ်။ ကြောက်​စိတ်​မွှန်​ပြီး မျက်​နှာ​တွေ နီရဲ​နေ​မယ်။  ၇  သူတို့​က စစ်​သူ​ရဲတွေ​လို တစ်​ဟုန်​ထိုး ပြေး​လာ​တယ်။ စစ်​သား​တွေ​လို မြို့​ရိုး​ပေါ် တွယ်​တက်​တယ်။ လမ်း​ကြောင်း မပြောင်း​ဘဲ တန်း​တန်း​မတ်​မတ် ချီ​တက်​ကြ​တယ်။  ၈  အချင်း​ချင်း မတွန်း​မတိုက်​ကြ​ဘူး။ ကိုယ့်​လမ်း​ကြောင်း​အတိုင်း ဆက်​ချီ​တက်​တယ်။ လက်​နက်​ထိ​မှန်​ပြီး လဲ​ကျ​သူ​တွေ ရှိ​ရင်​တောင် ကျန်​တဲ့​သူ​တွေ​က ဖရို​ဖရဲ​မဖြစ်​ဘဲ ဆက်​ချီ​တက်​ကြ​တယ်။  ၉  မြို့​ထဲ​ကို တစ်​ဟုန်​ထိုး ပြေး​ဝင်​ကြ​တယ်။ မြို့​ရိုး​ပေါ် ပြေး​လွှား​ကြ​တယ်။ အိမ်​တွေ​ပေါ် တက်​ကြ​တယ်။ သူ​ခိုး​လို ပြတင်း​ပေါက်​ကို ကျော်​ပြီး အထဲ​ဝင်​ကြ​တယ်။ ၁၀  သူတို့​ရှေ့​မှာ တိုင်း​ပြည်​ဟာ ဖိမ့်​ဖိမ့်​တုန်​နေ​တယ်။ ကောင်း​ကင် လှုပ်​ခါ​နေ​တယ်။ နေ​နဲ့​လ မှောင်​မိုက်​ပြီး ကြယ်​တွေ​လည်း မထွန်း​လင်း​တော့​ဘူး။+ ၁၁  ယေဟောဝါ​က မိမိ​ရဲ့​တပ်​ရှေ့​မှာ ကြွေး​ကြော်​မယ်။+ တပ်​စ​ခန်း​မှာ စစ်​သည်​တွေ အတိုင်း​မသိ များ​တယ်။+ ပြော​တဲ့​အတိုင်း အကောင်​အထည်​ဖော်​တဲ့​အရှင်​ဟာ ခွန်အား​ကြီး​တယ်။ ယေဟောဝါ​ရဲ့​နေ့​ဟာ ကြောက်​ရွံ့​ထိတ်​လန့်​ဖွယ် နေ့​ကြီး​ပဲ။+ ဘယ်သူ​ခံ​ရပ်​နိုင်​မလဲ။”+ ၁၂  ဒါ​ကြောင့် ယေဟောဝါ​ပြော​တာ​က “အခု​ပဲ ငါ့​ဆီ​ကို စိတ်​ရော​ကိုယ်​ပါ ပြန်​လာ​ကြ။+ အစာ​ရှောင်​ပြီး+ ငို​ကြွေး​မြည်​တမ်း​ကြ။ ၁၃  အဝတ်​ကို​မဟုတ်​ဘဲ+ စိတ်​နှလုံး​ကို ဆွဲ​ဆုတ်​ပြီး+ မင်း​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ဆီ ပြန်​လာ​ကြ။ ငါ​ဟာ သနား​စာ​နာ​တတ်​ပြီး ကရုဏာ​ရှိ​တဲ့​ဘု​ရား၊အမျက်​ထွက်​နှေး​ပြီး+ ခိုင်​မြဲတဲ့​မေတ္တာ ကြီး​မား​တဲ့​ဘု​ရား​ဖြစ်​တယ်။+ ငါ့​လူ​တွေ​အပေါ် ကျ​ရောက်​စေ​မယ့် ဘေး​ဆိုး​နဲ့​ပတ်​သက်​ပြီး ပြန်​စဉ်း​စား​သုံးသပ်​မယ်။ ၁၄  မင်း​တို့​ရဲ့​ဘု​ရား ယေဟောဝါ​က​ စိတ်​ပြောင်း​ပြီး ပြန်​စဉ်း​စား​သုံးသပ်​လေ​မလား၊+ ကောက်​နှံ​အလှူ​နဲ့ သွန်း​လောင်း​ရာ​အလှူ​တွေ​ကို မင်း​တို့​ပူ​ဇော်​နိုင်​ဖို့ ကောင်း​ချီး​တွေ ချန်​ထား​လေ​မလား ဘယ်​သူ​ပြော​နိုင်​မလဲ။ ၁၅  ဇိ​အုန်​မှာ တံ​ပိုး​မှုတ်​ကြ။ အစာ​ရှောင်​ချိန်​ကို ကြေ​ညာ​ကြ။ အထူး​စည်း​ဝေး​ပွဲ တက်​ဖို့ လူ​တွေ​ကို ခေါ်​လိုက်​ပါ။+ ၁၆  လူ​တွေ​ကို စု​ဝေး​ပါ။ လူ​အုပ်​ကို သန့်စင်​အောင် လုပ်​ခိုင်း​ပါ။+ အကြီး​အကဲ​တွေ​ကို စု​ရုံး​ပါ။ ကလေး​တွေ၊ နို့​စို့​က​လေး​တွေ​ပါ​မကျန် စု​ဝေး​လိုက်​ပါ။+ သတို့​သား​ကို အတွင်း​ခန်း​ထဲ​ က​နေ၊ သတို့​သမီး​ကို​လည်း မင်္ဂလာ​အခန်း​ထဲ​က​နေ ထွက်​လာ​ခိုင်း​လိုက်​ပါ။ ၁၇  ယေဟောဝါ​အတွက် အမှု​ဆောင်​တဲ့ ပု​ရော​ဟိတ်​တွေ​က မုခ်​ဦး​နဲ့ ပူဇော်​ရာ​ပလ္လင်​ကြား​မှာ+ ငိုကြွေး​ကြ​ပါ​စေ။ ‘အို ယေဟောဝါ၊ လူမျိုး​တော်​ကို သနား​လှည့်​ပါ။ အမွေ​တော်​ကို နှာ​ခေါင်း​ရှုံ့​ စ​ရာ မဖြစ်​စေ​ပါ​နဲ့။ သူတို့​ကို လူမျိုး​ခြား​တွေ မအုပ်​ချုပ်​စေ​ပါ​နဲ့။ “သူတို့​ရဲ့​ဘု​ရား ဘယ်​မှာ​လဲ”+ လို့ လူ​တွေ ဘာ​လို့​ပြော​ရ​မှာ​လဲ’ ဆို​ပြီး ဆုတောင်း​ကြ​ပါ​စေ။ ၁၈  အဲဒီ​အခါ ငါ​ယေဟောဝါ​က​လည်း ငါ့​တိုင်း​ပြည်​ကို စိတ်​ထက်​သန်​စွာ ကူညီ​မယ်။ ငါ့​လူမျိုး​ကို သနား​စာ​နာ​မယ်။+ ၁၉  ငါ​ယေဟောဝါ​က ‘ကောက်​နှံ​တွေ၊ စ​ပျစ်​ဝိုင်​အသစ်​တွေ၊ ဆီ​တွေ​ကို မင်း​တို့​အတွက် ပေး​မယ်။ မင်း​တို့ ဝ​ဝ​လင်​လင် စား​သောက်​ရ​မယ်။+ မင်း​တို့​ကို လူမျိုး​တွေ​အလယ်​မှာ ကဲ့​ရဲ့​ရှုတ်​ချ​စ​ရာ ဖြစ်​စေ​တော့​မှာ မဟုတ်​ဘူး။+ ၂၀  မြောက်​ပိုင်း​သား​ကို မင်း​တို့​နဲ့​ဝေးရာ​ဆီ မောင်း​ထုတ်​မယ်။ ခြောက်​သွေ့​တဲ့ လွင်​တီး​ခေါင်​ဆီ ကွဲ​လွင့်​စေ​မယ်။ သူ့​ရဲ့​တပ်​ဦး​ကို အရှေ့​ပင်လယ်​ဘက်၊* နောက်​ရံ​တပ်​ကို အနောက်​ပင်လယ်​ဘက်* ကွဲ​လွင့်​စေ​မယ်။ သူ့​ဆီ​က အပုပ်​နံ့ တ​ထောင်း​ထောင်း ထွက်​နေ​မယ်။+ ကြီးမြတ်​တဲ့​အမှု​တွေ​ကို ငါ​လုပ်​ဆောင်​မယ်’ ဆို​ပြီး ငါ့​လူ​တွေ​ကို အဖြေပေး​မယ်။ ၂၁  အို တိုင်း​ပြည်၊ မကြောက်​နဲ့။ ရွှင်​လန်း​ဝမ်း​မြောက်​ပါ။ ယေဟောဝါ​က ကြီးမြတ်​တဲ့​အမှု​တွေ​ကို လုပ်​ဆောင်​မယ်။ ၂၂  သား​ရဲ​တို့၊ မကြောက်​နဲ့။ တော​ကန္တာရ​ထဲ​က စား​ကျက်​မြေတွေ စိမ်း​လန်း​လာ​မယ်။+ အပင်​တွေ အသီး​သီး​လိမ့်​မယ်။+ သဖန်း​ပင်​နဲ့ စ​ပျစ်​ပင်​တွေ ပြွတ်​ခဲ​အောင် သီး​လိမ့်​မယ်။+ ၂၃  ဇိ​အုန်​မြို့​သား​တို့၊ မင်း​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ကြောင့် ရွှင်​လန်း​ဝမ်းမြောက်​ကြ​ပါ။+ ငါ​က ဆောင်း​ဦး​မိုး​ကို လိုသလောက်​ ပေး​မယ်။ မင်း​တို့​အပေါ် မိုး​ရွာ​သွန်း​စေ​မယ်။ အရင်​တုန်း​က​လို​ပဲ ဆောင်း​ဦး​မိုး​နဲ့ နွေဦး​မိုး​ကို ရွာ​ချ​စေ​မယ်။+ ၂၄  ကောက်​နယ်​တ​လင်း​တွေ​မှာ သန့်စင်​ထား​တဲ့ ကောက်​နှံ​တွေ ပြည့်​နေ​မယ်။ အသီး​နယ်​တဲ့​ကျင်း​တွေ​မှာ စ​ပျစ်​ဝိုင်​အသစ်​တွေ၊ ဆီ​တွေ လျှံ​ကျ​နေ​မယ်။+ ၂၅  နှစ်​တွေ​တစ်​လျှောက် အုံ​ဖွဲ့​ကျိုင်း​ကောင်၊ ကျိုင်း​ကောင်​ပေါက်၊အဖျက်​ကျိုင်း​ကောင်၊ ဝါး​မျို​ကျိုင်း​ကောင်​တွေ စား​ပစ်​လိုက်​တဲ့ မင်း​တို့​ရဲ့ သီး​နှံ​တွေ​အတွက် ငါ​ပြန်​လျော်​ပေး​မယ်။ သူတို့​ဟာ ငါ​စေ​လွှတ်​လိုက်​တဲ့ တပ်​မဟာ​ကြီး​ပဲ။+ ၂၆  မင်း​တို့​က တ​ကယ် ဝ​ဝ​လင်​လင် စား​သောက်​ရ​မယ်။+ အံ့​ဖွယ်​ရာတွေ လုပ်​ဆောင်​ပေး​ခဲ့​တဲ့ မင်း​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ရဲ့​နာမည်​ကို ချီး​မွမ်း​ကြ​လိမ့်​မယ်။+ ငါ့​လူ​တွေ​ဟာ အရှက်​ကွဲ​ရ​တော့​မှာ မဟုတ်​ဘူး။+ ၂၇  အစ္စရေးတွေ​အလယ်​မှာ စံ​မြန်း​နေ​တဲ့+ ငါ​ဟာ မင်း​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ဖြစ်​မှန်း၊+ ငါ​က​လွဲ​ပြီး တ​ခြား​ဘု​ရား မရှိ​မှန်း မင်း​တို့​သိ​ရ​လိမ့်​မယ်။ ငါ့​လူ​တွေ​ဟာ အရှက်​ကွဲ​ရ​တော့​မှာ မဟုတ်​ဘူး။ ၂၈  အဲဒီ​နောက် စွမ်းအား​တော်​ကို လူ​အမျိုး​မျိုး​အပေါ် ငါ​သွန်း​လောင်း​မယ်။+ မင်း​တို့​ရဲ့ သား​သမီး​တွေ ပရော​ဖက်​ပြု​ကြ​လိမ့်​မယ်။ အသက်​ကြီး​သူ​တွေ အိပ်​မက် မြင်မက်​ကြ​လိမ့်​မယ်။ လူငယ်​တွေ​လည်း စိတ်​အာ​ရုံ မြင်ကြ​လိမ့်​မယ်။+ ၂၉  အဲဒီ​အချိန်​မှာ ငါ့​ကျွန်​တွေ၊ ကျွန်မ​တွေ​ကို​ပါ စွမ်းအား​တော်​ငါ​သွန်း​လောင်း​မယ်။ ၃၀  ကောင်း​ကင်​နဲ့ ကမ္ဘာ​မြေပေါ်​မှာ ထူး​ဆန်း​တဲ့​အရာတွေ ငါ​ပြမယ်။ သွေး​တွေ၊ မီး​တွေ၊ မီး​ခိုး​လုံး​တွေ ဖြစ်​ပေါ်​လိမ့်​မယ်။+ ၃၁  ယေဟောဝါ​ရဲ့ ကြောက်​မက်​ဖွယ်​နေ့​ကြီး မရောက်​ခင်+ နေ​ဟာ မှောင်​မိုက်​သွား​မယ်။ လဟာ သွေး​ဖြစ်​သွား​မယ်။+ ၃၂  ယေဟောဝါ​ရဲ့​နာ​မည်​ကို ခေါ်​ပြီး ဆုတောင်း​သူ​တိုင်း ကယ်​တင်​ခံ​ရ​မယ်။+ ယေဟောဝါ ပြော​ထား​တဲ့​အတိုင်း ဇိ​အုန်​တောင်​နဲ့ ဂျေရု​ဆ​လင်​မြို့​မှာ လွတ်​မြောက်​သူ​တွေ ရှိ​မယ်။+ သူတို့​ဟာ ယေဟောဝါ ခေါ်​ယူ​လို့ အသက်​ရှင်​ကျန်​ရစ်​သူ​တွေ​ပဲ။”

အောက်ခြေမှတ်ချက်များ

ပင်လယ်​သေ။
မြေထဲ​ပင်လယ်။