မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကု ၁၄:၁-၇၂

၁၄  နောက်နှစ်ရက်အကြာတွင် ပသခါပွဲနှင့် တဆေးမဲ့မုန့်ပွဲ ရှိ၏။ ယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်များသည် ကိုယ်တော်ကို ပရိယာယ်ဆင်၍ မည်သို့ ဖမ်းဆီးသတ်ပစ်ရမည်ကို ရှာကြံနေကြ၏။ ၂  သို့သော် “ပွဲတော်အချိန်တွင် မပြုသင့်၊ လူတို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်” ဟု ဆိုလျက်နေကြ၏။ ၃  ဗေသနိရွာတွင် နူနာစွဲသူ ရှိမုန်၏အိမ်၌ ကိုယ်တော်ရှိစဉ်၊ အမျိုးသမီးတစ်ဦးသည် အလွန်ဈေးကြီးသော နာဒုဆီမွှေးစစ်စစ်ပါသည့် ကျောက်ဖြူဘူးကို ယူလာ၏။ ထိုကျောက်ဖြူဘူးကို ဖွင့်ပြီးလျှင် စားပွဲနားတွင် လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်သို့ သွန်းလောင်းလေ၏။ ၄  ထိုအခါ လူအချို့သည် အမျက်ထွက်၍ “ဆီမွှေးကို အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။ ၅  ထိုဆီမွှေးကို ဒေနာရိသုံးရာကျော်ဖြင့် ရောင်းပြီးလျှင် ဆင်းရဲသောသူတို့အား ပေးနိုင်သည်” ဟုဆိုလျက် ထိုအမျိုးသမီးအား အလွန်အမျက်ထွက်ကြ၏။ ၆  ထိုအခါ ယေရှုက “ထိုအမျိုးသမီးကို ရှိစေလော့။ အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ကောင်းသောအမှုကို ပြုပြီ။ ၇  ဆင်းရဲသားတို့သည် သင်တို့နှင့်အတူ အစဉ်ရှိကြ၏။ သင်တို့အလိုရှိသည့်အခါတိုင်း သူတို့ကို ကောင်းမှုပြုနိုင်၏။ ငါမူကား သင်တို့နှင့်အတူ အစဉ်ရှိမည် မဟုတ်။ ၈  သူသည် တတ်နိုင်သမျှကိုပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်ရန် ကြိုတင်၍ ဆီမွှေးလိမ်းလေပြီ။ ၉  ငါအမှန်ဆိုသည်ကား၊ သတင်းကောင်းကို ဟောပြောသည့် တစ်လောကလုံးတွင် ဤမိန်းမကို အောက်မေ့စေရန် သူပြုသောအမှုကို ပြောဆိုကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ၁၀  ထို့နောက် တစ်ဆယ့်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်နှံရန် ယဇ်ပုရောဟိတ်ကြီးတို့ထံသို့ သွားလေ၏။ ၁၁  ထိုသူတို့သည် ကြားသိလျှင် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ကတိပြုကြ၏။ ထို့ကြောင့် ယုဒသည် ကိုယ်တော်အား အပ်နှံရန် အခွင့်ကောင်းရှာလေ၏။ ၁၂  ပသခါယဇ်ကို ပူဇော်လေ့ရှိသော တဆေးမဲ့မုန့်ပွဲ ပထမနေ့တွင် တပည့်တော်တို့သည် “ကိုယ်တော်အတွက် ပသခါညစာစားပွဲကို အဘယ်အရပ်၌ သွား၍ ပြင်ဆင်စေလိုတော်မူသနည်း” ဟုမေးလျှောက်ကြသော်၊ ၁၃  ကိုယ်တော်သည် တပည့်တော်နှစ်ပါးကို စေလွှတ်၍ “မြို့ထဲသို့ သွားကြ။ ရေအိုးထမ်းသွားသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်ကြလော့။ ၁၄  သူဝင်သောအိမ်သို့ ဝင်ပြီးလျှင် ‘“ငါ၏တပည့်တို့နှင့် ပသခါညစာကို စားသုံးရမည့်အခန်း အဘယ်မှာနည်း” ဟူ၍ ဆရာက မေးသည်’ ဟု အိမ်ရှင်အား ပြောကြလော့။ ၁၅  ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ငါတို့အတွက် ပြင်ဆင်ကြလော့” ဟုမိန့်တော်မူ၏။ ၁၆  ထိုအခါ တပည့်တော်တို့သည် သွား၍ မြို့ထဲသို့ဝင်ကြ၏။ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့လျှင် ပသခါပွဲအတွက် ပြင်ဆင်ကြ၏။ ၁၇  ညဦးယံအချိန်ရောက်လျှင် တစ်ဆယ့်နှစ်ပါးနှင့်အတူ ကြွလာတော်မူ၏။ ၁၈  စားပွဲ၌လျောင်း၍ စားသုံးနေကြစဉ် ယေရှုက “ငါအမှန်ဆိုသည်ကား၊ ငါနှင့်အတူစားသည့် သင်တို့တွင် တစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်” ဟုမိန့်တော်မူ၏။ ၁၉  တပည့်တော်တို့သည် ဝမ်းနည်း၍ “ကျွန်ုပ်လော” ဟု အသီးသီး မေးလျှောက်ကြသော်၊ ၂၀  ကိုယ်တော်က “ငါနှင့်အတူ ဟင်းခွက်တစ်ခုတည်းတွင် နှိုက်သောသူ၊ တစ်ဆယ့်နှစ်ပါးအဝင်ဖြစ်၏။ ၂၁  ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် သွားရမည်မှန်၏။ သို့သော် လူသားကိုအပ်နှံသောသူ၌ အမင်္ဂလာရှိ၏။ ထိုသူမမွေးဖွားခဲ့လျှင် သူ့အတွက် သာ၍ကောင်းမည်” ဟုမိန့်တော်မူ၏။ ၂၂  စားသုံးနေကြစဉ် ကိုယ်တော်သည် မုန့်ကိုယူ၍ ဆုတောင်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် “ယူကြလော့။ ဤမုန့်သည် ငါ၏ကိုယ်ကို ကိုယ်စားပြု၏” ဟုမိန့်တော်မူလျက် သူတို့ကို ပေးတော်မူ၏။ ၂၃  ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင် ထိုသူရှိသမျှတို့သည် သောက်ကြ၏။ ၂၄  ထို့နောက် ကိုယ်တော်က “ဤခွက်သည် အပြစ်များကို လွတ်စေရန် လူအများအတွက် သွန်းလောင်းမည့် ‘ပဋိညာဉ်တရားနှင့် ဆိုင်သည့် ငါ၏အသွေး’ ဖြစ်၏။ ၂၅  ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်တွင် စပျစ်ဝိုင်အသစ် သောက်ရမည့်နေ့မတိုင်မီ ယခုမှစ၍ စပျစ်ဝိုင်ကို ငါအလျှင်း မသောက်တော့” ဟုမိန့်တော်မူ၏။ ၂၆  ထို့နောက် ချီးမွမ်းသီချင်း ဆိုကြပြီးလျှင် သံလွင်တောင်သို့ ထွက်သွားကြ၏။ ၂၇  ထိုအခါ ယေရှုက “‘ငါသည် သိုးထိန်းကို ရိုက်သတ်မည်ဖြစ်၍ သိုးတို့သည် ကွဲလွင့်ကြလိမ့်မည်’ ဟုကျမ်းစာ၌ ရေးထားသဖြင့် သင်တို့ရှိသမျှသည် ငါ့ကို စွန့်ကြလိမ့်မည်။ ၂၈  သို့သော် ငါသည် ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက်အလျင် သွားနှင့်မည်” ဟုမိန့်တော်မူ၏။ ၂၉  