မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ကောရိန္သု ၁၁:၁-၃၃

၁၁  ငါ၏အနည်းငယ်မိုက်မဲမှုကို သည်းခံစေလိုပါ၏။ အမှန်မှာ သင်တို့သည် ငါ့ကို သည်းခံနေကြပါ၏။ ၂  အကြောင်းမူကား ငါသည် ဘုရားရေးရာ ဝန်တိုစိတ်မျိုးနှင့် သင်တို့ကို ဝန်တို၏။ ခရစ်တော်တည်းဟူသော ခင်ပွန်းထံ အပျိုစင်ကဲ့သို့ သင်တို့ကို ဆက်သပြီး ထိမ်းမြားစေမည်ဟုရည်ရွယ်ထား၏။ ၃  သို့သော် မြွေသည် ဧဝကို စဉ်းလဲစွာ ဖြားယောင်းသကဲ့သို့ သင်တို့သည်လည်း ခရစ်တော်အားပေးထိုက်သော ရိုးသားစင်ကြယ်သောစိတ် ယိုယွင်းသွားမည်ကိုငါစိုးရိမ်၏။ ၄  အကြောင်းမူကား တစ်ဦးတစ်ယောက်သည် သင်တို့ထံ ရောက်လာပြီး ငါတို့ဟောပြောသည့် ယေရှုအကြောင်းမဟုတ်ဘဲ အခြားသူအကြောင်းကို ဟောပြောလျှင်လည်းကောင်း၊ သင်တို့ခံယူထားသည့် စိတ်ဓာတ်မျိုးမဟုတ်ဘဲ အခြားစိတ်ဓာတ်ကို ခံယူလျှင်လည်းကောင်း၊ သင်တို့လက်ခံထားသော သတင်းကောင်းမဟုတ်ဘဲ အခြားသတင်းတရားကို လက်ခံလျှင်လည်းကောင်း သင်တို့သည် ထိုသူကို အသာတကြည် သည်းခံခွင့်ပြုကြလိမ့်မည်။ ၅  ငါသည် သင်တို့၏ ထူးချွန်တမန်တော်ကြီးများထက် အလျှင်းမညံ့ဟု ငါယူမှတ်၏။ ၆  သို့သော် ငါသည်အဟောအပြော ညံ့လျှင်ပင် အသိပညာတွင် မညံ့။ ထိုအသိပညာကို အရာရာ၌ နည်းအမျိုးမျိုးဖြင့် သင်တို့အား ငါတို့ထင်ရှားစေခဲ့ကြပြီ။ ၇  ငါသည် သတင်းကောင်းကို သင်တို့အား ဝမ်းသာအားရ အခမဲ့ဟောပြောသည့်အတွက်လည်းကောင်း၊ သင်တို့သည် ချီးမြှောက်ခံရစေရန် ငါ့ကိုယ်ငါ နှိမ့်ချသည့်အတွက်လည်းကောင်း အပြစ်ပြုရာရောက်သလော။ ၈  သင်တို့၏အစေကိုခံရန် အခြားသော အသင်းတော်များ၏ထောက်ပံ့မှုကို ခံယူခြင်းအားဖြင့် ငါသည် သူတို့ထံမှလုယူရာ ကျလေပြီ။ ၉  ငါသည် သင်တို့နှင့်အတူ ရှိနေစဉ် တစ်စုံတစ်ရာ လိုအပ်ခဲ့သောအခါ၌ပင် မည်သူ့ကိုမျှ ဝန်မလေးစေခဲ့။ အကြောင်းမူကား မက်ဆီဒိုးနီးယားပြည် မှလာသော ညီအစ်ကိုတို့သည် ငါလိုအပ်သမျှကို အလျှံပယ် ပေးကြ၏။ သင်တို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အရာရာတွင် ငါစောင့်ထိန်းခဲ့သည့်နည်းတူ နောင်လည်းစောင့်ထိန်းမည်။ ၁၀  ခရစ်တော်၏အမှန်တရားသည် ငါ၌တည်နေသရွေ့ အခါယပြည်ရှိ ဒေသများတွင် ထိုသို့ဝါကြွားခြင်းကို