မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တမန်တော် ၁၀:၁-၄၈

မာတိကာ

  • ကော​နေ​လိရဲ့ စိတ်​အာ​ရုံ (၁-၈)

  • စင်​ကြယ်​စေ​ပြီး​သား တိ​ရစ္ဆာန်တွေ​အကြောင်း ပေတရုရဲ့​စိတ်​အာ​ရုံ (၉-၁၆)

  • ကော​နေ​လိ​ဆီ ပေတရု သွား​ရောက် (၁၇-၃၃)

  • လူမျိုး​ခြား​တွေ​ကို ပေတရု သတင်း​ကောင်း ဟောပြော (၃၄-၄၃)

    • “ဘု​ရား​သခင် မျက်​နှာ​မလိုက်” (၃၄၊ ၃၅)

  • လူမျိုး​ခြား​တွေ စွမ်းအား​တော်ရ​ရှိ​ပြီး နှစ်ခြင်း​ခံကြ (၄၄-၄၈)

၁၀  ကဲသရိ​မြို့​မှာ ကော်​နေ​လိလို့​ခေါ်​တဲ့ လူ​တစ်​ယောက်​ရှိ​တယ်။ အီ​တ​လီ​တပ်​ရင်း* ထဲ​က တပ်​စု​မှူး​ပဲ။* ၂  သူ​ဟာ ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဖြစ်​ပြီး သူ​ရော အိမ်​သား​တွေ​ပါ ဘုရား​သခင်​ကို ကြောက်​ရွံ့​ရို​သေကြ​တယ်။ လူ​တွေ​ကို ပေး​ကမ်း​စွန့်​ကြဲ​တတ်​သူ၊ ဘု​ရား​သခင်​ဆီ အမြဲ တိုး​လျှိုး​အသနား​ခံ​တတ်​သူ​ပဲ။ ၃  တစ်​နေ့၊ မွန်း​လွဲ ၃ နာရီ*+ လောက်​မှာ  စိတ်​အာ​ရုံ​တစ်​ခု​ကို  သူ​မြင်​တယ်။ ဘု​ရား​သခင်​ရဲ့ ကောင်း​ကင်​တ​မန်​က သူ့​ဆီ​ရောက်​လာ​ပြီး “ကော်နေ​လိ” လို့​ခေါ်​တော့၊ ၄  ကော်​နေ​လိ​က ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​ပြီး ကြောက်​လာ​တယ်။ “သခင်၊ ဘာ​ကိစ္စ​ရှိလို့​ပါ​လဲ”  လို့  မေး​လိုက်​တဲ့​အခါ ကောင်း​ကင်​တ​မန်​က “မင်း​ရဲ့​ဆုတောင်း​သံ​ကို ဘုရား​သခင် ကြား​တယ်။ မင်း​ပေး​ကမ်း​စွန့်​ကြဲ​တာ​တွေ​ကို​လည်း ဘု​ရား​သခင် မြင်​တယ်။+ ၅  အခု​ပဲ ယု​ပ္ပေ​မြို့​ဆီ လူ​လွှတ်​ပြီး ပေတရုလို့​ခေါ်​တဲ့ ရှိ​မုန်​ကို ခေါ်​ဖိတ်​လိုက်​ပါ။ ၆  ပင်လယ်​ကမ်း​နား​က သား​ရေ​နယ်​  လုပ်သား​ ရှိ​မုန်​ရဲ့​အိမ်မှာ သူ​တည်း​ခို​နေ​တယ်” လို့​မှာ​တယ်။ ၇  အဲဒီ​လို​မှာ​ပြီး  ကောင်း​ကင်​တ​မန် ထွက်​သွား​တာ​နဲ့ ကော်​နေ​လိ​က အစေ​ခံ​နှစ်​ယောက်၊ သူ့​လက်​ထောက်​တွေ​ထဲ​က ဘု​ရား​တ​ရား​ကြည်​ညို​တဲ့ စစ်​သည်​တစ်​ယောက်​ကို ခေါ်​လိုက်​တယ်။ ၈  သူ​တို့​ကို  အကြောင်း​စုံ​ပြော​ပြပြီး ယုပ္ပေ​မြို့​ဆီ လွှတ်​လိုက်​တယ်။ ၉  နောက်​တစ်​နေ့၊  ယု​ပ္ပေ​မြို့​နား သူတို့​ရောက်​လာ​တဲ့​အချိန်  မွန်း​တည့် ၁၂ နာ​ရီ*  