မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားသူကြီး ၁၉:၁-၃၀

မာတိကာ

  • ဂိ​ဗာ​မြို့​မှာ ဗင်​ယာ​မိန်​ အမျိုး​သား​တွေရဲ့ မု​ဒိမ်း​မှု (၁-၃၀)

၁၉  အဲဒီ​တုန်း​က အစ္စရေး​ပြည်​မှာ ဘု​ရင် မရှိ​ဘူး။+ ဧ​ဖရိမ်​တောင်​တန်း​ဒေ​သရဲ့+ အစွန်​အဖျား​မှာ​နေ​ထိုင်​တဲ့ လေ​ဝိအမျိုး​သား​တစ်​ယောက်​ဟာ ယုဒ​နယ်​မြေထဲ​က ဘက်​သလီ​ဟင်​မြို့​သူ​ကို+  မယား​ငယ်​အဖြစ်  ယူ​ထား​တယ်။ ၂  ဒါ​ပေမဲ့ အဲဒီ​မယား​ငယ်​က သစ္စာ​မရှိ​ဘူး။ သူ့​ကို​ထား​ရစ်ခဲ့​ပြီး ယုဒ​နယ်​မြေ၊ ဘက်​သလီ​ဟင်​မြို့​မှာ​ရှိ​တဲ့ ဖခင်​ရဲ့​အိမ်​ကို ပြန်​သွား​တယ်။ အဲဒီ​မှာ လေး​လ​နေ​တယ်။ ၃  ယောက်ျား​ဖြစ်​သူ​က သူ့​ကို​ချော့​ပြီး ပြန်​ခေါ်​လာ​ဖို့ လိုက်​သွား​တယ်။ မြည်း​နှစ်​ကောင်​နဲ့ နောက်​လိုက်​ကို​ပါ ခေါ်​သွား​တယ်။ အဲဒီ​ကို​ရောက်​တော့ မယား​ငယ်​က သူ့​ကို အိမ်​ထဲ​ဝင်​ခိုင်း​တယ်။  ယောက္ခ​မလည်း  သူ့​ကို​တွေ့​တဲ့​အခါ ဝမ်း​သာ​အား​ရ ကြို​ဆို​ပြီး၊ ၄  သုံး​ရက်​လောက် ဆက်​နေ​ခိုင်း​တယ်။ သူ​လည်း အတူ​စား​သောက်​ပြီး အဲဒီ​မှာ ဆက်​နေ​လိုက်​တယ်။ ၅  လေး​ရက်​မြောက်​နေ့​မှာ သမက်​က မနက်​စော​စော​ထ​ပြီး သွား​ဖို့​ပြင်​တယ်။ ယောက္ခ​မက “တစ်​ခု​ခု​စား​ပြီး​မှ သွား​ကြ” လို့​ပြော​တော့၊ ၆  နှစ်​ယောက်​သား ထိုင်​ပြီး စား​သောက်​ကြ​တယ်။ ယောက္ခ​မက “တစ်​ည​လောက် နေ​ပါ​ဦး​လား။ ပျော်​ပျော်​ပါး​ပါး​ပေါ့” ဆို​ပြီး ပြော​တယ်။ ၇  သမက်​က ပြန်​ဖို့​လုပ်​တဲ့​အခါ ယောက္ခ​မက မပြန်​ပါ​နဲ့​ဦးလို့ တောင်း​ပန်​တော့ အဲဒီ​တစ်​ည​လည်း အိပ်​လိုက်​ရ​ပြန်​တယ်။ ၈  ငါး​ရက်​မြောက်​နေ့​မှာ စော​စော​ထ​ပြီး ပြန်​မယ်​လုပ်​တဲ့​အခါ ယောက္ခ​မက “တစ်​ခု​ခု​စား​သွား​ပါ​ဦး”  လို့​ပြော​တာ​နဲ့ နှစ်​ယောက်​သား စား​သောက်​နေ​ကြ​တာ  အချိန်​ကုန်​မှန်း​မသိ  ကုန်​သွား​တယ်။ ၉  သမက်​က သူ့​မယား​ငယ်​နဲ့ နောက်​လိုက်​ကို​ခေါ်​ပြီး သွား​ဖို့​ပြင်​တော့ ယောက္ခ​မက “ကြည့်​ပါ​ဦး၊ နေ​တောင် စောင်း​နေ​ပြီ။ မိုး​ချုပ်​တော့​မယ်။ ဒီ​ည​လည်း ဒီ​မှာ​ပဲ အိပ်​လိုက်​တော့။ အေး​အေး​ဆေး​ဆေး​ပေါ့​ကွာ။ မနက်​ကျ​မှ အစော​ကြီး​ထ​ပြီး အိမ်​ပြန်​ကြ” လို့​ပြော​တယ်။ ၁၀  ဒါ​ပေမဲ့ သမက်​က နောက်​တစ်​ည ထပ်​မအိပ်​ချင်​တော့​တာ​နဲ့ မြည်း​နှစ်​ကောင်​ကို ကုန်း​နှီး​တင်၊ သူ့​မယား​ငယ်​နဲ့ နောက်​လိုက်​ကို ခေါ်​ပြီး ခ​ရီး​ထွက်​လာ​တာ ဂျေရု​ဆ​လင်​လို့​ခေါ်​တဲ့+ ယေ​ဗုတ်​မြို့​အထိ ရောက်​လာ​တယ်။ ၁၁  ယေ​ဗုတ်​မြို့​နား​ကို ရောက်​တဲ့​အခါ  မှောင်​စ​ပျိုး​နေ​ပြီ။  ဒါ​ကြောင့် နောက်​လိုက်​က  “ယေ​ဗု​သိ​လူ​တွေ​နေ​တဲ့ ဒီ​မြို့​မှာ​ပဲ ည​အိပ်​ဝင်​နား​ရင် ကောင်း​မလား”  လို့  သခင်​ကို​ပြော​တယ်။ ၁၂  သခင်​က “အစ္စရေး​မဟုတ်​တဲ့ လူမျိုး​ခြား​တွေရဲ့​မြို့​မှာ မနား​ချင်​ပါ​ဘူး​ကွာ။ ဂိဗာ​မြို့​အထိ+ ဆက်​သွား​ရ​အောင်။ ၁၃  ဂိ​ဗာ​မြို့​ကို​ဖြစ်​ဖြစ်၊ ရာ​မမြို့​ကို​ဖြစ်​ဖြစ်+ အရောက်​သွား​ပြီး အဲဒီ​မှာ ည​အိပ်​ရ​အောင်” လို့​နောက်​လိုက်​ကို ပြော​ပြီး၊ ၁၄  ခ​ရီး​ဆက်​ကြ​တယ်။ ဗင်​ယာ​မိန်​နယ်​မြေမှာ​ရှိ​တဲ့ ဂိ​ဗာ​မြို့​နား​ရောက်​တော့ နေ​ဝင်​သွား​ပြီ။ ၁၅  ဒါ​နဲ့ ခ​ရီး​မဆက်​တော့​ဘဲ ည​အိပ်​တည်း​ခို​ဖို့ ဂိ​ဗာ​မြို့​ထဲ ဝင်​သွား​ပြီး လူ​ထု​ရင်​ပြင်​မှာ  ထိုင်​နေ​ကြ​တယ်။ ည​အိပ်​တည်း​ခို​ဖို့ သူတို့​ကို ဘယ်​သူ​မှ မခေါ်​ဖိတ်​ကြ​ဘူး။+ ၁၆  သူတို့​ထိုင်​စောင့်​နေ​တုန်း ည​ဦး​ပိုင်း​လောက်​မှာ အဘိုး​အို​တစ်​ယောက် လယ်​တော​က​နေ ပြန်​လာ​တယ်။ သူ​ဟာ ဧ​ဖရိမ်​တောင်​တန်း​ဒေ​သက​ဖြစ်​ပြီး+ ဂိ​ဗာ​မြို့​မှာ​နေ​တာ အတော်​ကြာ​ပြီ။ မြို့​သား​တွေ​က​တော့ ဗင်​ယာ​မိန်​အမျိုး​သား​တွေ ဖြစ်​တယ်။+ ၁၇  