မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဟန် ၂:၁-၂၅

 သုံးရက်မြောက်သောနေ့တွင် ဂါလိလဲပြည်၊ ကာနမြို့၌ မင်္ဂလာဆောင်ပွဲကို ကျင်းပစဉ် ယေရှု၏မိခင်လည်း ရောက်ရှိနေ၏။ ၂  ယေရှုနှင့် တပည့်တော်များကိုလည်း ထိုမင်္ဂလာပွဲသို့ ဖိတ်ခေါ်ကြ၏။ ၃  စပျစ်ဝိုင်ကုန်သောအခါ ယေရှု၏မိခင်က “စပျစ်ဝိုင်မရှိ” ဟု ကိုယ်တော်အား ပြောလျှင်၊ ၄  ယေရှုက “အချင်းမိန်းမ၊ သင်သည် ကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။* ကျွန်ုပ်၏အချိန် မရောက်သေး” ဟု မိန့်တော်မူ၏။ ၅  မိခင်ကလည်း “သူခိုင်းသမျှကို ပြုကြလော့” ဟု အစေခံတို့အား ဆိုလေ၏။ ၆  ထိုနေရာတွင် တစ်အိုးလျှင် ၁၂ ဂါလံမှ ၁၇ ဂါလံ*အထိ ဝင်ဆံ့သော ကျောက်ရေအိုး ခြောက်လုံးရှိ၏။ ဂျူးတို့၏ သန့်စင်ခြင်းထုံးစံအရ ထိုသို့ ထားရှိခြင်းဖြစ်၏။ ၇  ယေရှုက “ဤအိုးများကို ရေဖြည့်ကြ” ဟု အစေခံ တို့အားမိန့်တော်မူလျှင် ထိုသူတို့သည် ရေအပြည့်ဖြည့်ကြ၏။ ၈  ထို့နောက် ကိုယ်တော်က “ယခု အနည်းငယ်ခပ်ယူပြီးလျှင် ပွဲအုပ်ထံသွင်းကြလော့” ဟု မိန့်တော်မူသည့်အတိုင်း သွင်းကြ၏။ ၉  ပွဲအုပ်သည် စပျစ်ဝိုင်အဖြစ် ပြောင်းထားသောရေကို မြည်းစမ်းကြည့်၏။ အစေခံများသည် ထိုစပျစ်ဝိုင်ကို အဘယ်မှရကြောင်း သိကြသော်လည်း ပွဲအုပ်မူကား မသိ။ ထို့ကြောင့် သတို့သားအား ခေါ်ပြီးလျှင်၊ ၁၀  “လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာတည်ခင်း၍ လူတို့မူးယစ်ပြီးမှ ညံ့သောစပျစ်ဝိုင်ကို တည်ခင်းလေ့ရှိကြ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုတိုင်အောင် သိုထားပြီ” ဟု ဆိုလေ၏။ ၁၁  ယေရှုသည် အဦးဆုံးသော ဤနိမိတ် လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။ ၁၂  ထို့နောက် ကိုယ်တော်သည် မိခင်နှင့် ညီတော်များ၊ တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ ဆင်းကြွတော်မူ၏။ သို့သော် ထိုမြို့တွင် ရက်များစွာ မနေကြ။ ၁၃  ဂျူးတို့၏ ပသခါပွဲခံချိန် နီးလာသော် ယေရှုသည် ဂျေရုဆလင်မြို့သို့ တက်ကြွတော်မူ၏။ ၁၄  ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက်ရောင်းသောသူတို့နှင့် ငွေလဲသောသူတို့ ထိုင်နေကြသည်ကို တွေ့တော်မူ၏။ ၁၅  ထိုအခါ ကြိုးဖြင့် နှင်တံပြုလုပ်ပြီးနောက် ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုးနွားများကိုလည်းကောင်း ဗိမာန်တော်မှ နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ ငွေစများကို သွန်ချ၍ သူတို့၏ စားပွဲများကိုလည်း မှောက်လှန်တော်မူ၏။ ၁၆  ချိုးငှက်ရောင်းသောသူတို့အားလည်း “ဤအရာများကို ယူသွားကြ။ ငါ့အဖ၏ အိမ်တော်ကို ဈေးရုံမလုပ်ကြနှင့်တော့” ဟု မိန့်တော်မူ၏။ ၁၇  ထိုအခါ “ကိုယ်တော်၏ အိမ်တော်အတွက် ငါ၏စိတ်ထက်သန်ခြင်းသည် ရဲရဲတောက်မီးကဲ့သို့ ဖြစ်ပါလိမ့်မည်” ဟူ၍ ကျမ်းစာ၌ရေးထားသည်ကို တပည့်တော်တို့ သတိရကြ၏။ ၁၈  ထို့ကြောင့် ဂျူးတို့က “သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်း” ဟု ဆိုကြ၏။ ၁၉  ယေရှုကလည်း “ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်တည်းနှင့် ငါပြန်ဆောက်မည်” ဟု မိန့်တော်မူ၏။ ၂၀  ထို့ကြောင့် ဂျူးတို့က “ဤဗိမာန်တော်ကို လေးဆယ့်ခြောက်နှစ်ကြာ ဆောက်ခဲ့ရ၏။ သင်သည် သုံးရက်တည်းနှင့် ဆောက်မည်လော” ဟု ဆိုကြ၏။ ၂၁  ကိုယ်တော်သည် မိမိ၏ ခန္ဓာကိုယ်တည်းဟူသော ဗိမာန်တော်ကို ရည်ဆောင်လျက် မိန့်တော်မူခြင်းဖြစ်၏။ ၂၂  ထိုသို့ မိန့်တော်မူလေ့ရှိသည်ကို သေခြင်းမှ ထမြောက်တော်မူပြီးနောက်မှသာ တပည့်တော်တို့သည် သတိရကြ၏။ ထိုအခါ ကျမ်းစာကိုလည်းကောင်း၊ ယေရှုမိန့်တော်မူသော စကားများကိုလည်းကောင်း ယုံကြ၏။ ၂၃  သို့သော် ပသခါပွဲအတွင်း ဂျေရုဆလင်မြို့၌ရှိစဉ်ပြတော်မူသော နိမိတ်လက္ခဏာများကို လူများစွာတို့သည် မြင်ရ၍ ကိုယ်တော်၏နာမကို ယုံကြည်ကြ၏။ ၂၄  သို့ရာတွင် ယေရှုသည် ထိုသူအပေါင်းတို့ကို သိတော်မူသဖြင့် သူတို့ကို ယုံကြည်စိတ်ချတော်မမူ။ ၂၅  လူတို့၏စိတ်နှလုံးကို သိမြင်တော်မူသောကြောင့် လူတို့၏အကြောင်းကို ကိုယ်တော်အား ပြောပြမည့်သူ မလိုအပ်။

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၁၂ ရှု။
နှစ် သို့မဟုတ် သုံးဗတ်။ နောက်ဆက်တွဲ ၁၁ ရှု။