လောက်​မှာ  ပေတရု​က ဆုတောင်း​ဖို့ အိမ်​မိုး​ပေါ် တက်​သွား​တယ်။ ၁၀  ပေတရု​က ဆာ​လောင်​ပြီး အစာ​စား​ချင်​လာ​တယ်။ အစား​အစာ ပြင်​ဆင်​နေ​ကြ​တုန်း​မှာ စိတ်​အာ​ရုံ​တစ်​ခု​ကို သူ​မြင်​တယ်။+ ၁၁  ကောင်း​ကင်​ပွင့်​လာ​ပြီး စ​တု​ရန်း​ပုံ ပိတ်​ထည်​ကြီး​လို အရာ​တစ်​ခု​က မြေပေါ် အပြန့်​လိုက်​ကျ​လာ​တာ​ကို မြင်​တယ်။ ၁၂  အဲဒီ​ပိတ်​ထည်​ထဲ​မှာ မြေပေါ်​သွား​လာ​တဲ့ ခြေ​လေး​ချောင်း​သတ္တ​ဝါ​တွေ၊ တွား​သွား​သတ္တ​ဝါ​တွေ၊ မိုး​ကောင်း​ကင်​ငှက်​တွေ အမျိုး​စုံ​ရှိ​နေ​တယ်။ ၁၃  အဲဒီ​နောက် “ပေတရု၊ ထ​ပြီး သတ်​စား​ပါ” ဆို​တဲ့​အသံ​ကို ကြား​တဲ့​အခါ၊ ၁၄  ပေတရု​က “မစား​နိုင်​ပါ​ဘူး၊ သခင်။ ညစ်​ညူး​တဲ့​အရာ၊ မစင်​ကြယ်​တဲ့​အရာ တစ်​ခု​မှ ကျွန်​တော် မစား​ဖူး​ပါဘူး”+ လို့ ပြော​တယ်။ ၁၅  အဲဒီ​အခါ  “ဘု​ရား​သခင် စင်​ကြယ်​စေ​ပြီး​သား​အရာ​ကို ညစ်​ညူး​တယ်​လို့ မပြော​ပါ​နဲ့​တော့” ဆို​တဲ့​အသံ​ကို သူ​ကြား​ရ​ပြန်​တယ်။ ၁၆  အဲဒီ​အသံ​ကို  သုံး​ကြိမ်​ကြား​ရ​ပြီး​တဲ့​နောက် ပိတ်​ထည်​နဲ့​တူ​တဲ့​အရာ​ဟာ ကောင်း​ကင်​ဆီ ချက်​ချင်း ရုပ်သိမ်း​ခံ​လိုက်​ရ​တယ်။ ၁၇  ပေတရု​က မြင်​ရ​တဲ့​စိတ်​အာ​ရုံ​ဟာ ဘာ​အဓိပ္ပာယ်​များ​ပါ​လိမ့်​လို့ တွေး​ပြီး စဉ်း​စား​မရ ဖြစ်​နေ​တယ်။ အဲဒီ​အချိန်​မှာ ကော်​နေ​လိ လွှတ်​လိုက်​တဲ့​သူ​တွေ​က ရှိ​မုန်​ရဲ့​အိမ်​ကို မေး​မြန်း​ရှာ​ဖွေ​ပြီး အိမ်​တံခါး​ရှေ့ ရောက်​လာ​တယ်။+ ၁၈  ဒီ​အိမ်​မှာ ပေတရုလို့​ခေါ်​တဲ့ ရှိ​မုန် တည်း​ခို​နေ​သလား​ဆို​ပြီး သူတို့ အော်​မေး​ကြ​တယ်။ ၁၉  စိတ်​အာ​ရုံ​အကြောင်း ပေတရု စဉ်း​စား​နေ​တုန်း​မှာ​ပဲ စွမ်းအား​တော်​က+ “မင်း​ကို လူ​သုံး​ယောက် ရှာ​နေ​တယ်။ ၂၀  အခု၊ ထ​ပြီး ဆင်း​သွား​ပါ။ သူတို့​ကို ငါ​လွှတ်​လိုက်​တာ​ဖြစ်​လို့ စိတ်​ချ​လက်​ချ​သာ လိုက်​သွား​ပါ” လို့ ပြော​တယ်။ ၂၁  ပေတရု​လည်း ဆင်း​သွား​ပြီး “ခင်​ဗျား​တို့ ရှာ​နေ​တာ ကျွန်​တော်​ပဲ။ ဘာ​ကိစ္စ​ရှိ​လို့​လဲ” ဆို​ပြီး မေး​တော့၊ ၂၂  “ကျွန်​တော်​တို့​ကို တပ်​မှူး​ကော်​နေ​လိ+ လွှတ်​လိုက်​တာ​ပါ။ သူ​ဟာ ဖြောင့်​မတ်​သူ၊ ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေသူ၊ ဂျူး​လူမျိုး​အားလုံး