သူ​လှမ်း​ကြည့်​လိုက်​တဲ့​အခါ လူ​ထု​ရင်​ပြင်​မှာ ခ​ရီး​သည်​ရှိ​နေ​တာ​ကို တွေ့​တော့ “ဘယ်​သွား​မလို့​လဲ။ ဘယ်​က​လာ​တာ​လဲ” လို့​မေး​လိုက်​တယ်။ ၁၈  ခရီး​သည်​က “ကျွန်​တော်​တို့​ဟာ  ဧ​ဖရိမ်​တောင်​တန်း​ရဲ့  အစွန်​အဖျား​ဒေ​သမှာ နေ​ထိုင်​သူ​တွေ​ပါ။ ယုဒ​နယ်​မြေ၊ ဘက်​သလီ​ဟင်​မြို့​က​နေ+ ပြန်​လာ​တာ။ ယေဟောဝါ​ဘု​ရားရဲ့ အိမ်​တော်​ရှိ​တဲ့ နေ​ရာ​ကို သွား​မလို့။* ဒါ​ပေမဲ့ ကျွန်​တော်​တို့​ကို ည​အိပ်​တည်း​ခို​ဖို့ ဖိတ်​ခေါ်​မယ့်​သူ မရှိ​ဘူး။ ၁၉  မြည်း​တွေ​အတွက် ကောက်​ရိုး​နဲ့ တိ​ရစ္ဆာန်​အစာ အလုံ​အလောက်​ရှိ​ပါ​တယ်။+ ကျွန်​တော်​နဲ့ အမျိုး​သမီး​အတွက်၊ နောက်​လိုက်​အတွက် စား​စ​ရာရော၊+ စ​ပျစ်​ဝိုင်ရော ရှိ​ပါ​တယ်။ ကျွန်​တော်​တို့​မှာ အပြည့်​အစုံ​ပါ​တယ်” လို့​ဖြေတယ်။ ၂၀  အဲဒီ​အခါ အဘိုး​အို​က “ငါ့​အိမ်​မှာ လာ​တည်း​ပါ။* မင်း​တို့​လို​သမျှ ငါ့​တာဝန်​ထား။ ဒီ​လူ​ထု​ရင်​ပြင်​မှာ​တော့ ည​မအိပ်​ပါ​နဲ့” လို့​ပြော​တယ်။ ၂၁  အဲဒီ​နောက် အိမ်​ကို​ခေါ်​သွား​ပြီး မြည်း​တွေ​ကို အစာ​ကျွေး​တယ်။ သူတို့​လည်း ခြေ​ဆေး​ပြီး​နောက် စား​သောက်​ကြ​တယ်။ ၂၂  သူတို့ စား​သောက်​နေ​ကြ​တုန်း အဲဒီ​မြို့​သား လူ​ယုတ်​မာ​တွေ အိမ်​ကို​ဝိုင်း​လာ​ပြီး တံခါး​ကို ထု​ရိုက်​တယ်။ အိမ်​ရှင်​အဘိုး​အို​ကို “ခင်​ဗျား​အိမ်​မှာ ရောက်​နေတဲ့​လူ​ကို ထုတ်​ပေး။ သူ​နဲ့​ဆက်ဆံ​ချင်လို့”+ ဆို​ပြီး အော်​ဟစ်​ကြ​တယ်။ ၂၃  အိမ်​ရှင်​က ထွက်​လာ​ပြီး “ညီ​အစ်​ကို​တို့၊ ဒီ​လို​ယုတ်​ညံ့​တဲ့​လုပ်​ရပ်​ကို မလုပ်​ကြ​ပါ​နဲ့။ သူ​ဟာ ဒီ​အိမ်​က ဧည့်​သည်​ပါ။ ဒီ​လို​အရှက်​မရှိ​တဲ့ လုပ်​ရပ်​ကို မကျူး​လွန်​ကြ​ပါ​နဲ့။ ၂၄  ဒီ​မှာ ငါ့​သမီး​ပျို​ရော၊ သူ့​မယား​ငယ်​ရော ရှိ​တယ်။ သူတို့​ကို ထုတ်​ပေး​ပါ့​မယ်။ မင်း​တို့​ကို တား​မရ​ဘူး​ဆို​ရင်​လည်း သူတို့​ကို