မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယာကုပ် ၂:၁-၂၆

မာတိကာ

  • မျက်​နှာ​လိုက်​ခြင်းဟာ အပြစ်​ဖြစ် (၁-၁၃)

    • ချစ်ခြင်း​မေတ္တာ​ တော်​ဝင်​ပညတ် ()

  • လုပ်​ရပ်​မပါ​တဲ့ ယုံ​ကြည်​ခြင်း​ဟာ အသေပဲ (၁၄-၂၆)

    • နတ်​ဆိုး​တွေ​တောင် ယုံ​လို့ ဖိမ့်​ဖိမ့်​တုန် (၁၉)

    • အာ​ဗြ​ဟံ​ဟာ ယေဟောဝါ​ရဲ့​မိတ်​ဆွေ​လို့ အခေါ်ခံရ (၂၃)

 ညီအစ်​ကို​တို့၊ ခင်​ဗျား​တို့​က ဘုန်း​ကြီး​တဲ့ သခင်​ယေရှု​ခ​ရစ်​ကို ယုံ​ကြည်​သူ​တွေ​ဖြစ်​လျက်​နဲ့ မျက်​နှာ​လိုက်​နေ​ကြ​သလား။+ ၂  ခင်​ဗျား​တို့​စည်း​ဝေး​တဲ့ နေ​ရာ​ကို လူ​နှစ်​ယောက်​ဝင်​လာ​တယ် ဆို​ပါ​စို့။ တစ်​ယောက်​က ရွှေ​လက်​စွပ်​ဝတ်​ပြီး သား​သား​နား​နား ဝတ်​ထား​တယ်။  နောက်​တစ်​ယောက်​က​တော့ ဆင်း​ရဲ​ပြီး ဟောင်း​နွမ်း​ညစ်​ပေတဲ့​အဝတ်  ဝတ်​ထား​တယ်။ ၃  သား​သား​နား​နား ဝတ်​ထား​သူ​ကို မျက်​နှာ​သာ​ပေး​ပြီး “ဒီ​နေ​ရာ​ကောင်း​မှာ ထိုင်​ပါ” လို့​ပြော​မယ်၊ ဆင်း​ရဲ​သူ​ကို​တော့ “ဟို​မှာ ရပ်​နေ​လိုက်” ဒါ​မှ​မဟုတ် “ခြေ​တင်​ခုံ​နား​မှာ ထိုင်​လိုက်”+ လို့ ပြော​မယ်​ဆို​ရင်၊ ၄  ခင်​ဗျား​တို့ အဆင့်​အတန်း ခွဲ​နေ​တာ​ပဲ မဟုတ်​လား။+ မတ​ရား​ဆုံး​ဖြတ်​တဲ့ တရား​သူ​ကြီး​တွေ​နဲ့ တူ​နေ​မယ် မဟုတ်​လား။+ ၅  ချစ်​ရ​တဲ့  ညီ​အစ်​ကို​တို့၊  နား​ထောင်​ကြ​ပါ။  ဆင်း​ရဲ​သား​လို့  ဒီ​လော​က​သတ်​မှတ်​တဲ့​သူ​တွေ​ကို ဘု​ရား​သခင်​က ယုံ​ကြည်​ခြင်း​မှာ ကြွယ်​ဝ​သူ​တွေ ဖြစ်​စေ​ဖို့  ရွေး​ချယ်​ထား​တယ် မဟုတ်​လား။+ ဘု​ရား​က မိမိ​ကို ချစ်​တဲ့​သူ​တွေ​ကို ကတိ​ပေး​ထား​တဲ့​အတိုင်း  နိုင်​ငံ​တော်​အမွေ​ခံ​တွေ ဖြစ်​စေ​ဖို့ သူ​တို့​ကို ရွေး​ချယ်​ထား​တယ်။+ ၆  ခင်​ဗျား​တို့​က   ဆင်း​ရဲ​သား​တွေ​ကို နှိမ်​တတ်​ကြ​တယ်။  တကယ်​တော့ ချမ်း​သာ​သူ​တွေ​က​သာ ခင်​ဗျား​တို့​ကို ဖိ​နှိပ်​ပြီး+ တ​ရား​ရုံး​ဆီ  ဆွဲ​ခေါ်​သွား​တာ  မဟုတ်​လား။ ၇  ခင်​ဗျား​တို့ ခံ​ယူ​ထား​တဲ့ ကောင်းမြတ်​တဲ့​နာ​မည်​ကို စော်​ကား​ပြော​ဆို​တာ​လည်း သူ​တို့​ပဲ မဟုတ်​လား။ ၈  