မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကု ၁၁:၁-၃၃

မာတိကာ

  • ယေရှု အောင်​ပွဲ​ခံ​လျက် မြို့​ထဲ​ဝင်​ရောက် (၁-၁၁)

  • သဖန်း​ပင် ကျိန်​စာ​သင့် (၁၂-၁၄)

  • ဗိမာန်​တော်​ကို ယေရှု ရှင်း​လင်း (၁၅-၁၈)

  • ခြောက်​သွေ့​သွား​တဲ့ သဖန်း​ပင် သင်​ခန်း​စာ (၁၉-၂၆)

  • ယေရှု​ရဲ့​အခွင့်​အာ​ဏာ​ကို မေး​မြန်း​ကြ (၂၇-၃၃)

၁၁  ဂျေရု​ဆ​လင်​မြို့​အနီး၊ သံ​လွင်​တောင်​ခြေ​မှာ​ရှိ​တဲ့  ဗက်​ဖာ​ဂေရွာ​နဲ့ ဗေ​သနိ​ရွာ​ကို+ ရောက်​လာ​တဲ့​အခါ ယေရှု​က တ​ပည့်​နှစ်​ယောက်​ကို လွှတ်​ပြီး၊+ ၂  “ရှေ့​မှာ​မြင်​နေ​ရ​တဲ့ ရွာ​ကို သွား​ကြ။ ရွာ​ထဲ​ဝင်​တာ​နဲ့ ဘယ်​သူ​မှ  မစီး​ဖူး​သေး​တဲ့  မြည်း​က​လေး​တစ်​ကောင် ချည်​ထား​တာ​ကို တွေ့​ရ​လိမ့်​မယ်။  ကြိုး​ဖြေပြီး  ဒီ​ကို  ဆွဲ​လာခဲ့။ ၃  တစ်​ယောက်​ယောက်​က ‘မြည်း​က​လေး​ကို ဘာ​လို့ ကြိုး​ဖြေနေ​တာ​လဲ’ လို့​မေး​ခဲ့ရင် ‘သခင် အသုံး​လို​လို့​ပါ။ ပြီး​တာ​နဲ့ ပြန်​လာ​ပို့​ပါ့​မယ်’ လို့​ပြော​လိုက်​ပါ” ဆို​ပြီး မှာ​တယ်။ ၄  တပည့်​တွေ ထွက်​သွား​တဲ့​အခါ လမ်း​ဘေး​က အိမ်​တစ်​အိမ်​ရဲ့ တံခါး​ပေါက်​မှာ မြည်း​က​လေး​တစ်​ကောင် ချည်​ထား​တာ​တွေ့​တော့  ကြိုး​ဖြေလိုက်​တယ်။+ ၅  အဲဒီ​မှာ​ရပ်​နေ​သူ​တချို့​က “ဘာ​လို့ မြည်း​ကြိုး​ကို ဖြေနေ​တာ​လဲ” လို့​ မေး​ကြ​တယ်။ ၆  ယေရှု မှာ​ထား​တဲ့​အတိုင်း သူတို့​ပြန်​ပြော​တော့ ယူ​သွား​ခွင့်​ပြု​ကြ​တယ်။ ၇  တ​ပည့်တွေ​က မြည်း​က​လေး​ကို+ ယေရှု​ဆီ ဆွဲ​လာ​ပြီး သူတို့​ရဲ့​ဝတ်​ရုံ​ကို မြည်း​ကျော​ပေါ်  ခင်း​ပေး​ကြ​တယ်။ ယေရှု​က  မြည်း​က​လေး​ကို  စီး​လာ​တယ်။+ ၈  လူ​အများ​က​လည်း သူ​တို့​ရဲ့​ဝတ်​ရုံ​တွေ​ကို လမ်း​ပေါ် ဖြန့်​ခင်း​ကြ​တယ်။ တ​ချို့​က လမ်း​ဘေး​က သစ်​ခက်​တွေ​ကို  ခုတ်​ပြီး  လမ်း​ပေါ်​ခင်း​ကြ​တယ်။+ ၉  အရှေ့​အနောက်​လိုက်​ပါ​လာ​တဲ့ လူ​အုပ်​က “ဘု​ရား​သခင်၊ သူ့​ကို ကယ်​တင်​ပါ။+ ယေဟောဝါ​ရဲ့* နာမည်​နဲ့ ရောက်​လာ​သူ ကောင်း​ချီး​ခံစား​ရ​ပါ​စေ။+ ၁၀  တည်​ထောင်​တော့​မယ့် အဖဒါဝိဒ်ရဲ့​နိုင်​ငံ+ ကောင်း​ချီး​ခံစား​ရ​ပါ​စေ။ ကောင်း​ကင်​မှာ စံ​မြန်း​တဲ့​အရှင်၊ သူ့​ကို ကယ်​တင်​ပါ”  ဆို​ပြီး  ကြွေး​ကြော်​ကြ​တယ်။ ၁၁  ယေရှု​က ဂျေရု​ဆ​လင်​မြို့​ကို ဝင်​လာ​တဲ့​အခါ ဗိမာန်​တော်​ထဲ​ဝင်​ပြီး အရာ​အားလုံး​ကို လှည့်​လည်​ကြည့်​ရှု​တယ်။ ဒါ​ပေမဲ့ မိုး​ချုပ်​ခါ​နီး​ပြီဖြစ်​လို့ တမန်​တော် ၁၂ ယောက်​နဲ့​အတူ ဗေ​သနိ​ရွာ​ကို ထွက်​သွား​တယ်။+ ၁၂  နောက်​တစ်​နေ့ ဗေ​သနိ​ရွာ​က​နေ ပြန်​အထွက်​မှာ ယေရှု ဗိုက်​ဆာ​လာ​တယ်။+ ၁၃  အရွက်​ဝေ​ဆာ​နေ​တဲ့ သဖန်း​ပင်​တစ်​ပင်​ကို လှမ်း​မြင်​တဲ့​အခါ အသီး​များ​ရှိ​မလားလို့ သွား​ကြည့်​တယ်။ ဒါ​ပေမဲ့ အသီး​သီး​ချိန် မဟုတ်​တဲ့​အတွက် အရွက်​ပဲ တွေ့​တယ်။ ၁၄  ဒါ​နဲ့ ယေရှု​က “မင်း​ရဲ့​အသီး​ကို နောက်​နောင် ဘယ်​သူ​မှ မစား​စေ​ရ”+ လို့​ပြော​တယ်။ ဒါ​ကို တ​ပည့်တွေ​လည်း ကြား​တယ်။ ၁၅  ဂျေရု​ဆ​လင်​မြို့​ကို ရောက်​လာ​တဲ့​အခါ ယေရှု​က ဗိမာန်​တော်​ထဲ​ဝင်​ပြီး အဲဒီ​မှာ ရောင်း​ဝယ်​နေ​တဲ့ လူ​တွေ​ကို မောင်း​ထုတ်​တယ်။ ငွေ​လဲ​လှယ်​သူ​တွေရဲ့ စား​ပွဲ၊ ချိုး​ငှက်​ရောင်း​သူ​တွေရဲ့ ခုံ​ကို မှောက်​လှန်​ပစ်​တယ်။+ ၁၆  ဗိမာန်​တော်​ကို ဖြတ်​သန်း​ပြီး ပစ္စည်းတွေ သယ်​ဆောင်​ဖို့ လုံး​ဝ​ခွင့်​မပြု​ဘူး။ ၁၇  “‘ငါ့​အိမ်​ကို လူမျိုး​အားလုံး ဆုတောင်း​ရာ​အိမ်​လို့ ခေါ်​ကြ​မယ်’+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​ပေမဲ့ ခင်​ဗျား​တို့​က အိမ်​တော်​ကို ဓားပြ​ခို​အောင်း​တဲ့​နေ​ရာ ဖြစ်​စေ​ကြ​ပြီ”+ ဆို​ပြီး လူ​တွေ​ကို ဆုံးမ​တယ်။ ၁၈  ဒါ​ကို ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ ကြား​တာ​နဲ့ ယေရှု​ကို​သတ်​ဖို့ နည်း​လမ်း​ရှာ​ကြ​တယ်။+ ဒါ​ပေမဲ့ ယေရှု​ကို သူတို့ ကြောက်​တယ်။ ဘာ​လို့​လဲ​ဆို​တော့ လူ​တွေ​က ယေရှု​သွန်သင်​တာ​ကို တ​အံ့​တ​သြ ဖြစ်​နေ​ကြ​လို့​ပဲ။+ ၁၉  နေ​ဝင်​ခါ​နီး​အချိန်​လောက်​မှာ ယေရှု​နဲ့​တ​ပည့်တွေ​က  ဂျေရု​ဆ​လင်​မြို့က​နေ  ထွက်​သွား​ကြ​တယ်။ ၂၀  နောက်​တစ်​နေ့ မနက်​စော​စော လမ်း​မှာ​သွား​နေ​တုန်း  သဖန်း​ပင်​ဟာ အမြစ်​ပါ​မကျန် ခြောက်​သွေ့​နေ​တာ​ကို သူတို့​တွေ့​လိုက်​ရ​တယ်။+ ၂၁  ပေတ​ရု​က ယေရှု​ပြော​ခဲ့​တဲ့​စကား​ကို သတိ​ရ​ပြီး “ဆ​ရာ၊ ကြည့်​ပါ​ဦး။ ဆ​ရာ​ကျိန်​လိုက်​တဲ့ သဖန်း​ပင်​ဟာ ခြောက်​နေ​ပြီ”+ လို့​ပြော​တယ်။ ၂၂  ယေရှု​က “ဘု​ရား​သခင်​ကို ယုံ​ကြည်​ပါ။ ၂၃  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ သံ​သယ​စိတ် မရှိ​ဘဲ ကိုယ်​ပြော​တဲ့​အတိုင်း ဖြစ်​မယ်​လို့ ယုံ​ကြည်​ပြီး ဒီ​တောင်​ကို ‘နေ​ရာ​က​နေ ရွေ့​ပြီး ပင်လယ်​ထဲ ကျ​စေ’ လို့​ပြော​ရင် အဲဒီ​အတိုင်း ဖြစ်​လိမ့်​မယ်။+ ၂၄  ဒါ​ကြောင့် ကျွန်​တော်​ပြော​မယ်။ ရ​ကို​ရ​မယ်​လို့ ယုံ​ကြည်​ပြီး ခင်​ဗျား​တို့​ဆုတောင်း​ရင် တောင်း​သမျှ ရ​လိမ့်​မယ်။+ ၂၅  ခင်​ဗျား​တို့ မတ်​တတ်​ရပ်​ပြီး ဆုတောင်း​တဲ့​အခါ တစ်​ယောက်​ယောက်​ကို မကျေ​နပ်​စ​ရာ အကြောင်း​ရှိ​ရင် ခွင့်​လွှတ်​လိုက်​ပါ။ ဒါ​ဆို​ရင် ကောင်း​ကင်​အဖက ခင်​ဗျား​တို့​ရဲ့ အပြစ်​တွေ​ကို ခွင့်​လွှတ်​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၂၆  * ၂၇  အဲဒီ​နောက် ယေရှု​နဲ့ တ​ပည့်တွေ ဂျေရု​ဆ​လင်​မြို့​ကို ပြန်​လာ​တယ်။ ယေရှု​က ဗိမာန်​တော်​ဝင်း​ထဲ​မှာ လမ်း​လျှောက်​နေ​တုန်း ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ၊ အကြီး​အကဲ​တွေ ရောက်​လာ​ပြီး၊ ၂၈  “ခင်​ဗျား​က ဘာ​အခွင့်​အာ​ဏာ​နဲ့ ဒါ​တွေ​ကို လုပ်​နေ​တာ​လဲ။ ဘယ်​သူ​က ဒီ​အခွင့်​အာ​ဏာ ပေး​ထား​လို့​လဲ”+ ဆို​ပြီး မေး​တယ်။ ၂၉  ယေရှု​က “ကျွန်​တော် တစ်​ခု​မေး​မယ်။ ဖြေကြ​ပါ။ ဒါ​ဆို​ရင် ကျွန်​တော်​လည်း ဘာ​အခွင့်​အာ​ဏာ​နဲ့ ဒါ​တွေ​ကို လုပ်​တယ်​ဆို​တာ ပြော​ပြမယ်။ ၃၀  ယောဟန်​က ဘယ်​သူ့​ဆီ​က အခွင့်​အာ​ဏာ​နဲ့ နှစ်ခြင်း​ပေး​တာ​လဲ။+ ဘုရား​ဆီ​က​လား။* လူ​တွေ​ဆီ​က​လား” ဆို​ပြီး မေး​တယ်။+ ၃၁  အဲဒီ​အခါ သူတို့​က “‘ဘု​ရား​ဆီ​က’ လို့ ဖြေလိုက်​ရင် ‘ဒါ​ဆို ယောဟန်​ကို ဘာ​လို့​မယုံ​တာ​လဲ’ ဆို​ပြီး​ မေး​နေ​ဦး​မယ်။ ၃၂  ‘လူ​တွေ​ဆီ​က’ လို့​လည်း ငါ​တို့​မဖြေရဲ​ဘူး” လို့ အချင်း​ချင်း တိုင်​ပင်​ကြ​တယ်။ လူ​အားလုံး​က ယောဟန်​ကို ပရော​ဖက်​အစစ်​လို့ ယူ​မှတ်​ထား​တဲ့​အတွက်  လူ​အုပ်​ကို  သူတို့​ကြောက်​နေ​တယ်။+ ၃၃  ဒါ​ကြောင့် “မသိ​ဘူး” လို့​ဖြေတော့ ယေရှု​က “ကျွန်​တော်​လည်း ဘာ​အခွင့်​အာ​ဏာ​နဲ့ ဒါ​တွေ​ကို လုပ်​တယ်​ဆို​တာ မပြော​ပြဘူး” လို့​ဖြေလိုက်​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ကောင်း​ကင်​က​လား။”