ယောဘ ၃၀:၁-၃၁
၃၀ “အခုတော့ ကျုပ်ရဲ့သိုးထိန်းခွေးတွေကို ကြည့်ပေးဖို့တောင် မတန်တဲ့လူတွေရဲ့ သားတွေ၊ကျုပ်ထက် အသက်ငယ်သူတွေက
ကျုပ်ကို လှောင်ရယ်ကြတယ်။+
၂ သူတို့ခွန်အားကို ကျုပ်အတွက် သုံးကြလို့လား။
သူတို့ အားအင်ကုန်ခန်းသွားပြီပဲ။
၃ ဆင်းရဲငတ်ပြတ်လို့ နွမ်းလျနေတယ်။
ပျက်စီးပြီး လူသူကင်းမဲ့နေတဲ့မြေ၊ခြောက်သွေ့နေတဲ့မြေကို ဝါးစားနေရတယ်။
၄ ချုံပင်တွေရဲ့ ငန်ကျိကျိ အရွက်တွေကို ခူးစားရတယ်။
တံမြက်စည်းပင်ရဲ့ အမြစ်ကို စားရတယ်။
၅ ရပ်ရွာထဲကနေ မောင်းထုတ်ခံရတယ်။+
သူခိုးကို အော်ဟစ်မောင်းထုတ်သလို သူတို့ကို မောင်းထုတ်ကြတယ်။
၆ လျှိုမြောင်တွေ၊ လိုဏ်ခေါင်းတွေ၊ကျောက်ဆောင်တွေထဲမှာ သူတို့နေရတယ်။
၇ ချုံတွေထဲမှာ အော်ငိုနေရပြီး
ဖက်ယားပင်တွေကြားမှာ ပြွတ်သိပ်နေထိုင်ရတယ်။
၈ အသိတရားမရှိသူရဲ့ သားတွေ၊ လူယုတ်မာရဲ့ သားတွေအဖြစ်
နေရင်းပြည်ကနေ မောင်းထုတ်ခံရတယ်။
၉ အခုတော့ သူတို့က ကျုပ်ရဲ့အကြောင်းကို သီချင်းဖွဲ့ဆိုပြီး လှောင်ပြောင်ကြပြီ။+
ကျုပ်ဟာ နှာခေါင်းရှုံ့စရာ ဖြစ်နေပြီ။+
၁၀ ကျုပ်ကို ရွံလို့ ဝေးဝေးရှောင်ကြတယ်။+
မျက်နှာကို တံတွေးနဲ့ထွေးဖို့ ဝန်မလေးကြဘူး။+
၁၁ ဘုရားသခင်က ကျုပ်ကို မခုခံနိုင်အောင်လုပ်ပြီး မာန်ချိုး လိုက်တဲ့အတွက်
သူတို့ ဇက်ကုန်လွှတ်ပြီး ရောက်လာတယ်။
၁၂ ကျုပ်ရဲ့ညာဘက်မှာ လူဆိုးတစ်အုပ်လို ထကြွကြတယ်။
ကျုပ်ကို ထွက်ပြေးခိုင်းပေမဲ့
အတားအဆီးတွေကို လမ်းပေါ်ချပြီး ကျုပ်ပျက်စီးသွားအောင် လုပ်ကြတယ်။
၁၃ ကျုပ်ရဲ့လမ်းတွေကို ဖြိုဖျက်ပြီး
ဘေးဒုက္ခကို တိုးများစေတယ်။+
သူတို့ကိုတားမယ့်သူ* တစ်ယောက်မှ မရှိဘူး။
၁၄ မြို့ရိုးကို ထိုးဖောက်ပြီး ဝင်လာသလို ကျုပ်ဆီ ရောက်လာကြတယ်။
အပျက်အစီးတွေကြားကနေ တစ်ဟုန်ထိုး ပြေးလာကြတယ်။
၁၅ ကျုပ်ကို ကြောက်မက်ဖွယ်ရာတွေ လွှမ်းမိုးထားတယ်။