ခင်​ဗျား​တို့​က “လူ​လူ​ချင်း​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ပါ”+ ဆို​ပြီး ကျမ်း​စာ​မှာ ပြော​ထား​တဲ့အတိုင်း တော်​ဝင်​ပညတ်​ကို လိုက်​နာ​နေ​တယ်​ဆို​ရင်  ကောင်း​တာ​ပေါ့။ ၉  ဒါ​ပေမဲ့  မျက်​နှာ​လိုက်​မြဲလိုက်​နေ​ရင်​တော့+ အပြစ်​ကျူး​လွန်​တာ​ပဲ။ ခင်​ဗျား​တို့​ဟာ အပြစ်​ကျူး​လွန်​သူ​တွေ​ဖြစ်​မှန်း တော်​ဝင်​ပညတ်​က ဖော်​ပြနေ​ပြီ။+ ၁၀  ပညတ်​အား​လုံး​ကို  လိုက်​နာ​စောင့်​ထိန်း​ပေမဲ့ တစ်​ခု​ကို ချိုး​ဖောက်​မိ​ရင် ပညတ်​အား​လုံး​ကို မလိုက်​နာ​တာ​နဲ့  အတူ​တူ​ပဲ။+ ၁၁  “အိမ်​ထောင်​ရေး​ မဖောက်​ပြန်​နဲ့”+ လို့​မိန့်​မှာ​တဲ့​သူ​က “လူ့​အသက် မသတ်​နဲ့”+ လို့​လည်း မိန့်​မှာ​ထား​တယ်။  ခင်​ဗျား​က အိမ်​ထောင်​ရေး​တော့ မဖောက်​ပြန်​ပါ​ဘူး၊ ဒါ​ပေမဲ့ လူ့​အသက်​ သတ်​မယ်​ဆို​ရင် ပညတ်​ကို ချိုး​ဖောက်​တာ​ပဲ။ ၁၂  ခင်​ဗျား​တို့​ဟာ လွတ်​လပ်​သူ​တွေ​ဖြစ်​လို့ ခင်ဗျား​တို့​အတွက်   ချ​မှတ်​ထား​တဲ့​ပညတ်​အ​တိုင်း  စီရင်​ခံ​ရ​လိမ့်​မယ်။ ဒါ​ကြောင့် အဲ​ဒီ​ပညတ်နဲ့အညီ  ပြု​မူ​ပြော​ဆို​ကြ​ပါ။+ ၁၃  ကရု​ဏာ​မပြတဲ့​သူ​ကို ဘု​ရား​သခင်​က​လည်း က​ရု​ဏာ​မပြဘဲ တ​ရား​စီ​ရင်​လိမ့်​မယ်။+ က​ရု​ဏာ​ဟာ တ​ရား​စီ​ရင်​ခြင်း​ကို အောင်​ပွဲ​ခံ​တတ်​တယ်။ ၁၄  ညီ​အစ်​ကို​တို့၊ တစ်​ယောက်​ယောက်​က ဘု​ရား​သခင်​ကို ယုံ​ကြည်​ပါ​တယ်​လို့ ပြော​ပြီး လက်​တွေ့​မကျင့်​ဘူး​ဆို​ရင် ဘာ​အကျိုး​ရှိ​မှာ​လဲ။+ အဲ​ဒီ​လို​ယုံ​ကြည်​ခြင်း​က သူ့​ကို ကယ်​တင်​နိုင်​မှာ​လား။+ ၁၅  ညီ​အစ်​ကို၊ ညီ​အစ်​မ တစ်​ယောက်​ယောက်​မှာ ဝတ်​စ​ရာ မရှိ​ဘူး၊ တစ်​နေ့​စာ​အတွက် စား​စ​ရာ မရှိ​ဘူး​ဆို​ရင်၊ ၁၆  ခင်​ဗျား​တို့ တစ်​ယောက်​ယောက်​က “အေး​အေး​ဆေး​ဆေး ပြန်​သွား​ပါ။  နွေးနွေး​ထွေး​ထွေး  နေ​ပါ။ ကောင်း​ကောင်း စား​ပါ” လို့​ပြော​ပြီး သူ​တို့​အသက်​ရှင်​သန်​ဖို့  လို​အပ်​ရာ​ကို မပေးဘူး​ဆို​ရင်  ဘာ​အကျိုး​ရှိ​မှာ​လဲ။+ ၁၇  ဒါ​ကြောင့် လုပ်​ရပ်​မပါ​တဲ့ ယုံ​ကြည်​ခြင်း​ဟာ အသေပဲ။+ ၁၈  တစ်​ယောက်​ယောက်​က “ခင်​ဗျား​ဟာ ယုံ​ကြည်​ခြင်း​ရှိ​တဲ့​သူ၊ ကျွန်​တော်​က​တော့ လက်​တွေ့​လုပ်​တဲ့​သူ​ပဲ။ လက်​တွေ့​မပါ​တဲ့ ခင်​ဗျားရဲ့ ယုံ​ကြည်​ခြင်း​ကို ကျွန်​တော့်​ကို ပြပါ။ ကျွန်​တော့်ရဲ့ ယုံ​ကြည်​ခြင်း​ကို​လည်း လုပ်​ရပ်​နဲ့ ပြမယ်” လို့ ပြော​လိမ့်​မယ်။ ၁၉  ဘု​ရား​သခင် တစ်​ဆူ​တည်း​ရှိ​တယ်​ဆို​တာ ခင်​ဗျား​ယုံ​တယ်  မဟုတ်​လား။  ကောင်း​ပါ​တယ်။ နတ်​ဆိုး​တွေ​တောင် ယုံ​လို့ ဖိမ့်​ဖိမ့်​တုန်​နေ​ကြ​တာ။+ ၂၀  စဉ်း​စား​ဉာဏ်​နည်း​တဲ့​သူ၊ လုပ်​ရပ်​မပါ​တဲ့ ယုံ​ကြည်​ခြင်း​ဟာ အချည်း​နှီး​ပဲ​ဆို​တာ မသိ​ဘူး​လား။ ၂၁  ဘိုး​ဘေး​အာ​ဗြ​ဟံ​က သား​အိ​ဇက်​ကို ပူ​ဇော်ရာ​ပလ္လင်​ပေါ်​မှာ ပူ​ဇော်​ပြီး​တဲ့​နောက် အဲ​ဒီ​လုပ်​ရပ်​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တယ် မဟုတ်​လား။+ ၂၂  သူ့​ရဲ့​ယုံ​ကြည်​ခြင်း​ဟာ လုပ်​ရပ်​နဲ့​ဒွန်​တွဲ​နေ​လို့ ရှင်​သန်​နေ​တယ်၊ လုပ်​ရပ်​ကြောင့်  ပြည့်​ဝ​စုံ​လင်​သွား​တယ်​ဆို​တာ+ ခင်​ဗျား​တို့​သိ​ပါ​တယ်။ ၂၃  “အာ​ဗြ​ဟံ​က ယေဟောဝါ​ကို* ယုံ​ကြည်​တယ်။ ဒါ​ကြောင့် ဘု​ရား​သခင်​က သူ့​ကို ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​တယ်”+ ဆို​တဲ့​ကျမ်း​စ​ကား ပြည့်​စုံ​လာ​တယ်။ ယေဟောဝါ​ရဲ့* မိတ်​ဆွေ​လို့ သူ​အခေါ်​ခံ​ရ​တယ်။+ ၂၄  လူ​တစ်​ယောက်​က  သူ့​ရဲ့​ယုံ​ကြည်​ခြင်း​ကြောင့်​သာ မဟုတ်​ဘဲ လုပ်​ရပ်​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တယ်​ဆို​တာ ခင်​ဗျား​တို့ အခု နားလည်​သွား​ပြီ။ ၂၅  အလား​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​က တ​မန်​တွေ​ကို ဖော်​ဖော်​ရွေ​ရွေ  ကြို​ဆို​ပြီး  တ​ခြား​လမ်း​နဲ့ ထွက်​သွား​နိုင်​အောင် ကူ​ညီ​ပေး​ခဲ့​တယ်။+ အဲ​ဒီ​လုပ်​ရပ်​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တယ် မဟုတ်​လား။ ၂၆  ဒါ​ကြောင့် အသက်​စွမ်း​အား* မရှိ​တဲ့ ကိုယ်​ခ​န္ဓာ​ဟာ အသေဖြစ်​သလို+ လုပ်​ရပ်​မပါ​တဲ့ ယုံ​ကြည်​ခြင်း​က​လည်း အသေပဲ။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ် “စွမ်း​အား” ကို​ကြည့်။