လေး​စား​ရ​တဲ့​သူ​ပဲ။ ဘု​ရား​သခင်​က သန့်​ရှင်း​တဲ့​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​ပြီး ခင်​ဗျား​ကို အိမ်​ခေါ်​ ဖိတ်​ဖို့၊ ခင်​ဗျား​ပြော​သမျှ​ကို ကြား​နာ​ဖို့ သူ့​ကို မိန့်မှာ​ထား​လို့​ပါ” ဆို​ပြီး ဖြေကြ​တယ်။ ၂၃  ပေတရု​လည်း သူတို့​ကို အိမ်​ထဲ​ခေါ်​ ဖိတ်​ပြီး ဧည့်​ဝတ်​ပြု​တယ်။ နောက်​တစ်​နေ့​မှာ ပေတရု​က ထ​ပြီး သူတို့​နဲ့​အတူ လိုက်​သွား​တယ်။ ယု​ပ္ပေ​မြို့​က  ညီ​အစ်​ကို​တ​ချို့​လည်း  အတူ​လိုက်​သွား​တယ်။ ၂၄  နောက်​တစ်​နေ့​မှာ ကဲ​သရိ​မြို့​ကို  သူတို့​ရောက်​လာ​တော့ ကော်​နေ​လိ​က ဆွေ​မျိုး​သား​ချင်း​တွေ၊ ရင်း​နှီး​တဲ့​မိတ်ဆွေ​တွေ​ကို ခေါ်​ ဖိတ်​ထား​ပြီး သူတို့​ကို စောင့်​မျှော်​နေ​တယ်။ ၂၅  ပေတရု ဝင်​လာ​တဲ့​အခါ ကော်​နေ​လိ​က ထွက်​ကြို​တယ်။ ပေတရုရဲ့ ခြေ​ရင်း​မှာ ပျပ်​ဝပ်​ပြီး အရို​အသေပေး​တော့၊ ၂၆  ပေတရု​က သူ့​ကို ဆွဲ​ထူ​ပြီး “ထ​ပါ။ ကျွန်​တော်​လည်း လူ​ပါ​ပဲ”+ လို့​ပြော​တယ်။ ၂၇  အဲဒီ​နောက် သူ​နဲ့ စကား​ပြော​ရင်း အိမ်​ထဲ​ဝင်​သွား​တဲ့​အခါ လူ​အများ​ကြီး​ရောက်​နေ​တာ​ကို မြင်​လိုက်​ရ​တယ်။ ၂၈  ဒါ​ကြောင့် ပေတရု​က “ဂျူး​တစ်​ယောက်​က လူမျိုး​ခြား​နဲ့ ပေါင်း​သင်း​ရင်၊ လူမျိုး​ခြား​ဆီ လည်​ပတ်​ရင် ဂျူး​ပညတ်​ကို ချိုး​ဖောက်​ရာရောက်​မှန်း ခင်​ဗျား​တို့ သိ​ပါ​တယ်။+ ဒါ​ပေမဲ့ ဘယ်​သူ့​ကို​မှ မသန့်​ရှင်း​သူ၊ မစင်​ကြယ်​သူ​လို့ မယူ​ဆ​သင့်​တဲ့​အကြောင်း ကျွန်​တော့်​ကို ဘု​ရား​သခင် ဖော်​ပြလိုက်​ပြီ။+ ၂၉  ဒါ​ကြောင့် ခင်​ဗျား​ဖိတ်​ခေါ်​တဲ့​အခါ ကျွန်​တော် မငြင်း​ဘဲ လိုက်​လာ​တာ။ ဒီ​တော့ ကျွန်​တော့်​ကို ဘာ​အတွက် ဖိတ်​ခေါ်​တာ​လဲ၊ ပြော​ပြပါ​ဦး” လို့ မေး​လိုက်​တယ်။ ၃၀  အဲဒီ​အခါ ကော်​နေ​လိ​က “လွန်​ခဲ့​တဲ့​လေး​ရက်၊ အခု​လို​အချိန် မွန်း​လွဲ ၃ နာ​ရီ* လောက်​မှာ ကျွန်​တော် အိမ်​ထဲ​မှာ ဆုတောင်း​နေ​ပါ​တယ်။ အဲဒီ​အချိန်​မှာ ထွန်း​တောက်​တဲ့​အဝတ်​ကို ဝတ်​ဆင်​ထား​သူ​တစ်​ယောက်  ကျွန်​တော့်​ရှေ့ လာရပ်​ပြီး၊ ၃၁  ‘ကော်​နေ​လိ၊ ခင်​ဗျား​ရဲ့ ဆုတောင်း​သံ​ကို ဘု​ရား​သခင် ကြား​တယ်။ ခင်​ဗျား ပေး​ကမ်း​စွန့်​ကြဲ​တာ​ကို​လည်း