ကျုပ်ရဲ့ဂုဏ်သိက္ခာဟာ လေလို လွင့်ပါသွားတယ်။
ကယ်တင်ခြင်းဟာ တိမ်လို ပျောက်ကွယ်သွားတယ်။
၁၆ ကျုပ် သေလုနီးပါး ဖြစ်နေပြီ။+
ဒုက္ခနေ့တွေကိုပဲ+ ကြုံနေရတယ်။
၁၇ ညဘက်မှာ အရိုးတွေ ကိုက်ခဲပြီး+
တဆစ်ဆစ် နာကျင်နေတယ်။+
၁၈ ကျုပ်ရဲ့အဝတ်ဟာ အရှိန်နဲ့ဆောင့်ဆွဲခံရလို့ ပုံပျက်ပန်းပျက် ဖြစ်နေတယ်။*
ကျပ်နေတဲ့ အင်္ကျီလည်ပင်းပေါက်လို မွန်းကျပ်စေတယ်။
၁၉ ဘုရားသခင်က ရွှံ့ထဲပစ်ထားလိုက်တော့
ကျုပ်မှာ မြေမှုန့်နဲ့ ပြာမှုန့် ဖြစ်နေပြီ။
၂၀ ကျုပ်အော်ဟစ်အကူအညီတောင်းပေမဲ့ ကိုယ်တော် ပြန်မထူးဘူး။+
မတ်တတ်ရပ်ပြပေမဲ့ ဒီအတိုင်းပဲ ကြည့်နေတယ်။
၂၁ ကျုပ်ကို ရက်ရက်စက်စက် ကျောခိုင်းလိုက်ပြီ။+
အားကြီးတဲ့လက်ရုံးနဲ့ တိုက်ခိုက်ပြီ။
၂၂ ကျုပ်ကို ကောက်ကိုင်ပြီး လေထဲလွှင့်ပစ်တယ်။
မုန်တိုင်းထဲ ပစ်ပေါက်တယ်။*
၂၃ ကျုပ်ကို သေခြင်းဆီ၊အသက်ရှင်သူတိုင်း စုဝေးရမယ့်အိမ်ဆီ ပို့မယ်ဆိုတာ သိပါတယ်။
၂၄ ဒါပေမဲ့ သောကရောက်နေသူက ဒုက္ခရောက်လို့ အကူအညီတောင်းတဲ့အခါ
ဘယ်သူမှ အလဲထိုးမှာ မဟုတ်ပါဘူး။+
၂၅ ကျုပ်က အခက်ကြုံနေရသူတွေအတွက် ငိုကြွေးခဲ့ဖူးတယ် မဟုတ်လား။
ဆင်းရဲသားတွေအတွက် ပူဆွေးခဲ့ဖူးတယ် မဟုတ်လား။+
၂၆ အကောင်းကို မျှော်လင့်ပေမဲ့ အဆိုးပဲ ရောက်လာတယ်။
အလင်းကို စောင့်မျှော်ပေမဲ့ အမှောင်ပဲ ရောက်လာတယ်။
၂၇ ရင်ထဲမှာ ဗလောင်ဆူနေတယ်။
ဒုက္ခနေ့တွေပဲ ရင်ဆိုင်နေရတယ်။
၂၈ နေရောင်မရှိလို့ အမှောင်ထဲမှာပဲ သွားလာနေရတယ်။+
လူအုပ်အလယ်မှာ ထရပ်ပြီး အကူအညီတောင်းနေရတယ်။
၂၉ ခွေးအတွေနဲ့ ညီအစ်ကိုတော်ပြီး
ငှက်ကုလားအုတ်မတွေနဲ့ မိတ်ဆွေဖြစ်နေရတယ်။+
၃၀ ကျုပ်အရေပြားဟာ ညိုမည်းပြီး ကွာကျလာတယ်။+
အရိုးတွေလည်း ပူပြီး လောင်မြိုက်နေတယ်။*
၃၁ စောင်းက ညည်းတွားဖို့အတွက်၊ပလွေကလည်း ငိုကြွေးဖို့အတွက်ပဲ ဖြစ်လာရပြီ။