မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တမန်တော် ၁၆:၁-၄၀

မာတိကာ

  • တိမောသေကို ပေါလု​ရွေး​ချယ် (၁-၅)

  • မက်​ဆီ​ဒိုး​နီး​ယား​လူ​အကြောင်း စိတ်​အာ​ရုံ (၆-၁၀)

  • ဖိ​လိပ္ပိ​မြို့​မှာ လုဒိ ယုံ​ကြည်​သူ​ဖြစ်​လာ (၁၁-၁၅)

  • ပေါလု​နဲ့ သိ​လ ထောင်​ချ​ခံ​ရ (၁၆-၂၄)

  • ထောင်​မှူး​နဲ့ အိမ်​သူ​အိမ်​သား နှစ်ခြင်း​ခံ (၂၅-၃၄)

  • တ​ရား​ဝင် လာ​တောင်း​ပန်​ဖို့ ပေါလု တောင်းဆို (၃၅-၄၀)

၁၆  ပေါလု​က  ဒေ​ရ​ဗေ​မြို့၊  အဲဒီ​နောက် လုတ္တရ​မြို့​ကို+ ရောက်​လာ​တယ်။ လုတ္တရ​မြို့​မှာ တိမောသေလို့​ခေါ်​တဲ့+  တ​ပည့်​တစ်​ယောက်​ရှိ​တယ်။ သူ့​မိ​ခင်​က ဂျူး​လူမျိုး ယုံ​ကြည်​သူ​ဖြစ်​ပြီး  ဖခင်​က​တော့  ဂရိ​လူမျိုး​ဖြစ်​တယ်။ ၂  တိမောသေဟာ လုတ္တရ​မြို့၊ အိ​ကော​နိ​မြို့​မှာ​ရှိ​တဲ့ ညီ​အစ်​ကို​တွေ​ရှေ့​မှာ နာမည်​ကောင်း​ရ​ထား​သူ​ပဲ။ ၃  ပေါလု​က တိမောသေကို ခေါ်​သွား​ချင်​တဲ့​အ​ကြောင်း ပြော​တယ်။ တိမောသေရဲ့​ဖခင်​ဟာ ဂရိ​လူမျိုး​ဖြစ်​မှန်း အဲဒီ​ဒေ​သက​ဂျူး​တွေ သိ​ထား​ကြ​တယ်။ ဒါ​ကြောင့် အဲဒီ​ဂျူး​တွေ​ကို ထောက်​ထား​တဲ့​အနေ​နဲ့ ပေါလု​က သူ့​ကို​ခေါ်​ပြီး အရေ​ဖျား​ဖြတ်​ပေး​တယ်။+ ၄  အဲဒီ​နောက် သူတို့​က တစ်​မြို့​ပြီး​တစ်​မြို့ ခ​ရီး​ဆက်​ပြီး ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ တမန်​တော်တွေ​နဲ့ အကြီး​အကဲ​တွေရဲ့ ဆုံး​ဖြတ်​ချက်​တွေ​ကို ပြော​ပြတယ်။ အဲဒီ​အတိုင်း သူတို့​လိုက်​နာ​ဖို့​ဖြစ်​တယ်။+ ၅  ဒါ​ကြောင့် အသင်း​တော်တွေ​ဟာ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​မြဲမြံ​လာ​ပြီး ယုံ​ကြည်​သူ​အရေ​အတွက် တစ်​နေ့​တ​ခြား တိုး​များ​လာ​တယ်။ ၆  အာ​ရှ​နယ်​မှာ  တ​ရား​စကား​မဟော​ပြော​ဖို့ သန့်​ရှင်း​သော စွမ်းအား​တော် တား​မြစ်​တဲ့​အတွက် သူတို့​က ဖြု​ဂိ​ပြည်၊ ဂလာ​တိ​ပြည်​ကို+ ဖြတ်​သွား​ကြ​တယ်။ ၇  မု​သိ​ပြည်​နား​ကို ရောက်​လာ​ပြီး ဗိ​သု​နိ​ပြည်​ကို+ သွား​မယ်​လုပ်​တော့  စွမ်းအား​တော်​က​တစ်ဆင့် ယေရှု​က သွား​ခွင့်​မပေး​ပြန်​ဘူး။ ၈  ဒါ​နဲ့ မုသိ​ပြည်​ကို  ဖြတ်​ကျော်​ပြီး  တရော​မြို့​ကို  ရောက်​လာ​တယ်။ ၉  ည​ရောက်​တော့ ပေါလု​က စိတ်​အာ​ရုံ​တစ်​ခု မြင်​တယ်။ မက်​ဆီ​ဒိုး​နီး​ယား​ပြည်​သား​တစ်​ယောက်​က  သူ့​ရှေ့​မှာ  ပေါ်​လာ​ပြီး “မက်ဆီ​ဒိုး​နီး​ယား​ပြည်​ကို ကူး​လာ​ပြီး ကျွန်​တော်​တို့​ကို ကူညီ​ပါ” လို့ ဖိတ်​ခေါ်​တယ်။ ၁၀  အဲဒီ​စိတ်​အာ​ရုံ​ကို ပေါလု​မြင်​တာ​နဲ့ မက်​ဆီ​ဒိုး​နီး​ယား​ပြည်​သား​တွေ​ကို သတင်း​ကောင်း​ဟော​ဖို့ ဘု​ရား​သခင် ဆင့်​ခေါ်​တာ​ပဲ​လို့ ကောက်​ချက်​ချ​ပြီး အဲဒီ​ကို​သွား​ဖို့ ကျွန်​တော်​တို့ စီ​စဉ်​တယ်။ ၁၁  ဒါ​နဲ့ ကျွန်​တော်​တို့​က တ​ရော​မြို့​က​နေ သာ​မော​သရက်​ကျွန်း​ဆီ တည့်​တည့် ရွက်​လွှင့်​လာ​ပြီး နောက်​တစ်​နေ့​မှာ နာ​ပေါ​လိ​မြို့​ကို ရောက်​လာ​တယ်။ ၁၂  အဲဒီ​မြို့​က​နေ  ထွက်​ပြီး   ရောမ​လက်​အောက်​ခံ​မြို့​ဖြစ်​တဲ့ မက်​ဆီ​ဒိုး​နီး​ယား​ပြည်​ရဲ့ မြို့​တော် ဖိ​လိပ္ပိ​မြို့​ကို+ ရောက်​လာ​တယ်။ အဲဒီ​မှာ ရက်​အနည်း​ငယ် ဆက်​နေ​ကြ​တယ်။ ၁၃  ဥ​ပုသ်​နေ့​ရောက်​တော့ ကျွန်​တော်​တို့​က လူ​တွေ​စု​ဝေး​ပြီး ဆုတောင်း​တဲ့​နေ​ရာ​ ရှိမှာ​ပဲ​ဆို​တဲ့​အထင်​နဲ့ မြို့​ပြင်​မြစ်​ကမ်း​နား​ကို ထွက်​သွား​လိုက်​တယ်။ အဲဒီ​မှာ​ထိုင်​ပြီး စု​ဝေး​ရောက်​ရှိ​နေ​တဲ့ အမျိုး​သမီး​တွေ​ကို ဟော​ပြော​တယ်။ ၁၄  အဲဒီ​အခါ  ခရမ်း​ရောင် အထည်​အလိပ်​ကို ရောင်း​တဲ့ သွာတိ​ရ​မြို့​သူ+ လုဒိ​ဟာ ဘု​ရား​သခင်​ကို ကိုးကွယ်​တဲ့​သူ​ဖြစ်​နေ​တော့ ကျွန်​တော်​တို့​ဟော​တာ​ကို  နား​ထောင်​နေ​တယ်။ ပေါလု​ဟော​ပြော​နေ​တာ​ကို အာ​ရုံ​စိုက်​နား​ထောင်​နိုင်​ဖို့ သူ့​စိတ်​နှလုံး​ကို ယေဟောဝါ*  ဖွင့်​ပေး​တယ်။ ၁၅  ဒါ​ကြောင့် သူ​ရော အိမ်​သူ​အိမ်​သား​တွေ​ပါ နှစ်ခြင်း​ခံ​ကြ​တယ်။+ “ကျွန်​မဟာ ယေဟောဝါ*  ဘု​ရား​အပေါ် သစ္စာ​ရှိ​သူ​ပါ​လို့ ညီ​အစ်​ကို​တို့ ယူ​ဆ​တယ်​ဆို​ရင် ကျွန်မ​အိမ်​မှာ လာ​တည်း​ခို​ကြ​ပါ” လို့ ဖိတ်​ခေါ်​ပြီး ကျွန်​တော်​တို့​ကို မရရ​အောင် လာ​ခိုင်း​တယ်။ ၁၆  တစ်​နေ့၊ လူ​တွေ​ဆုတောင်း​ဖို့ စုဝေး​တဲ့​နေ​ရာ​ဆီ ကျွန်​တော်​တို့ သွား​တဲ့​အခါ  ဗေ​ဒင်​ဟော​နိုင်​တဲ့  နတ်​ဝင်​သည်+ အစေ​ခံ​မလေး​တစ်​ယောက်​နဲ့ ဆုံ​တယ်။ သူ​က ရှေ့​ဖြစ်​ဟော​ပြီး သူ့​သခင်​တွေ စီး​ပွား​တက်​အောင် လုပ်​ပေး​တယ်။ ၁၇  သူ​က ပေါလု​နဲ့ ကျွန်​တော်​တို့​နောက် တ​ကောက်​ကောက်​လိုက်​ပြီး “ဒီ​လူ​တွေ​ဟာ အမြင့်​ဆုံး ဘု​ရား​သခင်​ရဲ့ ကျွန်​တွေ​ပဲ။+ ကယ်​တင်​ခြင်း​ရ​စေ​တဲ့ နည်း​လမ်း​အကြောင်း ဟော​ပြော​နေ​တာ”  ဆို​ပြီး   အော်​ပြော​လေ့​ရှိ​တယ်။ ၁၈  ရက်​ပေါင်း​များ​စွာ အဲဒီ​လို​လုပ်​နေ​တော့ ပေါလု​က သည်း​မခံ​နိုင်​တော့​တဲ့​အဆုံး လှည့်​ကြည့်​ပြီး “ယေရှု​ခရစ်​ရဲ့​ နာမည်​ကို အမှီ​ပြု​ပြီး ငါ​ပြော​မယ်၊ သူ့​အထဲ​က​နေ ထွက်​သွား​စမ်း” လို့​ပြော​လိုက်​တဲ့​အခါ ချက်​ချင်း​ပဲ အဲဒီ​နတ်​ဆိုး ထွက်​သွား​တယ်။+ ၁၉  သူ့​သခင်​တွေ​က ငွေ​ဝင်​ပေါက် ပိတ်​သွား​မှန်း+ သိ​တဲ့​အခါ ပေါလု​နဲ့ သိလ​ကို ဖမ်း​ပြီး ခေါင်း​ဆောင်​တွေ​ရှိ​ရာ ရင်ပြင်​ဆီ ဆွဲ​ခေါ်​သွား​တယ်။+ ၂၀  လက်​ထောက်​တ​ရား​သူ​ကြီး​တွေ​ဆီ ခေါ်​သွား​ပြီး “ဒီ​ဂျူး​တွေ​ဟာ ကျုပ်​တို့​မြို့​ကို အလွန်​နှောင့်​ယှက်​နေ​တယ်။+ ၂၁  ရော​မ​နိုင်​ငံ​သား​တွေ မခံ​ယူ၊ မကျင့်​သုံး​အပ်​တဲ့ ဓလေ့​ထုံး​စံ​တွေ​အကြောင်း ဟော​ပြော​နေ​တယ်”  လို့​တိုင်​တန်း​ကြ​တယ်။ ၂၂  လူ​အုပ်​က​လည်း သူတို့​ကို ဒေါသ​တကြီး​ အော်​ဟစ်​ကြ​တယ်။ ဒါ​နဲ့ လက်​ထောက်​တ​ရား​သူ​ကြီး​တွေ​က သူတို့​ကို အဝတ်​ဆွဲ​ချွတ်​ပြီး ကြိမ်​ဒဏ်​ပေး​ဖို့ အမိန့်​ချ​လိုက်​တယ်။+ ၂၃  သူတို့​ကို အချက်​ပေါင်း​များ​စွာ ရိုက်​နှက်​ပြီး​နောက် အသေအချာ စောင့်​ကြပ်​ဖို့ ထောင်​မှူး​ကို မှာ​ပြီး ထောင်​ချ​လိုက်​တယ်။+ ၂၄  ထောင်​မှူး​က​လည်း အမိန့်​အတိုင်း သူတို့​ကို ထောင်​ရဲ့​အတွင်း​ခန်း​ထဲ​မှာ လှောင်​ပြီး ထိတ်​တုံး​ခတ်​ထား​လိုက်​တယ်။ ၂၅  သန်း​ခေါင်​ယံ​လောက်​မှာ ပေါလု​နဲ့ သိ​လ​က ဆုတောင်း​ပြီး ဘု​ရား​သခင်​ကို   ချီး​မွမ်း​သီချင်း​   ဆို​နေ​တယ်။+ အကျဉ်း​သား​တွေ နား​ထောင်​နေ​တုန်း​မှာ၊ ၂၆  ရုတ်​တ​ရက် င​လျင်​ကြီး လှုပ်​ပြီး ထောင်​ရဲ့​အုတ်​မြစ်​တွေ လှုပ်​ခါ​ကုန်​တယ်။ ထောင်​တံခါး​အားလုံး ချက်​ချင်း​ပွင့်​သွား​သလို သံ​ကြိုး​တွေ၊ ထိတ်​တုံး​တွေ​လည်း အကုန်​ပြုတ်​ထွက်​ကုန်​တယ်။+ ၂၇  ထောင်​မှူး လန့်​နိုး​လာ​ပြီး ထောင်​တံခါး​ပွင့်​နေ​တာ မြင်​တော့ ထောင်​သား​တွေ ထွက်​ပြေး​ကုန်​ပြီထင်​လို့ ဓား​ကို​ဆွဲ​ထုတ်​ပြီး သူ့​ကိုယ်​သူ​သတ်​သေဖို့ လုပ်​တယ်။+ ၂၈  အဲဒီ​အခါ ပေါလု​က “အဲ​ဒီ​လို  မလုပ်​ပါ​နဲ့။  ကျွန်​တော်​တို့​အားလုံး ဒီ​မှာ ရှိ​ပါ​တယ်” လို့ အော်​ပြော​တယ်။ ၂၉  ထောင်​မှူး​က မီး​ခွက်​ယူ​လာ​ခိုင်း​ပြီး အထဲ​ပြေး​ဝင်​လာ​တယ်။ ကြောက်​ရွံ့​တုန်​လှုပ်​ပြီး ပေါလု​နဲ့ သိ​လ​ရဲ့​ခြေ​ရင်း​မှာ ပျပ်​ဝပ်​နေ​တယ်။ ၃၀  အဲဒီ​နောက် သူတို့​ကို ထောင်​ပြင်​ထုတ်​ပြီး “ကယ်​တင်​ခြင်း​ရ​ဖို့ ဘာ​လုပ်​ရ​မလဲ” လို့​မေး​တယ်။ ၃၁  သူတို့​က “သခင်​ယေရှု​ကို ယုံကြည်​ပါ။ ယုံ​ကြည်​ရင် ခင်ဗျား​ရော  အိမ်​သူ​အိမ်​သား​တွေ​ပါ ကယ်​တင်​ခြင်း ရ​လိမ့်​မယ်” လို့​ဖြေ​တယ်။+ ၃၂  အဲဒီ​နောက် သူ့​ကို​ရော သူ့​အိမ်​မှာ​ရှိ​နေ​တဲ့ လူ​အားလုံး​ကို​ပါ  ယေဟောဝါ​ရဲ့* တ​ရား​စကား​အ​ကြောင်း ပြော​ပြတယ်။ ၃၃  အဲဒီ​ည​မှာ​ပဲ​ ထောင်​မှူး​က ပေါလု​နဲ့ သိ​လ​ကို ခေါ်​သွား​ပြီး ဒဏ်​ရာတွေ ဆေး​ကြော​ပေး​တယ်။ အဲဒီ​နောက် ထောင်​မှူး​နဲ့ အိမ်​သား​အားလုံး ချက်​ချင်း နှစ်ခြင်း​ခံ​ကြ​တယ်။+ ၃၄  ပေါလု​နဲ့ သိ​လ​ကို အိမ်​ခေါ်​သွား​ပြီး တည်​ခင်း​ကျွေး​မွေး​တယ်။ ဘု​ရား​သခင်​ကို ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​တဲ့​အတွက် ထောင်​မှူး​ရော အိမ်​သား​တွေ​ပါ ဝမ်း​သာ​နေ​ကြ​တယ်။ ၃၅  မိုး​လင်း​တော့ လက်​ထောက်​တ​ရား​သူ​ကြီး​တွေ​က အစောင့်​ရဲ​မက်​တွေ လွှတ်​ပြီး “အဲဒီ​လူ​တွေ​ကို လွှတ်​ပေး​လိုက်” လို့ မှာ​တယ်။ ၃၆  အဲဒီ​အခါ ထောင်​မှူး​က  “လက်​ထောက်​တ​ရား​သူ​ကြီး​တွေ​က ခင်​ဗျား​တို့​နှစ်​ယောက်​ကို လွှတ်​ခိုင်း​လိုက်​တယ်။ ဒါ​ကြောင့် အခု၊ အေး​အေး​ချမ်း​ချမ်း သွား​ကြ​ပါ” ဆို​ပြီး ပေါလု​ကို ပြော​တယ်။ ၃၇  ဒါ​ပေမဲ့ ပေါလု​က “ရော​မနိုင်​ငံ​သား​ဖြစ်​တဲ့+ ကျွန်​တော်​တို့​ကို စစ်​ကြော​မေး​မြန်း​တာ​မျိုး​မလုပ်​ဘဲ လူ​ရှေ့​သူ​ရှေ့ ရိုက်​နှက်၊ ထောင်​ချ​ပြီး​မှ အခု​လို လူ​မသိ​သူ​မသိ ပြန်​လွှတ်​မလို့​လား။ ဒီ​လို​လုပ်​လို့ ဘယ်​ရ​မလဲ။ သူတို့​ကိုယ်​တိုင် လာ​ပြီး ခေါ်​ထုတ်​ပါ​စေ” လို့​ပြော​တယ်။ ၃၈  အစောင့်​ရဲ​မက်​တွေ​လည်း ပေါလု​ပြော​တဲ့​အတိုင်း ပြန်​ပြော​ပြတယ်။ သူတို့​ကို ရော​မနိုင်​ငံ​သား​ဖြစ်​မှန်း  သိ​သွား​တဲ့​အခါ   လက်​ထောက်​တ​ရား​သူ​ကြီး​တွေ ထိတ်​လန့်​သွား​တယ်။+ ၃၉  ဒါ​ကြောင့် ကိုယ်​တိုင် လာ​ပြီး ပေါလု​နဲ့ သိ​လ​ကို တောင်း​ပန်​ကြ​တယ်။ သူတို့​ကို ခေါ်​ထုတ်​သွား​ပြီး ဒီ​မြို့​က​နေ ထွက်​သွား​ဖို့ မေတ္တာရပ်​ခံ​ကြ​တယ်။ ၄၀  ဒါ​ပေမဲ့ ပေါလု​နဲ့ သိ​လ​က ထောင်​က​နေ ထွက်​လာ​ပြီး လုဒိ​အိမ်​ကို သွား​တယ်။ ညီ​အစ်​ကို​တွေ​နဲ့ တွေ့​ဆုံ​အား​ပေး​ပြီး​နောက်+ ထွက်​ခွာ​သွား​ကြ​တယ်။

အောက်ခြေမှတ်ချက်များ