မြင်​တယ်။ ၃၂  ဒါ​ကြောင့် ယု​ပ္ပေ​မြို့​ဆီ လူ​လွှတ်​ပြီး ပေတရုလို့​ခေါ်​တဲ့ ရှိ​မုန်​ကို ခေါ်​ ဖိတ်​လိုက်​ပါ။ ပင်လယ်​ကမ်း​နား​က သား​ရေ​နယ်​လုပ်​သား ရှိ​မုန်​ရဲ့​အိမ်​မှာ သူ​တည်း​ခို​နေ​တယ်’+ လို့​ပြော​ပါ​တယ်။ ၃၃  ဒါ​ကြောင့် ကျွန်​တော်​လည်း ချက်​ချင်း​ပဲ ခင်​ဗျား​ဆီ လူ​လွှတ်​လိုက်​တာ။ အခု​လို ရောက်​လာ​တဲ့​အတွက်  ကျေး​ဇူး​တင်​ပါ​တယ်။ ခင်ဗျား​ကို ယေဟောဝါ* ဘု​ရား မိန့်မှာ​ထား​သမျှ  ကျွန်​တော်​တို့ ကြား​နာ​ချင်​လို့ ဘုရား​သခင်​ရဲ့​ရှေ့​တော်​မှာ အခု​လို​စု​ရုံး​ပြီး ရောက်​နေ​ကြ​တာ​ပါ” လို့​ပြော​တယ်။ ၃၄  အဲဒီ​အခါ ပေတရု​က “ဘုရား​သခင် မျက်​နှာ​မလိုက်​မှန်း ကျွန်​တော် ကောင်း​ကောင်း  သဘော​ပေါက်​သွား​ပြီ။+ ၃၅  ဘယ်​လူမျိုး​ဖြစ်​ဖြစ် ဘုရား​သခင်​ကို ကြောက်​ရွံ့​ရို​သေပြီး မှန်​ရာ​လုပ်​မယ်​ဆို​ရင်  ဘု​ရားရဲ့​နှစ်​သက်​လက်ခံ​မှု​ကို ရ​တာ​ပဲ။+ ၃၆  ဘု​ရား​သခင်​က လူ​အားလုံး​ရဲ့​သခင်​ဖြစ်​တဲ့+ ယေရှု​ခ​ရစ်​အား​ဖြင့် ခံစား​ရ​မယ့် ငြိမ်သက်​ခြင်း​သတင်း​ကောင်း​ကို+  အစ္စရေး​တွေ​ဆီ ကြေ​ညာ​ဖို့ မိန့်မှာ​ခဲ့​တယ်။ ၃၇  နှစ်ခြင်း​တ​ရား​ကို  ယောဟန် ဟော​ပြော​ပြီး​နောက် ဂါလိ​လဲ​ပြည်​က​စ​ပြီး+ ယုဒ​ပြည်​ တစ်​ဝန်း​လုံး  ပျံ့​နှံ့​နေ​တဲ့ အကြောင်း​အရာ​ကို ခင်ဗျား​တို့ သိ​ကြ​တယ်။ ၃၈  အဲဒီ​ကြောင်း​အရာ​က​တော့  နာ​ဇ​ရက်​မြို့​သား  ယေရှု​အ​ကြောင်း​ပဲ။ ဘု​ရား​သခင်​က သူ့​ကို သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ ဘိသိက်​ပေး​ပြီး+  တန်ခိုး​ပေး​တယ်။  သူ​နဲ့​အတူ ဘုရား​သခင်​ရှိ​တဲ့​အတွက်+ သူ​ဟာ  တစ်​ပြည်​လုံး  လှည့်​လည်​ရင်း ကောင်း​မှု​တွေ​ပြု​ပြီး မာရ်​နတ်​ညှဉ်း​ဆဲ​တဲ့​သူ​တွေ​ကို ပြန်​ကျန်း​မာ​လာ​အောင် လုပ်​ပေး​ခဲ့​တယ်။+ ၃၉  ဂျူး​မြို့​ရွာ​တွေ​မှာ​ရော ဂျေရု​ဆ​လင်​မြို့​မှာ​ပါ သူ​လုပ်​ခဲ့​တဲ့​အရာတွေ​နဲ့​ပတ်​သက်​လာရင် ကျွန်​တော်​တို့​ဟာ မျက်​မြင်​သက်​သေတွေ​ပဲ။ ဒါ​ပေမဲ့ သူတို့​က သူ့​ကို သစ်​တိုင်​ပေါ်​တင်​ပြီး ကွပ်​မျက်​လိုက်​တယ်။ ၄၀  သုံး​ရက်​မြောက်​နေ့​မှာ ဘု​ရား​သခင်​က သူ့​ကို အသက်​ပြန်​ရှင်​စေ​ပြီး+ လူ​တွေ​ကို