ငါရပ်တန့်မည်မဟုတ်။ ၁၁  အဘယ်အကြောင်းကြောင့်နည်း။ သင်တို့ကို ငါမချစ်သောကြောင့်လော။ သင်တို့ကို ငါအမှန်ချစ်ကြောင်း ဘုရားသခင် သိတော်မူ၏။ ၁၂  ငါတို့နှင့် တန်းတူဖြစ်ပါသည်ဟု ဝါကြွားနေသူတို့၏ အကြောင်းပြ ချက်ကို ဖြိုဖျက်ရန် ယခု ငါဆောင်ရွက်နေသော အရာများကို ဆက်လက်ဆောင်ရွက်သွားဦးမည်။ ၁၃  အကြောင်းမူကားထိုသူတို့သည်တမန်တော် အတုအယောင်များဖြစ်ကြ၏။ သူတစ်ပါးကိုလှည့်ဖြား၍ ခရစ်တော်၏တမန်တော်များ ဖြစ်ယောင်ဆောင်ကြ၏။ ၁၄  ထိုအမှုသည် အံ့ဩစရာမဟုတ်။ စာတန်ပင်လျှင် အလင်း၏ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ ၁၅  ထို့ကြောင့် သူ၏အမှုဆောင်များသည် ဖြောင့်မတ်ခြင်းတရားဆိုင်ရာ အမှုဆောင်များ ဖြစ်ယောင်ဆောင်နေလျှင်ပင် အဆန်းမဟုတ်။ သို့သော် သူတို့၏အဆုံးသည် သူတို့၏လုပ်ရပ်အတိုင်း ဖြစ်လိမ့်မည်။ ၁၆  တစ်ဖန် ငါဆိုသည်ကား ငါ့ကို မိုက်မဲသူဖြစ်သည်ဟု မည်သူမျှ မထင်မှတ်စေနှင့်။ သို့ရာတွင် သင်တို့သည် ထိုသို့ထင်မှတ်လျှင်လည်း ငါ့ကို မိုက်မဲသူအဖြစ် လက်ခံကြလော့။ သို့မှသာ ငါသည်လည်း အနည်းငယ်ဝါကြွားခွင့်ရမည်။ ၁၇  ဤသို့ ငါပြောဆိုခြင်းသည် သခင်၏ပုံသက်သေကို အတုယူနေခြင်းမဟုတ်။ ဝါကြွားတတ်သူတို့၏စရိုက်အတိုင်း မိမိကိုယ်ကို စိတ်ချလွန်းသော မိုက်မဲသူကဲ့သို့ ဝါကြွားပြောဆိုခြင်းဖြစ်၏။ ၁၈  လူအများသည် လူ့ဇာတိသဘောအရ ဝါကြွားသောကြောင့် ငါသည်လည်း ဝါကြွားမည်။ ၁၉  သင်တို့သည် ပညာရှိများ ဖြစ်ကြသဖြင့် မိုက်မဲသူတို့ကို ဝမ်းမြောက်စွာ သည်းခံကြ၏။ ၂၀  သင်တို့ကို ကျွန်ဖြစ်စေသူ၊ သင်တို့၌ရှိရာများကို ဝါးမျိုသူ၊ မတရားသိမ်းယူသူ၊ သင်တို့အထက် ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သူ၊ သင်တို့ကို ပါးရိုက်သူ မည်သူ့ကိုမဆို သင်တို့သည်းခံထားကြ၏။ ၂၁  ထိုသို့ပြောခြင်းသည် ငါတို့အတွက် ရှက်ဖွယ်ဖြစ်၏။ အကြောင်းမူကား ငါတို့၏ အခွင့်အရာသည် မှေးမှိန် သွားပုံရသောကြောင့် ဖြစ်၏။ သို့ရာတွင် အခြားမည်သူမဆို တစ်စုံတစ်ရာသောအမှု၌ ရဲရင့်လျှင် ငါသည်လည်း ထိုအမှု၌ ရဲရင့်သည်ဟုမိုက်မဲသူကဲ့သို့ ငါဆို၏။ ၂၂  သူတို့သည် ဟေဗြဲလူမျိုး ဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုး ဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် အာဗြဟံ၏အမျိုးအနွယ် ဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ ၂၃  သူတို့သည် ခရစ်တော်၏ အမှုတော်ဆောင် ဖြစ်ကြသလော။ ငါသည် သူတို့ထက်သာ၍ ထူးခြားသော အမှုတော်ဆောင် ဖြစ်၏ ဟု အရူးကဲ့သို့ ဆိုရလိမ့်မည်။ သူတို့ထက် သာ၍အလုပ်ကြိုးစား၏။ သူတို့ထက် သာ၍ ကြိမ်ဖန်များစွာ ထောင်ကျခဲ့၏။ သာ၍ အရိုက်ခံခဲ့ရ၏။ သေဘေးနှင့် အကြိမ်ကြိမ် ကြုံခဲ့ရ၏။ ၂၄  ဂျူးတို့၏လက်ဖြင့် ရိုက်ချက် သုံးဆယ့်ကိုးချက်ကို ငါးကြိမ်တိုင်အောင် ငါခံရ၏။ ၂၅  ကြိမ်ဒဏ်ရိုက်ခြင်းကို သုံးကြိမ်၊ ခဲနှင့်ပစ်ခြင်းကို တစ်ကြိမ် ငါခံခဲ့ရပြီ။ သင်္ဘောပျက်ခြင်းကို သုံးကြိမ်မြောက်အောင် ကြုံခဲ့ရပြီ။ တစ်နေ့နှင့် တစ်ညပတ်လုံး ပင်လယ်ထဲမှာ နေခဲ့ရပြီ။ ၂၆  အကြိမ်ကြိမ် ခရီးလှည့်လည်ပြီ။ မြစ်တွင် ကြုံရသောဘေး၊ ဓားပြဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ လူမျိုးခြားတို့ ပြုသောဘေး၊ မြို့တွင် ကြုံရသောဘေး၊ တောတွင် ကြုံရသောဘေး၊ ပင်လယ်တွင်ကြုံရသောဘေး၊ ညီအစ်ကို အတုအယောင်များ ပြုသောဘေးတို့အပြင်၊ ၂၇  ပင်ပန်းစွာ လုပ်ကိုင်ခြင်း၊ ညပေါင်းများစွာ အအိပ်ပျက်ခြင်း၊ အစားအသောက်ပြတ်ခြင်း၊ အကြိမ်များစွာအစာရှောင်ခြင်း၊ အအေးဒဏ်ခံခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း တို့ကိုလည်းကြုံခဲ့ရပြီ။ ၂၈  ထိုအရာများအပြင် အသင်းတော်ရှိသမျှအတွက် စိုးရိမ်ပူပန်နေရ၍ ငါသည် နေ့စဉ် ဖိစီးမှုခံနေရ၏။ ၂၉  မည်သူသည် အားနည်း၍ ငါမူကား အားမနည်းဘဲ နေရသနည်း။ မည်သူသည် လမ်းလွဲသွား၍ ငါမူကား အမျက်မထွက်ဘဲ နေရသနည်း။ ၃၀  ငါသည် ဝါကြွားရမည်ဆိုလျှင် ငါ၏ အားနည်းချက်များကြောင့် ဝါကြွားမည်။ ၃၁  ငါသည် လိမ်လည်ပြောဆိုနေသည် မဟုတ်ကြောင်း သခင်ယေရှု၏ ခမည်းတော် ဘုရားသခင်၊ ထာဝစဉ် ချီးမွမ်းခံထိုက်တော်မူသော အရှင်သိတော်မူ၏။ ၃၂  ဒမတ်စကတ်မြို့ရှိ အရေတမင်းကြီး၏ ဘုရင်ခံသည် ငါ့ကိုဖမ်းဆီးရန် ဒမတ်စကတ်မြို့ကို စောင့်ကြပ်ထား၏။ ၃၃  သို့ရာတွင် ငါ့ကို တောင်းတွင် ထည့်ပြီးလျှင် မြို့ရိုးပြတင်းပေါက်မှ လျှောချကြသဖြင့် ထိုသူလက်မှ ငါလွတ်မြောက်ခဲ့၏။

အောက်ခြေမှတ်ချက်များ