မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တမန်တော် ၁၄:၁-၂၈

မာတိကာ

  • အိ​ကော​နိ​မြို့​မှာ ယုံ​ကြည်​သူ​ရော အတိုက်​အခံ​ပါ တိုး​များ (၁-၇)

  • လုတ္တရ​မြို့​မှာ နတ်​ဘု​ရားတွေလို့ အထင်​မှား​ခံရ (၈-၁၈)

  • ကျောက်​ခဲ​နဲ့​ပေါက်​ခံ​ရ​ပေမဲ့ ပေါလု အသက်​ရှင်​လွတ်​မြောက် (၁၉၊ ၂၀)

  • အသင်း​တော်​ကို အား​ပေး (၂၁-၂၃)

  • အဆီး​ရီး​ယား​ပြည် အန္တိ​အုတ်​မြို့​ဆီ ပြန်လာ (၂၄-၂၈)

၁၄  ပေါလု​နဲ့ ဗာ​န​ဗ​က အိ​ကော​နိ​မြို့​ကို ရောက်​လာ​တဲ့​အခါ ဂျူး​တရား​ဇ​ရပ်​ထဲ  ဝင်​ပြီး  ထိ​ထိ​ရောက်ရောက် ဟော​ပြော​တဲ့​အတွက် ဂျူး​နဲ့​ဂရိ​လူမျိုး အတော်​များ​များ ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​တယ်။ ၂  မယုံ​ကြည်​တဲ့ ဂျူး​တွေ​က​တော့ လူမျိုး​ခြား​တွေ​ကို သွေး​ထိုး​လှုံ့​ဆော်​ပြီး ပေါလု​နဲ့ ဗာ​န​ဗ​ကို လူ​တွေ​မုန်း​အောင် ဆွ​ပေး​တယ်။+ ၃  ဒါ​ကြောင့် အဲဒီ​မှာ ရက်​အတော်​ကြာ နေ​ထိုင်​ပြီး ယေဟောဝါ* ပေး​တဲ့ အခွင့်​အာ​ဏာ​နဲ့ ရဲရဲရင့်ရင့် သူတို့ ဟော​ပြော​ကြ​တယ်။ ဘု​ရား​သခင်​က သူတို့​ကို အံ့​ဖွယ်​အမှု​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ ပြု​လုပ်​နိုင်​တဲ့​အခွင့် ပေး​သနား​ခြင်း​အား​ဖြင့် မဟာ​ကရု​ဏာ​တော်​နဲ့​ဆိုင်​တဲ့ သတင်း​တ​ရား​ကို သက်သေခံ​တယ်။+ ၄  ဒါ​ပေမဲ့ မြို့​သူ​မြို့​သား အတော်​များ​များ စိတ်​ဝမ်း​ကွဲ​ပြီး တ​ချို့​က ဂျူး​တွေ​ဘက်၊ တ​ချို့​က တမန်​တော်တွေ​ဘက်​မှာ နေ​ကြ​တယ်။ ၅  လူမျိုး​ခြား​တွေရော ဂျူး​တွေ၊ ခေါင်း​ဆောင်​တွေ​ပါ တမန်​တော်တွေ​ကို ရိုင်း​ရိုင်း​စိုင်း​စိုင်း ဆက်ဆံ​ပြီး ကျောက်​ခဲ​နဲ့​ပေါက်​ဖို့ လုပ်​ကြ​တယ်။+ ၆  အဲဒီ​သတင်း​ကို ကြား​တဲ့​အခါ သူတို့​က လု​ကော​နိ​ပြည်​မှာ​ရှိ​တဲ့ လုတ္တရ​မြို့၊ ဒေ​ရ​ဗေ​မြို့​နဲ့ ပတ်​ဝန်း​ကျင်​ရွာ​တွေ​ဆီ ထွက်​ပြေး​ပြီး၊+ ၇  အဲဒီ​မှာ သတင်း​ကောင်း ဆက်​ဟော​ပြော​ကြ​တယ်။ ၈  မွေး​က​တည်း​က  ခြေ​မသန်​လို့ လမ်း​မလျှောက်​ဖူး​တဲ့ လူ​တစ်​ယောက် လုတ္တရ​မြို့​မှာ ရှိ​နေ​တယ်။ ၉  သူ​ဟာ ပေါလု​ဟော​တာ​ကို  ထိုင်​ပြီး  နား​ထောင်​နေ​တယ်။ ပေါလု​က သေချာ​ကြည့်​ပြီး သူ့​မှာ ပြန်​ကောင်း​လာ​နိုင်​တယ်​လို့ ယုံ​ကြည်​ချက်​ရှိ​တာ​ကို မြင်​တဲ့​အခါ၊+ ၁၀  “မတ်​တတ်​ရပ်​ပါ”  လို့  အသံ​ကျယ်​ကျယ်​နဲ့ ပြော​လိုက်​တယ်။ ဒါ​နဲ့ အဲဒီ​လူ  ထ​ခုန်​ပြီး  လမ်း​လျှောက်​တော့​တယ်။+ ၁၁  လူ​တွေ​က ပေါလု​လုပ်​ပေး​တာ​ကို မြင်​တဲ့​အခါ “နတ်​ဘု​ရားတွေ လူ​ယောင်​ဆောင်​ပြီး ငါ​တို့​ဆီ ဆင်း​လာ​တာ​ပဲ”+ ဆို​ပြီး လု​ကော​နိ​စကား​နဲ့ အော်​ပြော​တယ်။ ၁၂  ဗာ​န​ဗ​ကို ဇု​သနတ်​ဘု​ရား၊ ဦး​ဆောင်​ဟော​ပြော​တဲ့ ပေါလု​ကို ဟေ​ရ​မေနတ်​ဘုရား​လို့ ခေါ်​ကြ​တယ်။ ၁၃  မြို့​အဝင် ဇုသ​ဘု​ရား​ကျောင်း​မှာ​နေ​တဲ့ ပု​ရော​ဟိတ်​က ပေါလု​နဲ့ ဗာ​န​ဗ​ကို ပူ​ဇော်​ပသချင်​လို့ နွား​တွေ၊ ပန်း​ကုံး​တွေ​ကို မြို့​တံခါး​နား ယူ​လာ​တယ်။ ၁၄  ဒါ​ကို တမန်​တော် ဗာ​န​ဗ​နဲ့ ပေါလု ကြား​တဲ့​အခါ အဝတ်​ကို​ဆွဲ​ဆုတ်​ပြီး လူ​အုပ်​ကြား​ထဲ ပြေး​ဝင်​တယ်။ ၁၅  ပြီး​တော့ “မိတ်ဆွေ​တို့၊ ဘာ​လို့ ဒီ​လို​လုပ်​တာ​လဲ။ ကျွန်​တော်​တို့​လည်း အမှား​မကင်း​တဲ့ လူ​သား​တွေ​ပါ​ပဲ။+ ခင်​ဗျား​တို့​ကို သတင်း​ကောင်း ဟော​ရ​တဲ့​အကြောင်း​ရင်း​က အချည်း​နှီး​ဖြစ်​တဲ့ ဒီ​အရာတွေ​ကို စွန့်​လွှတ်​ပြီး ကောင်း​ကင်၊ မြေကြီး၊ သမု​ဒ္ဒရာ​နဲ့ အဲဒီ​မှာ​ရှိ​သမျှ​ကို ဖန်​ဆင်း​တဲ့​အရှင်၊ အသက်​ရှင်​နေ​တဲ့  ဘု​ရား​သခင်​ကို  ဝတ်​ပြု​ကိုးကွယ်​ဖို့​ပါ။+ ၁၆  အရင်​တုန်း​က ဘု​ရား​သခင်​ဟာ လူမျိုး​အားလုံး​ကို ကိုယ့်​လမ်း​ကိုယ် လျှောက်​ခွင့်​ပေး​ခဲ့​တယ်။+ ၁၇  ဒါ​ပေမဲ့ ဘု​ရား​သခင်​က ခင်​ဗျား​တို့​ကို အစား​အစာ အလျှံ​ပယ်​ပေး​ဖို့၊ ရွှင်​လန်း​ဝမ်း​မြောက်​စေ​ဖို့+ မိုး​ကောင်း​ကင်​က​နေ မိုး​ရွာ​စေ​တယ်၊ အသီး​အနှံ​တွေ ဖြစ်​ထွန်း​စေ​တဲ့ ရာ​သီ​ဥ​တု​ကို ပေး​တယ်။+ ဒီ​နည်း​နဲ့ ခင်​ဗျား​တို့​အတွက် ကောင်း​မှု​ပြု​ပြီး မိမိ​တည်​ရှိ​ကြောင်း မပျက်​မကွက် သက်သေခံ​နေ​တယ်”+ လို့ ခပ်​ကျယ်​ကျယ် ပြော​လိုက်​တယ်။ ၁၈  အဲဒီ​လို​ပြော​တာ​တောင် လူ​တွေ​က ပူ​ဇော်​ပသချင်​နေ​လို့ မနည်း​တား​မြစ်​ခဲ့ရ​တယ်။ ၁၉  ဒါ​ပေမဲ့  ဂျူး​တွေ​က အန္တိ​အုတ်​မြို့​နဲ့ အိ​ကော​နိ​မြို့​က​နေ ရောက်​လာ​ပြီး လူ​တွေ​ကို သွေး​ထိုး​တဲ့​အတွက်+ ပေါလု​ကို ကျောက်​ခဲ​နဲ့​ပေါက်​ကြ​တယ်။​  သေပြီအထင်​နဲ့ မြို့​ပြင် ဆွဲ​ထုတ်​သွား​တယ်။+ ၂၀  တ​ပည့်တွေ ဝိုင်း​အုံ​လာ​တဲ့​အခါ ပေါလု​က ထ​ပြီး မြို့​ထဲ ပြန်​ဝင်​သွား​တယ်။ နောက်​တစ်​နေ့​မှာ ဒေ​ရ​ဗေ​မြို့​ဆီ+ ဗာ​န​ဗ​နဲ့​အတူ ထွက်​သွား​တယ်။ ၂၁  အဲဒီ​မြို့​မှာ သတင်း​ကောင်း​ဟော​ပြီး လူ​အတော်​များ​များ​ကို တ​ပည့်​ဖြစ်​လာ​စေ​ပြီး​တဲ့​နောက် လုတ္တရ​မြို့၊ အိ​ကော​နိ​မြို့၊ အန္တိ​အုတ်​မြို့​ဆီ ပြန်​သွား​ကြ​တယ်။ ၂၂  “ကျွန်​တော်​တို့​က ဒုက္ခ​အများ​ကြီး​ခံ​ပြီး​မှ ဘု​ရား​သခင့် နိုင်​ငံ​တော် ဝင်​ရ​မယ်”+ လို့​ပြော​ပြီး အဲဒီ​မြို့​တွေ​မှာ​ရှိ​တဲ့ တ​ပည့်တွေ​ကို ယုံ​ကြည်​ခြင်း ခိုင်​ခံ့​နေ​ဖို့ အား​ပေး​တိုက်​တွန်း​တယ်။+ ၂၃  ဒါ့​အပြင် သူတို့​က အစာ​ရှောင် ဆုတောင်း​ပြီး​တဲ့​နောက်+ အသင်း​တော်​တိုင်း​မှာ​ အကြီး​အကဲ​တွေ ခန့်​အပ်​တယ်။+ ယုံ​ကြည်​သူ​ဖြစ်​လာ​တဲ့ အဲဒီ​အကြီး​အကဲ​တွေ​ကို ယေဟောဝါ​ဆီ* စိတ်​ချ​လက်​ချ အပ်​နှံ​လိုက်​တယ်။ ၂၄  အဲဒီ​နောက် ပေါလု​နဲ့ ဗာ​န​ဗ​က ပိ​သိ​ဒိ​ပြည်​ကို ဖြတ်​ပြီး ပံ​ဖု​လိ​ပြည်​ကို ရောက်​လာ​တယ်။+ ၂၅  ပေရ​ဂေမြို့​မှာ  တ​ရား​စကား ဟော​ပြော​ပြီး​နောက်  အတ္တလိ​မြို့​ဆီ   ဆင်း​သွား​တယ်။ ၂၆  အဲဒီ​က​နေ အန္တိ​အုတ်​မြို့​ဆီ ရွက်​လွှင့်​ကြ​တယ်။ အခု​ပြီး​စီး​သွား​တဲ့ အလုပ်​အပေါ် ဘု​ရား​သခင်​ရဲ့ မဟာ​ကရု​ဏာ သွန်း​လောင်း​ဖို့ ညီ​အစ်​ကို​တွေ သူတို့​အတွက် ဆုတောင်း​ပေး​ခဲ့​တဲ့​မြို့​ပဲ။+ ၂၇  အန္တိ​အုတ်​မြို့​ကို ရောက်​တဲ့​အခါ အသင်း​တော်​ကို စု​ဝေး​စေ​ပြီး သူတို့​က​တစ်ဆင့် ဘု​ရား​သခင် လုပ်​ဆောင်​ခဲ့​တာ​တွေ​အကြောင်း၊  လူမျိုး​ခြား​တွေ​အတွက် ယုံ​ကြည်​ခြင်း​တံခါး ဖွင့်​ပေး​ခဲ့​တဲ့​အကြောင်း  ပြန်​ပြော​ပြကြ​တယ်။+ ၂၈  အဲဒီ​နောက်  တ​ပည့်တွေ​နဲ့​အတူ အချိန်​အတော်​ကြာ နေ​ထိုင်​တယ်။

အောက်ခြေမှတ်ချက်များ