မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဿဲ ၇:၁-၂၉

မာတိကာ

  • တောင်​ပေါ် ဒေ​သနာ (၁-၂၇)

    • ဝေ​ဖန်​အကဲ​ဖြတ်​တာ​မျိုး မလုပ်​ပါ​နဲ့​တော့ (၁-၆)

    • တောင်း​မြဲတောင်း​ပါ၊ ရှာ​မြဲရှာ​ပါ၊ ခေါက်မြဲ​ခေါက်ပါ (၇-၁၁)

    • ရွှေ​ပညတ် (၁၂)

    • ကျဉ်း​တဲ့​တံခါး (၁၃၊ ၁၄)

    • အသီး​ကို ကြည့်​ပြီး ခွဲ​ခြား​သိ​နိုင် (၁၅-၂၃)

    • ကျောက်​သား​ပေါ် ဆောက်​တဲ့​အိမ်၊ သဲ​ပေါ် ဆောက်တဲ့အိမ် (၂၄-၂၇)

  • ယေရှု​ရဲ့​သွန်သင်​ပုံ​ကို လူ​တွေ အံ့​သြ (၂၈၊ ၂၉)

 “ကိုယ်​တိုင် ဝေ​ဖန်​ အကဲ​ဖြတ်​မခံ​ရ​ဖို့ သူ​တစ်ပါး​ကို ဝေ​ဖန်​အကဲ​ဖြတ်​တာ​မျိုး  မလုပ်​ပါ​နဲ့​တော့။+ ၂  သူ​တစ်ပါး​ကို ဝေ​ဖန်​အကဲ​ဖြတ်​တဲ့​အတိုင်း ကိုယ်​တိုင် ပြန်​ခံ​ရ​လိမ့်​မယ်။+ ကိုယ်​ချိန်​ပေး​လိုက်​တဲ့ ပမာ​ဏ​အတိုင်း ပြန်​ရ​လိမ့်​မယ်။+ ၃  ကိုယ့်​မျက်​စိ​ထဲ​မှာ  သစ်​သား​ချောင်း​ ခံ​နေ​တာ​ကို သတိ​မထား​ဘဲ​နဲ့  ညီ​အစ်​ကို​ရဲ့  မျက်​စိ​ထဲ​က  သစ်​စ​လေးကို​ပဲ  ဘာ​လို့​ကြည့်​နေ​တာ​လဲ။+ ၄  ကိုယ့်​မျက်​စိ​ထဲ​မှာ သစ်​သား​ချောင်း​ ခံ​နေ​လျက်​နဲ့ ညီ​အစ်​ကို​ကို ‘မင်း​ရဲ့​မျက်​စိ​ထဲ​က သစ်​စ​လေး ထုတ်​ပေး​ပါ​ရ​စေ’ လို့ ဘယ်​လို​လုပ် ပြော​နိုင်​မှာ​လဲ။ ၅  သူ​တော်​ကောင်း​ယောင်​ဆောင်​သူတို့၊ ကိုယ့်​မျက်​စိ​ထဲ​က သစ်​သား​ချောင်း​ကို အရင်​ထုတ်​လိုက်​ပါ​ဦး။ ဒါ​မှ ရှင်း​ရှင်း​လင်း​လင်း မြင်​ရ​ပြီး ညီ​အစ်​ကို​ရဲ့​မျက်​စိ​က သစ်​စ​လေး​ကို ထုတ်​ပေး​နိုင်​မှာ​ပေါ့။ ၆  “ခွေး​ကို မြင့်မြတ်​တဲ့​အရာတွေ မပေး​ပါ​နဲ့။ ဝက်​ရှေ့​မှာ​လည်း ပု​လဲ​တွေ မချ​ထား​ပါ​နဲ့။+ အဲ​ဒါ​တွေ​ကို နင်း​ချေ​ပြီး ခင်​ဗျား​တို့​ကို ပြန်​ကိုက်​လိမ့်​မယ်။ ၇  “တောင်း​မြဲတောင်း​ပါ၊  ရ​လိမ့်​မယ်။+  ရှာ​မြဲရှာ​ပါ၊  တွေ့​လိမ့်​မယ်။ ခေါက်​မြဲခေါက်​ပါ၊  တံခါး​ပွင့်​လာ​လိမ့်​မယ်။+ ၈  တောင်း​တဲ့​သူ​တိုင်း​ရ​လိမ့်​မယ်။+ ရှာ​တဲ့​သူ​တိုင်း တွေ့​လိမ့်​မယ်။ ခေါက်​တဲ့​သူ​တိုင်း​အတွက် တံခါး​ပွင့်​လာ​လိမ့်​မယ်။ ၉  ကိုယ့်​ရဲ့​သား​က မုန့်​ကို​တောင်း​ရင်  ကျောက်​ခဲ ​ပေး​မလား။ ၁၀  ငါး​ကို​တောင်း​ရင် မြွေပေး​မလား။ ၁၁  ခင်​ဗျား​တို့ အပြစ်​သား​တွေ​တောင် ကိုယ့်​သား​သမီး​ကို  ကောင်း​တာ​တွေ ပေး​တတ်​ရင် ခင်​ဗျား​တို့​ရဲ့ ကောင်း​ကင်​ဘုံ​စံ အဖဘု​ရား​က တောင်း​တဲ့​သူ​တွေ​ကို ကောင်း​တဲ့​အရာတွေ+ ပို​လို့​တောင်​ပေး​မှာ မဟုတ်​လား။+ ၁၂  “ဒါ​ကြောင့် ကိုယ့်​ကို ပြု​မူ​ဆက်​ဆံ​စေ​ချင်​တဲ့​အတိုင်း သူ​တစ်ပါး​ကို ပြု​မူ​ဆက်ဆံ​ပါ။+ ဒါ​ဟာ ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း​ရဲ့* အနှစ်​ချုပ်​ပဲ။+ ၁၃  “ကျဉ်း​တဲ့​တံခါး​က​နေ  ဝင်​ကြ​ပါ။+ ပျက်​စီး​ခြင်း​ကို ပို့​ဆောင်​တဲ့ တံခါး​ဟာ ကျယ်​ဝန်း​ပြီး လမ်း​က​လည်း ပြန့်​ပြူး​တဲ့​အတွက် ဝင်​တဲ့​သူ​တွေ များ​တယ်။ ၁၄  အသက်​ရှင်​ခြင်း​ကို  ပို့​ဆောင်​တဲ့ တံခါး​က​တော့ ကျဉ်း​မြောင်း​ပြီး လမ်း​က​လည်း ကြမ်း​တဲ့​အတွက် ရှာ​တွေ့​သူ​တွေ နည်း​တယ်။+ ၁၅  “သိုး​ရေ​ခြုံ​ပြီး  ဝင်​လာ​တဲ့+ ပရော​ဖက်  အတု​အယောင်​တွေ​ကို+ သတိ​ထား​ကြ။ တ​ကယ်​တော့ သူတို့​ဟာ ငမ်း​ငမ်း​တက်​ဖြစ်​နေ​တဲ့ ဝံ​ပု​လွေတွေ​ပဲ။+ ၁၆  သူတို့​ရဲ့ အသီး​ကို* ကြည့်​ပြီး သူတို့​ကို ခွဲ​ခြား​သိ​လိမ့်​မယ်။ ဆူး​ပင်​က​နေ စ​ပျစ်​သီး ခူး​လို့​မှ​မရ​တာ။ ဆူး​လေ​ပင်​က​နေ  သဖန်း​သီး  ခူး​လို့​မှ  မရ​တာ။+ ၁၇  အလား​တူ​ပဲ၊ ကောင်း​တဲ့​အပင်​ဟာ  ကောင်း​တဲ့​အသီး​  သီး​တတ်​တယ်။  မကောင်း​တဲ့​အပင်​က​တော့ မကောင်း​တဲ့​အသီး​ပဲ သီး​တတ်​တယ်။+ ၁၈  ကောင်း​တဲ့​အပင်​ဟာ မကောင်း​တဲ့​အသီး မသီး​ဘူး။ မကောင်း​တဲ့​အပင်​လည်း ကောင်း​တဲ့​အသီး မသီး​ဘူး။+ ၁၉  ကောင်း​တဲ့​အသီး မသီး​ရင် ခုတ်​လှဲ​ပြီး မီး​ထဲ ပစ်​ချ​ခံ​ရ​တတ်​တယ်။+ ၂၀  ဒါ​ကြောင့် သူတို့​ရဲ့​အသီး​ကို ကြည့်​ပြီး