မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ကောရိန္သု ၁:၁-၃၁

 ဘုရားသခင်၏အလိုတော်အားဖြင့် ခေါ်တော်မူ၍ ယေရှုခရစ်၏တမန်တော်အရာ၌ ခန့်အပ်ခံရသော ငါပေါလုနှင့် ငါတို့၏ညီအစ်ကို သုဿင်တို့သည်၊ ၂  ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိသော၊ သန့်ရှင်းသူများဟု အခေါ်ခံရသော ကောရိန္သုမြို့ရှိ ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ရှိသောသူတို့နှင့် ငါတို့၏သခင် ယေရှုခရစ်၏နာမကို ခေါ်သောသူအပေါင်းတို့ထံ စာရေးလိုက်ပါသည်။ ၃  ငါတို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တို့ထံတော်မှ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေ။ ၄  ခရစ်တော်ယေရှုအားဖြင့် သင်တို့အား ပေးတော်မူသော ဘုရားသခင့် မဟာကရုဏာတော်ကို ထောက်၍ သင်တို့အတွက် ဘုရားသခင်ကို မပြတ်ကျေးဇူးတင် ချီးမွမ်းပါ၏။ ၅  သင်တို့သည် ခရစ်တော်အားဖြင့် အရာရာတွင် နှုတ်သတ္တိနှင့်လည်းကောင်း၊ အသိပညာနှင့်လည်းကောင်း ကြွယ်ဝပြည့်စုံ ကြသည်ဖြစ်၍၊ ၆  ခရစ်တော်အကြောင်း သက်သေခံခြင်းတွင် ခိုင်ခံ့မြဲမြံလာကြပြီ။ ၇  ဤသို့ဖြင့် သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို စိတ်ထက်သန်စွာစောင့်မျှော်လျက်နေစဉ် ဆုတော်တစ်ခုမျှ မလျော့စေရန်ဖြစ်၏။ ၈  သင်တို့သည် ငါတို့၏သခင် ယေရှုခရစ်၏နေ့တွင် အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်စေရန် ဘုရားသခင်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။ ၉  ဘုရားသခင်သည် သစ္စာရှိတော်မူ၏။ ကိုယ်တော်သည် သားတော်တည်းဟူသော ငါတို့သခင် ယေရှုခရစ်နှင့် မိတ်သဟာယဖွဲ့ခွင့်ရှိစေရန် သင်တို့ကို ခေါ်တော်မူ၏။ ၁၀  ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် တစ်စိတ်တစ်သဘောတည်း ပြောဆို၍ အချင်းချင်း စိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ စိတ်သဘောထား တစ်မျိုးတည်းဖြင့် စည်းလုံးမှုရှိကြရန် ငါတို့သခင် ယေရှုခရစ်၏နာမကိုအမှီပြု၍ သင်တို့ကို ငါနှိုးဆော်ပါ၏။ ၁၁  အကြောင်းမူကား ငါ့ညီအစ်ကိုတို့၊ သင်တို့အချင်းချင်း စိတ်ဝမ်းကွဲလျက်ရှိကြောင်း ခလောအိအိမ်သားတို့သည် ငါ့ကို ပြောပြကြ၏။ ၁၂  သင်တို့က “ငါသည် ပေါလု၏ တပည့်ဖြစ်သည်။ ငါသည် အာပေါလု၏ တပည့်ဖြစ်သည်။ ငါသည် ကေဖ၏ တပည့်ဖြစ်သည်။ ငါသည် ခရစ်တော်၏ တပည့်ဖြစ်သည်” ဟူ၍ အသီးအသီး ပြောကြသောကြောင့် ထိုသို့ ငါဆိုရခြင်းဖြစ်၏။ ၁၃  ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် သစ်တိုင်မှာ အတင်ခံရသလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ နှစ်ခြင်းခံကြသလော။ ၁၄  ငါသည် ကရိပ္ပုနှင့် ဂါယုမှတစ်ပါး သင်တို့တွင် မည်သူ့ကိုမျှ နှစ်ခြင်းမပေးခဲ့သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ၁၅  သို့ဖြစ်၍ ငါ၏နာမ၌ နှစ်ခြင်းခံသည်ဟု သင်တို့တွင် မည်သူမျှ ဆိုစရာအကြောင်းမရှိ။ ၁၆  ငါသည် သတေဖနာ၏ အိမ်သူအိမ်သားတို့ကိုလည်း နှစ်ခြင်းပေး၏။ အခြားသောသူတို့အား ငါနှစ်ခြင်းပေးမပေးကိုမူ မမှတ်မိ။ ၁၇  အကြောင်းမူကား ခရစ်တော်သည် ငါ့ကို နှစ်ခြင်းပေးရန် စေလွှတ်သည်မဟုတ်။ ခရစ်တော်၏ညှဉ်းဆဲရာသစ်တိုင်*ကို အချည်းနှီးမဖြစ်စေရန် ဉာဏ်ပညာစကားကိုမသုံးဘဲ သတင်းကောင်း ဟောပြောရန် ငါ့ကိုစေလွှတ်တော်မူ၏။ ၁၈  ပျက်စီးခြင်းသို့ ရောက်မည့်သူတို့အတွက် ညှဉ်းဆဲရာသစ်တိုင်နှင့်ဆိုင်သော တရားသည်မိုက်မဲခြင်းဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်မည့် ငါတို့အတွက်မူကား ထိုတရားသည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ ၁၉  အကြောင်းမူကား “ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်” ဟူ၍ ကျမ်းစာ၌ ရေးထား၏။ ၂၀  ဤလောကစနစ်တွင် ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းတတ်*ကား အဘယ်မှာ ရှိသနည်း။ စကားရည်လုတတ်သူကား အဘယ်မှာ ရှိသနည်း။ ဘုရားသခင်သည် လောက၏ဉာဏ်ပညာကို မိုက်မဲစေတော်မူသည် မဟုတ်လော။ ၂၁  လောကသည် မိမိ၏ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိနိုင်သောကြောင့် ဘုရားသခင်သည် မိမိ၏ ဉာဏ်ပညာတော်အရ ငါတို့ဟောပြောသော မိုက်မဲခြင်းတရားအားဖြင့် ယုံကြည်သောသူတို့ကို ကယ်တင်ရန် အလိုရှိတော်မူ၏။ ၂၂  ဂျူးတို့သည် နိမိတ်လက္ခဏာများကို တောင်းတတ်ကြ၏။ ဂရိလူတို့သည် ဉာဏ်ပညာကို ရှာတတ်ကြ၏။ ၂၃  ငါတို့မူကား သစ်တိုင်မှာ အတင်ခံခဲ့ရသော ခရစ်တော်၏အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးတို့အတွက် တိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ လူမျိုးခြားတို့အတွက်မူကား မိုက်မဲခြင်းဖြစ်၏။ ၂၄  သို့ရာတွင် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်တော်မူခြင်းခံရသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်၏။ ၂၅  အကြောင်းမူကား ဘုရားသခင်၏မိုက်မဲခြင်းသည် လူတို့၏ပညာထက် သာ၍ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းသည်လည်း လူတို့၏ခွန်အားထက် သာ၍ခွန်အားရှိ၏။ ၂၆  ညီအစ်ကိုတို့၊ သင်တို့အား ခေါ်တော်မူခြင်းကို ဆင်ခြင်ကြလော့။ ခေါ်တော်မူခြင်း ခံရသူတို့တွင် လူ့အမြင်အရ ပညာရှိသူ၊ တန်ခိုးအာဏာရှိသူ၊ မင်းမျိုးမင်းနွယ်ဖြစ်သူ များစွာမပါကြ။ ၂၇  ဘုရားသခင်သည် ပညာရှိတို့ကို အရှက်ရစေရန် လောကတွင် မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အားကြီးသောသူတို့ကို အရှက်ရစေရန် လောကတွင် အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ ၂၈  ရှိသောအရာများကို အချည်းနှီးဖြစ်စေရန် ဤလောကမှ ညံ့သောအရာ၊ အထင်အမြင်သေးဖွယ်သောအရာ၊ မရှိသောအရာတို့ကို ရွေးချယ်တော်မူ၏။ ၂၉  သို့ဖြစ်၍ ဘုရားသခင့်ရှေ့တော်၌ မည်သူမျှ ဝါကြွားစရာမရှိ။ ၃၀  သင်တို့သည် ကိုယ်တော်ကြောင့် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်း ရှိနေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံတော်မှ လာသော ဉာဏ်ပညာဖြစ်၏။ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းတို့လည်း ဖြစ်တော်မူ၏။ ၃၁  သို့ဖြစ်၍ “ဝါကြွားသောသူသည် ယေဟောဝါ*ဘုရား၌သာဝါကြွားစေ” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၆ ရှု။
မူလက ကျမ်းစာကူးရေးသူကို ဆိုလို၏။ ယေရှုခေတ်တွင်မူ ပညတ်တရားကို တတ်ကျွမ်းပြီး သွန်သင်ပေးသူကို ဆိုလို၏။
ဤဘာသာပြန်ကျမ်းတွင် ‘ယေဟောဝါ’ ဟူသည့် ဘုရားသခင်၏နာမတော် ၂၃၇ ကြိမ်ပါရှိသည့်အနက်မှ တစ်ကြိမ်အပါအဝင်ဖြစ်သည်။ နောက်ဆက်တွဲ ၂ ရှု။