မြင်​ခွင့်​ပေး​ခဲ့​တယ်။ ၄၁  လူ​အားလုံး​ကို  မြင်​ခွင့်​ပေး​တာ​တော့ မဟုတ်​ဘူး။ မျက်​မြင်​သက်​သေတွေ​အဖြစ် ဘု​ရား​သခင် ကြို​တင်​ခန့်​အပ်​ထား​သူ​တွေ၊ သူ ရှင်​ပြန်​ထ​မြောက်​လာ​ပြီး​တဲ့​နောက်  အတူ​စား​သောက်​ခွင့်​ရ​သူ​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​ကို​ပဲ မြင်​ခွင့်​ပေး​ခဲ့​တာ​ပါ။+ ၄၂  သူ​ဟာ အသက်​ရှင်​သူ၊ သေလွန်​သူ​တွေ​ကို တ​ရား​စီ​ရင်​ဖို့ ဘုရား​သခင် ခန့်​ထား​သူ​ဖြစ်​တဲ့​အကြောင်း+ လူ​တွေ​ကို ဟော​ပြော​ပြီး စေ့​စေ့​စပ်​စပ် သက်သေခံ​ဖို့ ကျွန်​တော်​တို့​ကို သူ​မှာ​ကြား​ခဲ့​တယ်။+ ၄၃  သူ့​ကို​ယုံ​ကြည်​သူ​တိုင်း သူ့​ရဲ့​နာ​မည်​အား​ဖြင့် အပြစ်​လွှတ်​ခံ​ရ​မယ်​ဆို​ပြီး+ ပရော​ဖက်​အားလုံး သက်သေခံ​ခဲ့​ကြ​တယ်”+ လို့​ပြော​တယ်။ ၄၄  အဲဒီ​အကြောင်း​ကို ပေတရု​ပြော​နေ​တုန်း တ​ရား​စကား ကြား​နာ​သူ​အား​လုံး​အပေါ် သန့်​ရှင်း​သော စွမ်းအား​တော် သက်​ရောက်​လာ​တယ်။+ ၄၅  လူ​မျိုး​ခြား​တွေ​လည်း သန့်​ရှင်း​သော စွမ်းအား​တော်​ဆို​တဲ့ ဆု​လက်​ဆောင်​ကို ရ​ရှိ​တဲ့​အတွက် ပေတရု​နဲ့​အတူ ပါ​လာ​တဲ့ အရေ​ဖျား​ဖြတ်​ထား​တဲ့ ယုံ​ကြည်​သူ​တွေ တ​အံ့​တ​သြ ဖြစ်​ကုန်​တယ်။ ၄၆  အဲဒီ​လူမျိုး​ခြား​တွေ​လည်း  ဘာ​သာ​စကား​အမျိုး​မျိုး ပြော​ဆို​ပြီး ဘု​ရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​နေ​တာ သူတို့​ကြား​လိုက်​ရလို့​ပဲ။+ ဒါ​ကြောင့် ပေတရု​က၊ ၄၇  “ဒီ​လူ​တွေ​လည်း ကျွန်​တော်​တို့​လို သန့်​ရှင်း​သော​စွမ်းအား​တော်​ကို ရ​ရှိ​ပြီဖြစ်​လို့ သူတို့ နှစ်ခြင်း​မခံ​သင့်​ဘူး​လို့ ဘယ်​သူ​ပြော​နိုင်​မလဲ”+ ဆို​ပြီး၊ ၄၈  သူတို့​ကို ယေရှု​ခ​ရစ်ရဲ့​နာမည်​နဲ့ နှစ်ခြင်း​ခံ​ခိုင်း​လိုက်​တယ်။+ သူတို့​က​လည်း ပေတရု​ကို ရက်​အနည်း​ငယ် ဆက်​နေ​ဖို့ မေတ္တာရပ်​ခံ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ရော​မစစ်​သည် ၆၀၀ ပါ​ဝင်​တဲ့ တပ်။
စစ်​သည် ၁၀၀ ကို အုပ်​ချုပ်​ရ​တဲ့​သူ။
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၉ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၆ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၉ ချက်​တီး။”