မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကု ၈:၁-၃၈

မာတိကာ

  • လူ ၄,၀၀၀ ကို ယေရှု​ကျွေး​မွေး (၁-၉)

  • အံ့​ဖွယ်​အမှု​ပြဖို့ တောင်း​ဆို​ကြ (၁၀-၁၃)

  • ဖာ​ရိ​ရှဲ​တွေ​နဲ့ ဟေ​ရုဒ်ရဲ့ တ​ဆေး (၁၄-၂၁)

  • ဗက်ဇဲ​ဒ​ရွာ​မှာ မျက်​မမြင်​တစ်​ယောက်​ကို ကုသ (၂၂-၂၆)

  • ယေရှု ဘယ်​သူ​ဖြစ်​မှန်း ပေတရု​ပြော (၂၇-၃၀)

  • သေဆုံးမ​ယ့်​အကြောင်း ယေရှု​ကြို​ပြော (၃၁-၃၃)

  • ယေရှု​ရဲ့ စစ်​မှန်​တဲ့​နောက်​လိုက် (၃၄-၃၈)

 အဲဒီ​အချိန်​မှာ လူ​တွေ အုပ်​လိုက်​ကြီး ရောက်​လာ​ပြန်​တယ်။ စား​စ​ရာ မရှိ​တဲ့​အတွက် ယေရှု​က တ​ပည့်တွေ​ကို ခေါ်​ပြီး၊ ၂  “ဒီ​လူ​အုပ်​ကို ကျွန်​တော် သနား​တယ်။+ သုံး​ရက်​လုံး​လုံး ကျွန်​တော်​နဲ့​အတူ ရှိ​နေ​ကြ​တာ။ သူတို့​မှာ စား​စ​ရာ​လည်း မရှိ​ဘူး။+ ၃  တ​ချို့​ဆို​ရင် အဝေး​ကြီး​ကို ပြန်​ရ​မှာ။ တစ်​ခု​ခု မကျွေး​ဘဲ​နဲ့ အိမ်​ပြန်​ခိုင်း​လိုက်​ရင် လမ်း​မှာ အား​ပြတ်​ကုန်​မယ်” လို့​ပြော​တယ်။ ၄  ဒါ​ပေမဲ့ တ​ပည့်တွေ​က “ဒီ​လူ​တွေ အဝ​စား​နိုင်​လောက်​တဲ့ စား​စ​ရာ​ကို ဒီ​လောက်​ခေါင်​တဲ့ နေ​ရာ​မျိုး​မှာ ဘယ်​လို​လုပ် ရ​နိုင်​မှာ​လဲ” ဆို​တော့၊ ၅  ယေရှု​က “ခင်​ဗျား​တို့​မှာ မုန့်​ဘယ်​နှစ်​လုံး​ရှိ​သလဲ” လို့ မေး​တဲ့​အခါ “ခု​နစ်​လုံး ရှိ​ပါ​တယ်”+ လို့​ဖြေတယ်။ ၆  ဒါ​နဲ့ လူ​အုပ်​ကို မြေပေါ် ထိုင်​ခိုင်း​တယ်။ မုန့်​ခု​နစ်​လုံး​ကို​ယူ၊ ကျေး​ဇူး​တင်​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့​ပြီး တ​ပည့်တွေ​ကို ပေး​တယ်။ တ​ပည့်တွေ​က လူ​အုပ်​ကို ပြန်​ဝေ​ပေး​တယ်။+ ၇  ဒါ့​အပြင် ငါး​က​လေး နည်း​နည်း ရှိ​နေ​တဲ့​အတွက် ကျေး​ဇူး​တင်​ချီး​မွမ်း​ပြီး​နောက် ဝေ​ခိုင်း​လိုက်​တယ်။ ၈  လူ​တွေ အဝ​စား​ပြီး​နောက်​ စား​ကြွင်း​စား​ကျန်​ကို ကောက်​သိမ်း​တဲ့​အခါ တောင်း​ကြီး ခု​နစ်​တောင်း အပြည့်​ရ​တယ်။+ ၉  စား​တဲ့​သူ​က ယောက်ျား ၄,၀၀၀ လောက်​ရှိ​တယ်။ အဲဒီ​နောက် သူတို့​ကို အိမ်​ပြန်​လွှတ်​လိုက်​တယ်။ ၁၀  ယေရှု​လည်း ချက်​ချင်း​ပဲ တ​ပည့်တွေ​နဲ့​အတူ လှေ​စီး​ပြီး ဒါ​လ​မနု​သနယ်​ကို ရောက်​လာ​တယ်။+ ၁၁  ဖာ​ရိ​ရှဲ​တွေ ရောက်​လာ​ပြီး ယေရှု​နဲ့ ဆွေး​နွေး​ငြင်း​ခုံ​တယ်။ ယေရှု​ကို အကဲ​စမ်း​ချင်​တဲ့​အတွက် ဘု​ရား​ဆီ​က အံ့​ဖွယ်​အမှု​တစ်​ခု​လောက် ပြပါ​လို့ တောင်း​ဆို​တယ်။+ ၁၂  ယေရှု​က စိတ်​ထိ​ခိုက်​လွန်း​လို့ “ဒီ​လူမျိုး​ဆက်​ဟာ အံ့​ဖွယ်​အမှု​ကို ဘာ​လို့​မြင်​ချင်​ရ​တာ​လဲ။+ ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ဒီ​လူမျိုး​ဆက်​ဟာ ဘယ်​အံ့​ဖွယ်​အမှု​ကို​မှ မြင်​ရ​မှာ မဟုတ်​ဘူး”+ လို့​ပြော​တယ်။ ၁၃  သူတို့​ဆီ​က​နေ ထွက်​သွား​ပြီး​နောက် လှေ​စီး​ပြီး ကမ်း​တစ်​ဖက်​ကို ပြန်​သွား​တယ်။ ၁၄  တ​ပည့်တွေ စား​စ​ရာ​ယူ​လာ​ဖို့ မေ့​သွား​တဲ့​အတွက် လှေ​ပေါ်​မှာ မုန့်​တစ်​လုံး​ပဲ ပါ​လာ​တယ်။+ ၁၅  ယေရှု​က “မျက်​စိ​ရှင်​ရှင်​ထား​ပြီး ဖာ​ရိ​ရှဲ​နဲ့​ဟေရုဒ်​တို့​ရဲ့ တ​ဆေး​ကို သတိ​ထား​ကြ”+ လို့ ပြတ်​ပြတ်​သား​သား  ပြော​တော့၊ ၁၆  တ​ပည့်တွေ​က စား​စ​ရာ မပါ​လာ​တဲ့​အကြောင်း ငြင်း​ခုံ​ကြ​တယ်။ ၁၇  ဒါ​ကို​သိ​တော့ ယေရှု​က “စား​စ​ရာ​မပါ​လာ​တဲ့ ကိစ္စ​အတွက်​နဲ့ ဘာ​လို့ ငြင်း​ခုံ​နေ​တာ​လဲ။ အခု​ထိ မသိ​သေး​ဘူး​လား၊ သဘော​မပေါက်​သေး​ဘူး​လား။ နား​မလည်​နိုင်​ကြ​ဘူး​လား။ ၁၈  ‘ခင်​ဗျား​တို့ မျက်​စိ​ရှိ​လျက်​နဲ့ မမြင်​ဘူး​လား။ နား​ရှိ​လျက်​နဲ့ မကြား​ဘူး​လား။’ ၁၉  ယောက်ျား ၅,၀၀၀ ကို ကျွန်​တော် မုန့်​ငါး​လုံး​ဖဲ့​ပေး​တုန်း​က+ စား​ကြွင်း​စား​ကျန် ဘယ်​နှစ်​တောင်း​အပြည့် ကောက်​သိမ်း​ခဲ့ရ​သလဲ၊ မှတ်​မိ​ကြ​သလား” လို့ မေး​တဲ့​အခါ “ဆယ့်​နှစ်​တောင်း