သို့ရာတွင် ပေတရုက “အခြားသူအပေါင်းတို့သည် ကိုယ်တော်ကို စွန့်ကြမည်ဖြစ်သော်လည်း ကျွန်ုပ်စွန့်မည် မဟုတ်ပါ” ဟုပြန်လျှောက်လေ၏။ ၃၀  ယေရှုကလည်း “ငါအမှန်ဆိုသည်ကား၊ ယနေ့ည၌ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်တိုင်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်” ဟုမိန့်တော်မူ၏။ ၃၁  သို့သော် ပေတရုက “ကိုယ်တော်နှင့် အတူသေရလျှင်ပင် ကျွန်ုပ်သည် ကိုယ်တော်ကို လုံးဝငြင်းပယ်မည်မဟုတ်” ဟု အခိုင်အမာလျှောက်ဆို၏။ တပည့်တော်အပေါင်းတို့သည် လည်း ထိုနည်းတူ လျှောက်ဆိုကြ၏။ ၃၂  သူတို့သည် ဂေသရှေမန် အမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်က “ငါဆုတောင်းနေစဉ် ဤနေရာ၌ ထိုင်နေကြလော့” ဟုတပည့်တော်တို့အား မိန့်တော်မူပြီးလျှင်၊ ၃၃  ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်သွားလေ၏။ ထိုအချိန်မှစ၍ ကိုယ်တော်သည် မိန်းမောတွေဝေ၍ အလွန်ပူပင်သောက ရောက်တော်မူ၏။ ၃၄  ကိုယ်တော်က “ငါ*သည် သေလောက်အောင် ပူပင်သောကရောက်နေ၏။ ဤနေရာတွင်နေ၍ စောင့်နေကြလော့” ဟုမိန့်တော်မူ၏။ ၃၅  ရှေ့သို့ အနည်းငယ်ကြွသွား၍ မြေပေါ်မှာပျပ်ဝပ်လျက် ဖြစ်နိုင်မည်ဆိုလျှင် ထိုအချိန်နာရီကို လွန်သွားစေပါမည်အကြောင်း ဆုတောင်းလေ၏။ ၃၆  “အဗ္ဗ၊ အဖ၊ ကိုယ်တော်သည် အလုံးစုံကိုတတ်နိုင်တော်မူ၏။ ဤခွက်ကို ကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ သို့သော် ကျွန်ုပ်အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေ” ဟု တောင်းလျှောက်ပြီးမှ၊ ၃၇  ကိုယ်တော်သည် သူတို့ရှိရာသို့ပြန်လာ၍ အိပ်လျက်နေကြသည်ကို တွေ့လျှင် ပေတရုအား “ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှပင် စောင့်၍မနေနိုင်သလော။ ၃၈  သင်တို့သည် သွေးဆောင်ခြင်း မခံရရန် ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ခန္ဓာကိုယ်မူကား အားနည်း၏” ဟုမိန့်တော်မူ၏။ ၃၉  တစ်ဖန်သွား၍ ရှေးနည်းတူ ဆုတောင်းတော်မူ၏။ ၄၀  ပြန်လာသောအခါ သူတို့သည် မျက်စိလေးလံ၍ အိပ်နေကြသည်ကို တွေ့တော်မူ၏။ သူတို့သည် ကိုယ်တော်အား မည်သို့လျှောက်ရမည်ကို မသိကြ။ ၄၁  ထို့နောက် တတိယအကြိမ်ပြန်လာ၍ သူတို့အား “ဤသို့သော အချိန်မျိုး၌ပင် အိပ်လျက်နားလျက် နေနိုင်ကြသလော။ တော်လောက်ပြီ။ အချိန်ရောက်လာပြီ။ လူသားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခံရတော့မည်။ ၄၂  ထကြ၊ သွားကြစို့။ ငါ့ကိုအပ်နှံသောသူသည် ရောက်လာတော့မည်” ဟု မိန့်တော်မူ၏။ ၄၃  ထိုသို့မိန့်တော်မူစဉ်ပင် တစ်ဆယ့်နှစ်ပါးအဝင်ဖြစ်သော ယုဒနှင့်အတူ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်များ၊ လူကြီးများ စေလွှတ်လိုက်သော လူအုပ်သည် ဓားများ၊ တုတ်များ ကိုင်လျက် ရောက်လာကြ၏။ ၄၄  ကိုယ်တော်ကို အပ်နှံသောသူက “ငါနမ်းသောသူသည် ထိုသူဖြစ်၏။ သူ့ကိုဖမ်း၍ စောင့်ကြပ်ခေါ်ဆောင်သွားကြ” ဟုအချက်ပေးထား၏။ ၄၅  သူရောက်လာလျှင် ကိုယ်တော့်ထံ တန်းသွား၍ “ရဗ္ဗိ” ဟုဆိုလျက်နမ်းလေ၏။ ၄၆  ထိုအခါ သူတို့သည်ကိုယ်တော်ကို ဖမ်းဆီးချုပ်နှောင်ကြ၏။ ၄၇  သို့ရာတွင် အနားတွင် ရပ်နေသူတစ်ဦးသည် ဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ကျွန်ကို ခုတ်လိုက်ရာ နားရွက်ပြတ်လေ၏။ ၄၈  ထိုအခါ ယေရှုက “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ငါ့ကိုဖမ်းဆီးရန် ဓားနှင့်တုတ်များကို ကိုင်လျက် လာကြသလော။ ၄၉  ငါသည် ဗိမာန်တော်၌ နေ့တိုင်းသွန်သင်လျက် သင်တို့နှင့်အတူရှိနေစဉ် သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤအခြင်းအရာကား ကျမ်းစာပြည့်စုံမည်အကြောင်းတည်း” ဟုမိန့်တော်မူ၏။ ၅၀  ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်၍ ထွက်ပြေးကြ၏။ ၅၁  သို့သော် လုလင်တစ်ဦးသည် ပိတ်ချောထည်ကိုခြုံလျက် နောက်တော်သို့ လိုက်လေ၏။ ထိုသူကိုဖမ်းဆီးကြသော်၊ ၅၂  သူသည်လည်း ပိတ်ထည်ကို စွန့်၍ ကိုယ်လွတ်ထွက်ပြေးလေ၏။ ၅၃  ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ခေါ်ဆောင်သွားကြ၏။ ထိုတွင် ယဇ်ပုရောဟိတ်ကြီးများ၊ လူကြီးများနှင့် ကျမ်းတတ်ရှိသမျှတို့သည် စုဝေးနေကြ၏။ ၅၄  ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ ခြံဝင်းထဲအထိ ခပ်လှမ်းလှမ်းမှ လိုက်လာပြီးနောက် အိမ်စေတို့နှင့်အတူထိုင်၍ မီးလှုံလေ၏။ ၅၅  ထိုအခါ ယဇ်ပုရောဟိတ်ကြီးတို့နှင့် ဂျူးတရားရုံးချုပ်*အဖွဲ့ဝင် အပေါင်းတို့သည် ယေရှုကိုသတ်ရန် သက်သေရှာသော်လည်း မတွေ့ကြ။ ၅၆  လူအများတို့သည် မမှန်မကန် သက်သေထွက်ဆိုကြသော်လည်း သူတို့၏ ထွက်ဆိုချက်များသည် မညီညွတ်ကြ။ ၅၇  အချို့သည်လည်း ထ၍၊ ၅၈  “‘လူ့လက်ဖြင့် ဆောက်လုပ်သော ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူ့လက်ဖြစ်မဟုတ်သော ဗိမာန်တော်ကို သုံးရက်တည်းနှင့် ငါဆောက်မည်’ ဟု ဤသူပြောဆိုသည်ကို ကျွန်ုပ်တို့ ကြားရပါ၏” ဟူ၍ မမှန်မကန် သက်သေထွက်ဆိုကြ၏။ ၅၉  သို့သော်လည်း သူတို့၏ ထွက်ဆိုချက်များသည် မညီညွတ်ကြ။ ၆၀  နောက်ဆုံး၌ ယဇ်ပုရောဟိတ်မင်းသည် သူတို့အထဲမှ ထ၍ “သင်သည် တစ်ခွန်းမျှ ပြန်မပြောသလော။ သူတို့၏သက်သေထွက်ဆိုချက်ကို သင်မည်သို့ဆိုမည်နည်း” ဟုယေရှုကို မေးလျှင်၊ ၆၁  ကိုယ်တော်သည် ဆိတ်ဆိတ်နေလျက် တစ်ခွန်းမျှ ပြန်ပြောတော်မမူ။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ကောင်းချီးခံစားရသော ဘုရားသခင်၏သားတော်၊ ခရစ်တော်လော” ဟု မေးလေ၏။ ၆၂  ထိုအခါမှ ယေရှုက “မှန်၏။ လူသားသည် တန်ခိုးကြီးတော်မူသော အရှင်၏ လက်ယာဘက်တွင် ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့မြင်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ၆၃  ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်များကို ဆွဲဆုတ်လျက် “အဘယ် သက်သေ လိုသေးသနည်း။ ၆၄  ဘုရားသခင်အား ပြစ်မှား၍ ပြောသောစကားကို သင်တို့ကြားရပြီ။ မည်သို့ ထင်မှတ်ကြသနည်း” ဟုဆို၏။ ထိုအခါ လူအပေါင်းတို့က သေဒဏ်ခံထိုက်သည် ဟု စီရင်ကြ၏။ ၆၅  အချို့တို့သည် ကိုယ်တော့်ကို တံတွေးထွေးခြင်း၊ မျက်နှာတော်ကိုဖုံး၍ လက်သီးနှင့် ထိုးခြင်းတို့ကိုပြု၍ “သင့်အား မည်သူရိုက်သည်ကို ပရောဖက်ပြု၍ ဟောလော့” ဟုဆိုကြ၏။ ပါးတော်ကို ရိုက်ကြပြီးလျှင် မင်းလုလင်တို့သည် ကိုယ်တော်အား ခေါ်ဆောင်သွားကြ၏။ ၆၆  ပေတရုသည် ခြံဝင်းအတွင်း၌ ရှိစဉ် ယဇ်ပုရောဟိတ်မင်း၏ အစေခံမလေးတစ်ဦးသည် လာ၍၊ ၆၇  ပေတရု မီးလှုံနေသည်ကို မြင်လျှင် သူ့ကို စေ့စေ့ကြည့်၍ “သင်လည်း နာဇရက်မြို့သား ယေရှု၏အပေါင်းပါဖြစ်သည်” ဟုဆို၏။ ၆၈  သို့သော် ပေတရုက “သူ့ကို ငါမသိ၊ သင်ပြောသည့် အရာကို လည်းနားမလည်” ဟုငြင်းဆိုပြီးလျှင် မုခ်ဆောင်အပြင်သို့ ထွက်သွား၏။ ၆၉  အစေခံမလေးသည် ပေတရုကိုမြင်လျှင် အနား၌ ရပ်နေသောသူတို့အား “ဤသူသည် ထိုသူတို့အဝင်ဖြစ်သည်” ဟုဆိုပြန်သော်၊ ၇၀  ပေတရုသည် ငြင်းဆိုပြန်၏။ ခဏကြာသော် အနီးတွင် ရပ်နေသူတို့က “သင်သည် ဂါလိလဲပြည်သားဖြစ်သဖြင့်၊ စင်စစ် ထိုသူတို့အဝင်ဖြစ်မည်” ဟုပေတရုကို ဆိုကြ၏။ ၇၁  သို့သော် ပေတရုက “သင်တို့ပြောသောသူကို ငါမသိ” ဟု အခိုင်အမာ ကျိန်ဆိုလေ၏။ ၇၂  ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်တွန်လေ၏။ ထိုအခါ “ကြက်နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်တိုင်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်” ဟူ၍ ယေရှုမိန့်တော်မူသောစကားကို ပေတရုသတိရသဖြင့် ဝမ်းနည်း၍ ငိုကြွေးလေ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
မူရင်း၊ “ဆဲန်ဟီဒရင်။”