မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ကောရိန္သု ၁၃:၁-၁၃

၁၃  ငါသည် လူတို့၏ဘာသာစကားနှင့် ကောင်းကင်တမန်တို့၏ဘာသာစကားကို ပြောနိုင်ဦးတော့ ချစ်ခြင်းမေတ္တာမရှိလျှင် အသံမြည်သောမောင်းကဲ့သို့လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။ ၂  ငါသည် ပရောဖက်ပြုနိုင်သော ဆုကျေးဇူးကိုရ၍ မြင့်မြတ်သော လျှို့ဝှက်ချက်ရှိသမျှနှင့် အသိပညာအလုံးစုံကို သိကျွမ်းသည်သာမက တောင်များကို ရွှေ့နိုင်လောက်အောင် ယုံကြည်ခြင်းအပြည့်ရှိသော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။ ၃  ငါသည် ဝါကြွားနိုင်မည်အကြောင်း သူတစ်ပါးကို ကျွေးမွေးရန် ငါ၏ဥစ္စာရှိသမျှကို စွန့်ကြဲလျှင်လည်းကောင်း၊ ငါ၏ခန္ဓာကိုယ်ကို စွန့်လျှင်လည်းကောင်း ချစ်ခြင်းမေတ္တာမရှိလျှင် ငါ၌ အဘယ်အကျိုးမျှ မရှိ။ ၄  မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ ၅  မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်။ အမျက်မထွက်တတ်။ ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်။ ၆  မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ အမှန်တရား၌ ဝမ်းမြောက်တတ်၏။ ၇  မေတ္တာသည် အရာရာကို သည်းခံတတ်၏။ အရာရာကို ယုံတတ်၏။ အရာရာကို မျှော်လင့်တတ်၏။ အရာရာကို ခံရပ်နိုင်၏။ ၈  မေတ္တာသည် အစဉ်တည်၏။ ပရောဖက်ပြုနိုင်သော ဆုကျေးဇူးမူကား ကွယ်ပျောက်သွားလိမ့်မည်။ ဘာသာစကားများကို ပြောနိုင်သောအခွင့်သည်လည်း ရပ်စဲသွားလိမ့်မည်။ အသိပညာသည်လည်း ကွယ်ပျောက်သွားလိမ့်မည်။ ၉  အကြောင်းမူကား ငါတို့သည် မစုံမလင်သိကြ၏။ မစုံမလင် ပရောဖက်ပြုတတ်ကြ၏။ ၁၀  စုံလင်သောအရာ ရောက်လာသောအခါ၌မူကား မစုံလင်သောအရာသည် ကွယ်ပျောက်သွားလိမ့်မည်။ ၁၁  ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်ကဲ့သို့ ပြောဆိုတတ်၏။ သူငယ်ကဲ့သို့ တွေးတောတတ်၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်တတ်၏။ ယခု လူလားမြောက်သောအခါ၌မူကား သူငယ်၏စရိုက်များကို ငါဖျောက်ပစ်၏။ ၁၂  ယခုတွင် ငါတို့သည် ကြေးမုံအားဖြင့် မှုန်ဝါးဝါးသာမြင်ရ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင် မြင်ရမည်။ ယခုတွင် ငါသည် မစုံမလင်သိ၏။ ထိုအခါ၌မူကား ငါ့ကိုသိမြင်တော်မူသကဲ့သို့ သိမြင်ရမည်။ ၁၃  ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါး တည်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အကြီးမြတ်ဆုံး ဖြစ်၏။

အောက်ခြေမှတ်ချက်များ