မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုကာ ၂၁:၁-၃၈

၂၁  ထို့နောက် ကိုယ်တော်သည် မော့ကြည့်၍ ချမ်းသာကြွယ်ဝသူတို့သည် အလှူငွေပုံးများထဲသို့ ငွေထည့်ဝင်နေကြသည်ကို မြင်တော်မူ၏။ ၂  ထိုအခါ ဆင်းရဲသောမုဆိုးမ တစ်ဦးသည် အလွန်တန်ဖိုးနည်းသော ဒ င်္ဂါးငယ်နှစ်ပြား* ထည့်သည်ကို မြင်လျှင်၊ ၃  ကိုယ်တော်က “ငါအမှန်ဆိုသည်ကား၊ ထို မုဆိုးမသည် ဆင်းရဲသော်လည်း အခြားသူအပေါင်းတို့ထက် သာ၍ ထည့်လေပြီ။ ၄  အကြောင်းမူကား ထိုသူ အပေါင်းတို့သည် မိမိတို့၏ ငွေပိုငွေလျှံထဲမှ အလှူငွေထည့်ကြ၏။ ဤအမျိုးသမီးမူကား ဆင်းရဲသော်လည်း အသက်မွေးရန်ရှိသမျှကို ထည့်လေပြီ” ဟု မိန့်တော်မူ၏။ ၅  လူအချို့က ဗိမာန်တော်သည် လှပသောကျောက်များ၊ ဆက်ကပ်ထားရာများနှင့် တင့်တယ်လျက် ရှိကြောင်း ပြောဆိုကြစဉ်၊ ၆  ကိုယ်တော်က “သင်တို့ ယခု မြင်နေရသော ဤအရာများသည် ကျောက် တစ်ခုပေါ် တစ်ခုမျှ ဆင့်၍ မကျန်ရစ်ဘဲ ဖြိုချခံရမည့် နေ့ရက်ကာလ ရောက်လိမ့်မည်” ဟု မိန့်တော်မူ၏။ ၇  သူတို့ကလည်း “ဆရာ၊ ထိုအမှုအရာများသည် အဘယ်အချိန်တွင် ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့ ဖြစ်ပျက်ချိန်နီးသောအခါ အဘယ်နိမိတ် ဖြစ်ပါမည်နည်း” ဟု မေးလျှောက်ကြလျှင်၊ ၈  ကိုယ်တော်က “သင်တို့သည် လှည့်ဖြားရာသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အကြောင်းမူကား လူအများသည် ငါ၏နာမဖြင့် လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏၊’ ‘အချိန်ကာလ ရောက်လာပြီ’ ဟု ဆိုကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။ ၉  ထို့ပြင် သင်တို့သည် စစ်မှု၊ ဆူပူထကြွမှုများအကြောင်း ကြားရသောအခါ ထိတ်လန့်ခြင်း မရှိကြနှင့်။ အကြောင်းမူကား ထိုအမှုအရာတို့သည် အလျင်ဖြစ်ပျက်ရမည်။ သို့သော်လည်း အဆုံးသည် ချက်ချင်းမဖြစ်သေး” ဟု မိန့်တော်မူ၏။ ၁၀  ထို့နောက် ကိုယ်တော်က “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မည်။ ၁၁  ကြီးစွာသောငလျင်လှုပ်ခြင်း ဖြစ်လိမ့်မည်။ ကပ်ရောဂါများ၊ အစာခေါင်းပါးခြင်းများသည် တစ်နေရာပြီး တစ်နေရာ၌ ဖြစ်လိမ့်မည်။ လူတို့သည် ကြောက်မက်ဖွယ် မြင်ကွင်းများနှင့် ကောင်းကင်မှ နိမိတ်လက္ခဏာများကို မြင်ကြလိမ့်မည်။ ၁၂  “သို့သော် ဤအရာများမဖြစ်မီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းဆဲကြလိမ့်မည်။ တရားဇရပ်များနှင့် ထောင်များသို့ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့် သင်တို့သည် ရှင်ဘုရင်များ၊ မြို့ဝန်များရှေ့ ရောက်ရကြလိမ့်မည်။ ၁၃  ထိုသို့အားဖြင့် သင်တို့သည် သက်သေခံရသောအခွင့် ရကြလိမ့်မည်။ ၁၄  ထို့ကြောင့် မည်သို့ ခုခံပြောဆိုရမည်ကို ကြို၍ မစဉ်းစားကြနှင့်။ ၁၅  အကြောင်းမူကား ဆန့်ကျင်သူ အားလုံးစုပေါင်း၍ပင် မငြင်းခုံ၊ မဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို သင်တို့အား ငါပေးမည်။ ၁၆  ထို့ပြင်မိဘ၊ ညီအစ်ကို၊ ဆွေမျိုးနှင့် မိတ်ဆွေများတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ သင်တို့ထဲမှ အချို့ကို သေစေကြလိမ့်မည်။ ၁၇  လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ ၁၈  သို့သော်လည်း သင်တို့၏ဆံခြည်တစ်ပင်မျှ အလျှင်းမပျက်စီးရ။ ၁၉  သင်တို့သည် ခံနိုင်ရည်ရှိခြင်းအားဖြင့် အသက်*ရလိမ့်မည်။ ၂၀  “ထို့ပြင် ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံလျက်ရှိကြောင်း သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုနီးပြီဟု သိမှတ်ကြလော့။ ၂၁  ထိုအခါ ယုဒနယ်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။ ၂၂  အကြောင်းမူကား ထိုနေ့ရက်ကာလသည် ကျမ်းစာ၌ရေးထားသမျှ ပြည့်စုံရသော အကျိုးအပြစ်ဆပ်ပေးရာ နေ့ရက်ကာလ ဖြစ်သောကြောင့်တည်း။ ၂၃  ထိုနေ့ရက်ကာလတွင် ကိုယ်ဝန်ဆောင်မိန်းမနှင့် နို့တိုက်မိခင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ဤပြည်တွင် ကြီးစွာသောဒုက္ခ ကျရောက်၍ ဤလူမျိုးသည် အမျက်တော် သင့်ကြလိမ့်မည်။ ၂၄  သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည် အရပ်ရပ်သို့ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့အချိန်ကာလ ပြည့်စုံသည့်တိုင်အောင် ဂျေရုဆလင်မြို့ကို ခြေဖြင့်နင်းကြလိမ့်မည်။ ၂၅  “ထိုအခါ နေ၊ လ၊ ကြယ်နက္ခတ်များ၌ နိမိတ်လက္ခဏာများ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း ပင်လယ်လှိုင်းတံပိုး ဟုန်းသံကြောင့် လူအမျိုးမျိုးတို့သည် အလွန်စိတ်ပူပန်၍ ကြံရာမရဖြစ်ကြလိမ့်မည်။ ၂၆  လူတို့သည် မြေကြီးပေါ်၌ ဖြစ်ပျက်မည့် အရာများကိုမျှော်၍ ကြောက်လန့်သဖြင့် မေ့မြောသွား ကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်တန်ခိုးများ တုန်လှုပ် ကြလိမ့်မည်။ ၂၇  ထိုအခါ မဟာဘုန်းတန်ခိုးတော်ကို ဆောင်လျက် မိုးတိမ်ကိုစီး၍ လူသားကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်။ ၂၈  ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကို ရွေးနုတ်သော အချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့် မတ်မတ်ရပ်၍ ခေါင်းကိုမော့ကြလော့” ဟု ဆက်၍ မိန့်တော်မူ၏။ ၂၉  တစ်ဖန် ပုံဥပမာပေး၍ မိန့်တော်မူသည်မှာ၊ “သဖန်းပင်မှစ၍ သစ်ပင်ရှိသမျှကို သတိပြုကြလော့။ ၃၀  ရွက်နုပေါက်သောအခါ နွေကာလနီးကြောင်းကို သင်တို့ကိုယ်တိုင် သိကြ၏။ ၃၁  ထိုနည်းတူ ထိုအခြင်းအရာများ ဖြစ်ပျက်သည်ကို သင်တို့မြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။ ၃၂  ငါအမှန်ဆိုသည်ကား ထိုအမှုအရာအလုံးစုံမဖြစ်မီ ဤလူမျိုးဆက်သည် အလျှင်းမကွယ်ပျောက်ရ။ ၃၃  ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်လိမ့်မည်။ ငါ၏စကားမူကား အလျှင်းမကွယ်ပျောက်ရ။ ၃၄  “သင်တို့သည် အစားအသောက် လွန်ကြူးခြင်းနှင့် ဘဝ၏ စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး ပင်ပန်းလျက် နေစဉ်တွင် ထိုနေ့ရက်သည် ရုတ်တရက် သင်တို့အပေါ်သို့ မကျရောက်စေရန် ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။ ၃၅  အကြောင်းမူကား ထိုနေ့ရက်သည် မြေကြီးပေါ်ရှိ လူအပေါင်းတို့အပေါ် ထောင်ချောက်သဖွယ် ကျရောက်လိမ့်မည်။ ၃၆  ထို့ကြောင့် နိုးကြားလျက်နေကြလော့။ အစဉ်တိုးလျှိုးအသနားခံ ဆုတောင်းလျက် နေကြလော့။ ထိုသို့ပြုမှသာ ဖြစ်ပျက်လာမည့် အမှုအရာအလုံးစုံနှင့် ကင်းလွတ်၍ လူသား၏ရှေ့တော်၌ ရပ်နေနိုင်ခွင့် ရကြလိမ့်မည်။” ၃၇  ထိုသို့ ကိုယ်တော်သည်နေ့အခါ ဗိမာန်တော်၌ သွန်သင်တော်မူ၍ ညအခါ သံလွင်တောင်သို့သွား၍ တည်းခိုတတ်၏။ ၃၈  လူအပေါင်းတို့သည် ကိုယ်တော်၏စကားကို ကြားနာရန် ဗိမာန်တော်သို့ နံနက်စောစော သွားတတ်ကြ၏။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “နှစ်လက်ပ်တာ။” နောက်ဆက်တွဲ ၁၁ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။