အရှက်​ရ​အောင် လုပ်​နိုင်​တယ်။+ ဒီ​လူ​ကို​တော့ အခု​လို အရှက်​မရှိ​တဲ့ လုပ်​ရပ်​မျိုး မကျူး​လွန်​ကြ​ပါ​နဲ့” လို့​ပြော​တယ်။ ၂၅  ဒါ​ပေမဲ့ အဘိုး​အို​ရဲ့​စကား​ကို နား​မထောင်​ကြ​တဲ့​အတွက် လေ​ဝိအမျိုး​သား​က မယား​ငယ်​ကို အိမ်​ပြင်​ထုတ်​ပေး​လိုက်​တယ်။+ သူတို့​လည်း အဲဒီ​အမျိုး​သမီး​ကို တစ်​ည​လုံး မတ​ရား​ပြု​ကျင့်​ပြီး မနက်​အရုဏ်​တက်​ချိန်​ကျ​မှ ပြန်​လွှတ်​လိုက်​တယ်။ ၂၆  မိုး​လင်း​ခါ​နီး​မှာ အမျိုး​သမီး​က ပြန်​ရောက်​လာ​ပြီး သူ့​သခင်​တည်း​ခို​နေ​တဲ့ အိမ်​ပေါက်​ဝ​မှာ လဲ​ကျ​သွား​တယ်။ မိုး​လင်း​တဲ့​အထိ အဲဒီ​မှာ လဲ​နေ​တယ်။ ၂၇  မနက်​ကျ​တော့ သူ့​သခင်​က ခ​ရီး​ဆက်​ဖို့ အိမ်​တံခါး​ဖွင့်​တဲ့​အခါ မယား​ငယ် အမျိုး​သမီး​ဟာ အိမ်​ရှေ့​တံခါး​ခုံ​ပေါ် လက်​တင်​ပြီး လဲ​ကျ​နေ​တာ​ကို တွေ့​လိုက်​ရ​တယ်။ ၂၈  သူ​က “ထ၊ ထ သွား​ကြ​စို့” လို့​ပြော​ပေမဲ့ ပြန်​မထူး​တော့​ဘူး။ ဒါ​နဲ့ အမျိုး​သမီး​ကို မြည်း​ပေါ်​တင်​ပြီး အိမ်​ခေါ်​သွား​တယ်။ ၂၉  အိမ်​ရောက်​တဲ့​အခါ ဓား​ကို​ယူ၊ မယား​ငယ်​ရဲ့ ခြေ​လက်​တွေ​ကို ၁၂ ပိုင်း ပိုင်း​ပြီး အစ္စရေး​နယ်​မြေအားလုံး​ကို တစ်​ပိုင်း​စီ ပို့​လိုက်​တယ်။ ၃၀  အဲ​ဒါ​ကို မြင်​သူ​တိုင်း​က “အီဂျစ်​ပြည်​က​နေ အစ္စရေးတွေ ထွက်​လာ​ချိန်​က​စ​ပြီး အခု​ချိန်​ထိ ဒါ​မျိုး တစ်​ခါ​မှ မဖြစ်​ဖူး​ဘူး။ ကြုံ​လည်း မကြုံ​ဖူး​ဘူး။ ဒီ​ကိစ္စ​ကို အသေအချာ စဉ်း​စား​ပြီး တိုင်​ပင်​ကြ။+ ပြီး​ရင် ဘာ​လုပ်​သင့်​တယ်​ဆို​တာ ပြော​ပြကြ” ဆို​ပြီး အချင်း​ချင်း ပြော​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

“ကျွန်​တော်​က ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ အမှု​ဆောင်​သူ​ပါ” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “ငြိမ်သက်​ခြင်း ရှိ​ပါ​စေ။”