ရ​တယ်”+ လို့ သူတို့​ဖြေတယ်။ ၂၀  “ယောက်ျား ၄,၀၀၀ ကို မုန့်​ခု​နစ်​လုံး ဖဲ့​ပေး​တုန်း​က​လည်း စား​ကြွင်း​စား​ကျန် တောင်း​ကြီး ဘယ်​နှစ်​တောင်း​အပြည့် ကောက်​သိမ်း​ခဲ့ရ​သလဲ” လို့​မေး​တဲ့​အခါ “ခု​နစ်​တောင်း ရ​တယ်”+ လို့ သူတို့​ဖြေတယ်။ ၂၁  အဲဒီ​အခါ ယေရှု​က “ကျွန်​တော်​ဆိုလို​တာ​ကို အခု​ထိ သဘော​မပေါက်​သေး​ဘဲ​ကိုး” လို့​ပြော​တယ်။ ၂၂  ဗက်ဇဲ​ဒ​ရွာ​ကို ရောက်​လာ​တဲ့​အခါ လူ​တွေ​က မျက်​မမြင်​တစ်​ယောက်​ကို ယေရှု​ဆီ ခေါ်​လာ​ပြီး တို့​ထိ​ပေး​ဖို့ တောင်း​ပန်​တယ်။+ ၂၃  ဒါ​နဲ့ ယေရှု​က မျက်​မမြင်​ကို ရွာ​အပြင်​ဘက် လက်​ဆွဲ​ခေါ်​သွား​ပြီး သူ့​မျက်​စိ​ကို တံ​တွေး​နဲ့ တို့​လိုက်​တယ်။+ ပြီး​တော့ သူ့​အပေါ် လက်​တင်​ပြီး “တစ်​ခု​ခု​မြင်​ရ​သလား” လို့​မေး​တယ်။ ၂၄  သူ​က မော့​ကြည့်​ပြီး “လူ​တွေ​ကို မြင်​ပါ​တယ်။ ဒါ​ပေမဲ့ သစ်​ပင်​တွေ လမ်း​လျှောက်​နေ​သလို​ပဲ” လို့​ဖြေတယ်။ ၂၅  ယေရှု​က နောက်​တစ်​ကြိမ် သူ့​မျက်​စိ​ကို တို့​လိုက်​တဲ့​အခါ သူ​အမြင်​အာ​ရုံ ပြန်​ရ​လာ​ပြီး အားလုံး​ကို ရှင်း​ရှင်း​လင်း​လင်း မြင်​ရ​တယ်။ ၂၆  “ရွာ​ထဲ မဝင်​နဲ့​ဦး” လို့​မှာ​ပြီး သူ့​အိမ်​ကို​ပဲ ပြန်​ခိုင်း​လိုက်​တယ်။ ၂၇  ကဲ​သရိ ဖိ​လိပ္ပိ​နယ်​မှာ​ရှိ​တဲ့ ရွာ​တွေ​ဆီ  သွား​တဲ့​လမ်း​မှာ  ယေရှု​က “ကျွန်​တော့်​ကို ဘယ်​သူ​လို့​ ပြော​ကြ​သလဲ” ဆို​ပြီး​မေး​တဲ့​အခါ၊+ ၂၈  တ​ပည့်​တွေ​က “နှစ်ခြင်း​ပေး​သူ ယောဟန်​လို့ ပြော​ကြ​တယ်။+ တ​ချို့​က ဧလိယ​တဲ့။+ တ​ချို့​ကျ​ပြန်​တော့ ပရော​ဖက်​တစ်​ယောက်​ပဲ​တဲ့”  ဆို​ပြီး  ဖြေတယ်။ ၂၉  “ခင်​ဗျား​တို့​ကော ကျွန်​တော့်​ကို ဘယ်​သူ​လို့ ပြော​မလဲ” ဆို​ပြီး ယေရှု​မေး​တဲ့​အခါ ပေတရု​က “သခင်​ဟာ ခ​ရစ်​တော်​ပါ”+ လို့​ဖြေတယ်။ ၃၀  အဲဒီ​အခါ သူ့​အကြောင်း​ကို ဘယ်​သူ့​ကို​မှ မပြော​ဖို့ ယေရှု အသေအချာ​မှာ​တယ်။+ ၃၁  ပြီး​တော့ လူ​သား​ဟာ ဒုက္ခ​အများ​ကြီး ခံ​ရ​မယ်၊ အကြီး​အကဲ​တွေ၊ ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ ငြင်း​ပယ်​တာ​ကို ခံ​ရ​မယ်၊ အသတ်​ခံ​ရ​ပြီး​နောက်+ သုံး​ရက်​မြောက်​နေ့​မှာ အသက်​ပြန်​ရှင်​လာ​မယ်​ဆို​တဲ့​အကြောင်း+ တ​ပည့်တွေ​ကို ပြော​ပြတယ်။ ၃၂  အဲဒီ​လို ပွင့်​ပွင့်​လင်း​လင်း ပြော​တဲ့​အခါ ပေတရု​က ယေရှု​ကို  ခေါ်​ထုတ်​သွား​ပြီး  အပြစ်​တင်​တယ်။+ ၃၃  ယေရှု​က မျက်​နှာ​လွှဲ​လိုက်​ပြီး တ​ပည့်တွေ​ကို ကြည့်​တယ်။ အဲဒီ​နောက် ပေတရု​ကို “စာ​တန်၊ ထွက်​သွား​ပါ။ ခင်ဗျား​က ဘု​ရား​သခင် စဉ်း​စား​သလို မစဉ်း​စား​ဘဲ လူ​တွေ​စဉ်း​စား​သလို စဉ်း​စား​နေ​တယ်”+ လို့ ဆုံးမ​တယ်။ ၃၄  ယေရှု​က တ​ပည့်တွေ​နဲ့ လူ​အုပ်​ကို​ခေါ်​ပြီး “ကျွန်​တော့်​နောက်​လိုက် ဖြစ်​ချင်​သူ​တိုင်း ကိုယ့်​ကိုယ်​ကိုယ် ငြင်း​ပယ်​ရ​မယ်။ ဒုက္ခ​သစ်​တိုင်​ကို* ထမ်း​ပြီး ကျွန်​တော့်​နောက်​ကို အမြဲလိုက်​ရ​မယ်။+ ၃၅  ကိုယ့်​အသက်​ကို ကယ်​ချင်​သူ​ဟာ အသက်​ဆုံး​ရ​လိမ့်​မယ်။ ဒါ​ပေမဲ့ ကျွန်​တော့်​ကြောင့်၊ သတင်း​ကောင်း​ကြောင့် အသက်​ဆုံး​သူ​တိုင်း အသက်​ပြန်​ရှင်​ရ​လိမ့်​မယ်။+ ၃၆  တစ်​လော​က​လုံး​ကို ပိုင်​ဆိုင်​ထား​ပေမဲ့ အသက်​ဆုံး​ၡုံး​သွား​ရင် ဘာ​အကျိုး​ရှိ​မှာ​လဲ။+ ၃၇  ကိုယ့်​အသက်​ကို ဘာ​နဲ့​ပြန်​လဲ​ယူ​လို့ ရ​မှာ​လဲ။+ ၃၈  ဖောက်​ပြန်​ပြီး ပြစ်​မှား​တတ်​တဲ့ ဒီ​လူမျိုး​ဆက်*  ထဲ​က  တစ်​ယောက်​ယောက်​ဟာ ကျွန်​တော့်​ကြောင့်၊ ကျွန်​တော့်​စကား​ကြောင့် ရှက်​မယ်​ဆို​ရင် လူ​သား​က​လည်း သန့်​ရှင်း​တဲ့ ကောင်း​ကင်​တ​မန်​တွေ ခြံ​ရံ​ပြီး အဖဘု​ရားရဲ့ ဘုန်း​တန်ခိုး​နဲ့ လာ​တဲ့​အခါ+ သူ့​ကို​လက်ခံ​ဖို့ ရှက်​လိမ့်​မယ်”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။