မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ် ၉:၁-၂၁

 ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်လိုက်ရာ ကောင်းကင်မှ မြေကြီးပေါ်သို့ ကျလာသော ကြယ်တစ်လုံးကို ငါမြင်၏။ ထိုသူအား တွင်းနက်ကြီး၏သော့ကို အပ်ပေး၏။ ၂  သူသည် တွင်းနက်ကြီးကို ဖွင့်လိုက်ရာ မီးဖိုကြီးထဲက မီးခိုးပမာ တွင်းထဲက မီးခိုးတက်လာ၏။ တွင်းထဲကမီးခိုးကြောင့် နေနှင့်လေသည် မှောင်မည်းသွား၏။ ၃  ကျိုင်းကောင်များသည် မီးခိုးထဲမှထွက်၍ မြေကြီးပေါ်သို့ ရောက်လာ၏။ မြေကြီးပေါ်က ကင်းမြီးကောက်များရသော အာဏာနှင့်တူသည့် အာဏာကို သူတို့အား အပ်ပေးလေ၏။ ၄  မြေကြီးပေါ်မှ အပင်များနှင့် စိမ်းသောမည်သည့်အရာ၊ မည်သည့်သစ်ပင်ကိုမျှ ဥပဒ်မပေးရန်၊ နဖူးပေါ်၌ ဘုရားသခင့် တံဆိပ်တော်မပါသော လူတို့ကိုသာ ဥပဒ်ပေးရန် သူတို့အား မှာကြား၏။ ၅  ကျိုင်းကောင်များအား ထိုလူတို့ကို သတ်ပိုင်ခွင့် မပေး။ သူတို့ကို ငါးလတာ ညှဉ်းဆဲခွင့်သာ ပေး၏။ ထိုလူတို့ခံရသော ညှဉ်းဆဲခြင်းဝေဒနာသည် ကင်းမြီးကောက် ကိုက်ခံရသည့် ဝေဒနာနှင့်တူ၏။ ၆  ထိုကာလ၌ သူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ သို့သော် လုံးဝရှာ၍ မတွေ့ကြရ။ သေလိုသော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးနေ၏။ ၇  ထိုကျိုင်းကောင်တို့သည် စစ်တိုက်ရန် အသင့်ပြင်ထားသော မြင်းများနှင့်တူ၏။ သူတို့၏ခေါင်းပေါ်၌ ရွှေသရဖူများ ဆောင်းထားသည်နှင့်တူ၏။ သူတို့၏မျက်နှာသည် လူမျက်နှာနှင့်တူ၏။ ၈  ဆံပင်သည် မိန်းမဆံပင်နှင့်တူ၏။ သွားသည် ခြင်္သေ့သွားနှင့်တူ၏။ ၉  သံရင်အုပ်တန်ဆာကဲ့သို့သော ရင်အုပ်တန်ဆာများ ရှိ၏။ သူတို့၏ အတောင်ခတ်သံသည် စစ်ပွဲသို့ စိုင်းနှင်နေသော မြင်းရထားများ၏ အသံနှင့်တူ၏။ ၁၀  သူတို့တွင် ကင်းမြီးကောက်များကဲ့သို့ အမြီးများနှင့်အဆိပ်ဆူးများရှိ၏။ သူတို့၏အမြီးများ၌ လူတို့ကို ငါးလတိုင် ဥပဒ်ပြုနိုင်သော အာဏာရှိ၏။ ၁၁  သူတို့အထက်၌ ဘုရင်တစ်ပါးရှိ၏။ ထိုဘုရင်ကား တွင်းနက်ကြီး၏ကောင်းကင်တမန် ဖြစ်၏။ သူ၏အမည်မှာ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်၊ ဂရိဘာသာအားဖြင့် အပေါလျုန် ဖြစ်၏။ ၁၂  အမင်္ဂလာတစ်ပါး လွန်သွားပြီ။ ဤအမှုအရာများနောက်၌ နောက်ထပ် အမင်္ဂလာနှစ်ပါး လာဦးမည်။ ၁၃  ထို့နောက် ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်လေ၏။ ထိုအခါ ဘုရားသခင့်ရှေ့တော်က ရွှေယဇ်ပလ္လင်၏ ဦးချိုများမှ စကားသံကို ငါကြား၏။ ၁၄  ထိုအသံက တံပိုးကိုင်ဆောင်သော ဆဋ္ဌမကောင်းကင်တမန်အား “ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်ခံရသော ကောင်းကင်တမန်လေးပါးကို ဖြေလွှတ်လော့” ဟုဆို၏။ ၁၅  ထိုကောင်းကင်တမန်လေးပါးသည် ဖြေလွှတ်ခံရ၏။ သူတို့သည် ဤမည်သောနှစ်၊ လ၊ ရက်၊ အချိန်နာရီ၌ လူသုံးပုံတစ်ပုံကို သတ်ဖြတ်ရန် အသင့်ပြင်ဆင်ထားခြင်း ခံရ၏။ ၁၆  မြင်းတပ်များ၏ အရေအတွက်မှာ ကုဋေနှစ်ဆယ် ဖြစ်၏။ သူတို့၏ အရေအတွက်ကို ငါကြားသိရ၏။ ၁၇  ရူပါရုံထဲက ထိုမြင်းများနှင့် မြင်းစီးသူရဲတို့ကို ဤသို့ ငါမြင်ရ၏။ သူတို့သည် မီး-နီရောင်၊ ဟိုင်ယာဆင့်-ပြာရောင်၊ ကန့်-ဝါရောင်ရှိသော ရင်အုပ်တန်ဆာများကို ဝတ်ဆင်ထား၏။ မြင်းတို့၏ခေါင်းများသည် ခြင်္သေ့ခေါင်းနှင့်တူ၏။ သူတို့၏ခံတွင်းမှ မီးလျှံ၊ မီးခိုး၊ ကန့်များ ထွက်လာ၏။ ၁၈  သူတို့ခံတွင်းထဲက ထွက်လာသော မီးလျှံ၊ မီးခိုးနှင့် ကန့်တည်းဟူသော ကပ်ဘေးသုံးပါးကြောင့် လူသုံးပုံတစ်ပုံသေလေ၏။ ၁၉  မြင်းတို့၏ အာဏာသည် သူတို့၏ခံတွင်းနှင့် အမြီးများတွင်ရှိ၏။ သူတို့၏အမြီးများသည် မြွေကဲ့သို့ဖြစ်၍ ဦးခေါင်းများရှိလျက် ထိုအမြီးများဖြင့် ဘေးပြုကြ၏။ ၂၀  သို့သော် ထိုကပ်ဘေးများကြောင့် မသေဘဲ ကျန်ရစ်သော လူတို့သည် မိမိတို့လက်ဖြင့် ပြုလုပ်သောအရာများအတွက် နောင်တမရကြ။ နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်နှင့် သစ်သားတို့ဖြင့် ပြုလုပ်ထား၍ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရုပ်တုများကိုလည်းကောင်း ကိုးကွယ်မြဲ ကိုးကွယ်ကြ၏။ ၂၁  မိမိတို့၏ လူသတ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ မတရားမေထုန်ပြုခြင်းနှင့် ခိုးဝှက်ခြင်းတို့အတွက်လည်း နောင်တမရကြ။

အောက်ခြေမှတ်ချက်များ