သူတို့​ကို ခွဲ​ခြား​သိ​လိမ့်​မယ်။+ ၂၁  “‘သခင်၊ သခင်’ လို့ ကျွန်​တော့်​ကို ခေါ်​တဲ့​သူ​တိုင်း ကောင်း​ကင်​နိုင်​ငံ​ကို ဝင်​ရ​မှာ မဟုတ်​ဘူး။ ကောင်း​ကင်​မှာ​စံ​မြန်း​တဲ့ ကျွန်​တော့်​အဖရဲ့ အလို​တော်​ကို  ဆောင်​တဲ့​သူ​ပဲ  ဝင်​ရ​လိမ့်​မယ်။+ ၂၂  အဲဒီ​နေ့​မှာ လူ​အများ​က ‘သခင်၊ သခင်၊+ ကျွန်​တော်​တို့ သခင့်​နာ​မည်​ကို​သုံး​ပြီး ပရော​ဖက်​ပြု​ခဲ့​တယ်၊ နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​ခဲ့​တယ်၊ အံ့​ဖွယ်​အမှု​တွေ​ကို​လည်း လုပ်​ပြခဲ့​တယ် မဟုတ်​လား’+ ဆို​ပြီး ပြော​ကြ​လိမ့်​မယ်။ ၂၃  အဲဒီ​အခါ ကျွန်​တော်​က ‘တ​ရား​မဲ့​သူတို့၊ မင်း​တို့​ကို ငါ လုံး​ဝ​မသိ​ဘူး။ ငါ့​ရှေ့​က ထွက်​သွား​ကြ’+ ဆို​ပြီး သူတို့​ကို ပြော​မယ်။ ၂၄  “ဒါ​ကြောင့် ကျွန်​တော်​ပြော​နေ​တဲ့ ဒီ​စကား​တွေ​ကို ကြား​ပြီး လိုက်​နာ​တဲ့​သူ​ဟာ  ကျောက်​သား​ပေါ်​မှာ အိမ်​ဆောက်​တဲ့  သတိ​ပညာ​ရှိ​သူ​နဲ့  တူ​တယ်။+ ၂၅  မိုး​သဲ​သဲ​မဲ​မဲ ရွာ​လို့ ရေတွေ​တက်​လာ​ပြီး လေ​ပြင်း​တိုက်​ခတ်​တဲ့​အခါ အဲဒီ​အိမ်​ဟာ ကျောက်​ဆောင်​ပေါ်​မှာ ဆောက်​ထား​တဲ့​အတွက် မပြို​လဲ​ဘူး။ ၂၆  ကျွန်​တော်​ပြော​နေ​တဲ့ ဒီ​စကား​တွေ​ကို ကြား​ပေမဲ့ မလိုက်​နာ​သူ​က​တော့ သဲ​ပေါ်​မှာ အိမ်​ဆောက်​တဲ့ ဉာဏ်​မရှိ​သူ​နဲ့ တူ​တယ်။+ ၂၇  မိုး​သဲ​သဲ​မဲ​မဲ ရွာ​လို့ ရေတွေ​တက်​လာ​ပြီး လေ​ပြင်း​တိုက်​ခတ်​တဲ့​အခါ+ အဲဒီ​အိမ် ပြို​လဲ​ပြီး လုံး​ဝ​ပျက်​စီး​သွား​တယ်။” ၂၈  အဲဒီ​လို ပြော​ပြီး​သွား​တဲ့​အခါ လူ​အုပ်​က ယေရှု​ရဲ့​သွန်သင်​ပုံ​ကို အံ့​သြကြ​တယ်။+ ၂၉  ယေရှု​က ကျမ်း​တတ်​တွေ​လို မဟုတ်​ဘဲ ဘု​ရား​ပေး အခွင့်​အာဏာ​ရှိ​သူ​တစ်​ယောက်​လို သွန်သင်​ပေး​လို့​ပဲ။+

အောက်ခြေမှတ်ချက်များ

‘ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း’ ဆို​တာ ဟီ​ဘ​ရူး​ကျမ်း​စောင်​အားလုံး​ကို ရည်​ညွှန်း။
လုပ်​ရပ်​ကို​ဆိုလို။