မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ် ၃:၁-၂၂

 “သာဒိမြို့ရှိ အသင်းတော်၏ စေတမန်ထံ ဤသို့ရေးလော့။ ဘုရားသခင်၏ စွမ်းအားတော်ခုနစ်ခုနှင့် ကြယ်ခုနစ်လုံး ရှိသောသူက ဤအရာများကို မိန့်တော်မူ၏။ ‘သင်၏အကျင့်များကိုလည်းကောင်း၊ အသက်ရှင်သည်ဟု သင်နာမည်ရသော်လည်း သေလျက်ရှိသည်ကိုလည်းကောင်း ငါသိ၏။ ၂  နိုးကြားလျက်နေလော့။ သေလုဆဲဆဲ အရာများကို ခွန်အားရှိစေလော့။ အကြောင်းမူကား သင်၏အကျင့်များသည် ငါ၏ဘုရားသခင် ရှေ့တော်၌ ပြီးပြည့်စုံသည်ကို ငါမတွေ့ရ။ ၃  ထို့ကြောင့် ယခင်က သင်မည်သို့ ခံယူခဲ့သည်၊ မည်သို့ ကြားနာခဲ့သည်ကို အောက်မေ့၍ စောင့်ရှောက်လျက်နေလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါအမှန်လာမည်။ ငါလာမည့် အချိန်နာရီကိုလည်း သင်လုံးဝသိရမည်မဟုတ်။ ၄  “‘သို့သော်လည်း သာဒိမြို့၌ မိမိတို့ဝတ်ရုံကို မညစ်ညူးစေသူ အနည်းငယ်ရှိ၏။ သူတို့သည် ထိုက်တန်သောကြောင့် ဝတ်ရုံဖြူဝတ်လျက် ငါနှင့်အတူ သွားလာရလိမ့်မည်။ ၅  အောင်မြင်သောသူသည် ဝတ်ရုံဖြူ ဝတ်ဆင်ရလိမ့်မည်။ ငါသည် သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝ ပယ်ဖျက်မည်မဟုတ်။ ငါ၏ခမည်းတော်နှင့် ကိုယ်တော်၏ ကောင်းကင်တမန်များရှေ့တွင် သူ၏နာမည်ကို ငါအသိအမှတ်ပြုမည်။ ၆  အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။’ ၇  “ဖိလဒေလဖိမြို့ရှိ အသင်းတော်၏ စေတမန်ထံ ဤသို့ရေးလော့။ သန့်ရှင်းသောသူ၊ စစ်မှန်သောသူ၊ ဒါဝိဒ်၏သော့ကို ပိုင်သောသူ၊ မည်သူမျှ မပိတ်နိုင်အောင် ဖွင့်၍ မည်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူက ဤအရာများကို မိန့်တော်မူ၏။ ၈  ‘သင်၏အကျင့်များကိုလည်းကောင်း၊ သင်သည် အစွမ်းခွန်အား အနည်းငယ် ရှိလျက်ပင် ငါ၏တရားစကားတော်ကို စောင့်ရှောက်၍ ငါ့နာမကို မငြင်းပယ်ကြောင်းကိုလည်းကောင်း ငါသိ၏။ မည်သူမျှ မပိတ်နိုင်သော ပွင့်နေသည့်တံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ။ ၉  ဂျူးလူမျိုးမဟုတ်ဘဲ ဟုတ်သည်ဟု လိမ်လည်ပြောဆိုနေကြသော စာတန်၏အဖွဲ့ဝင်မှ အချို့ကို ငါပေးမည်။ သူတို့အား သင့်ခြေရင်းသို့ လာရောက်ဦးညွှတ်စေ၍ သင့်ကို ငါချစ်ကြောင်း သိစေမည်။ ၁၀  သင်သည် ငါ၏ခံနိုင်ရည်နှင့်ဆိုင်သော တရားစကားတော်ကို စောင့်ရှောက်သောကြောင့် မြေကြီးပေါ်မှာ နေထိုင်သူတို့ကို စမ်းသပ်ရန် မြေတစ်ပြင်လုံးပေါ် ကျရောက်မည့် စမ်းသပ်ရာ အချိန်နာရီ၌ ငါလည်း သင့်ကို ကာကွယ်စောင့်ရှောက်မည်။ ၁၁  ငါအမြန်လာမည်။ သင်၏သရဖူကို မည်သူမျှ မယူနိုင်ရန် ရှိရင်းစွဲကို မြဲမြဲကိုင်စွဲထားလော့။ ၁၂  “‘အောင်မြင်သောသူကို ငါ၏ဘုရားသခင့် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် ဗိမာန်တော်အပြင်သို့ ထွက်သွားရတော့မည်မဟုတ်။ ငါသည် သူ့အပေါ်မှာ ငါ၏ဘုရားသခင့် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့် အထံတော်၊ ကောင်းကင်မှ ဆင်းသက်သော ဂျေရုဆလင်မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင့် မြို့တော်အမည်ကိုလည်းကောင်း၊ ငါ့နာမသစ်ကိုလည်းကောင်း ရေးသားမည်။ ၁၃  အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။’ ၁၄  “လောဒိကိမြို့ရှိ အသင်းတော်၏ စေတမန်ထံ ဤသို့ရေးလော့။ သစ္စာရှိ၍ စစ်မှန်သောသက်သေ၊ ဘုရားသခင့် ဖန်ဆင်းခြင်း၏အစ၊ အာမင်က ဤအရာများကို မိန့်တော်မူ၏။ ၁၅  ‘သင်၏အကျင့်များကိုလည်းကောင်း၊ သင်သည် အပူလည်းမဟုတ်၊ အအေးလည်း မဟုတ်ကြောင်းကိုလည်းကောင်း ငါသိ၏။ အေးလျှင်အေး၊ ပူလျှင်ပူရန် ငါအလိုရှိ၏။ ၁၆  သင်သည် မပူမအေး နွေးရုံသာရှိသောကြောင့် သင့်ကို ငါ၏ခံတွင်းထဲမှ ထွေးထုတ်တော့မည်။ ၁၇  သင်က “ငါသည် ကြွယ်ဝ၏။ ပစ္စည်းဥစ္စာ ဆည်းပူးထားပြီ။ အဘယ်အရာမျှမလို” ဟုဆို၏။ သို့သော် သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ သနားစဖွယ်ကောင်းပြီး မွဲတေလျက်၊ မျက်စိကန်းလျက်၊ အဝတ်အချည်းစည်းဖြစ်လျက်နေသည်ကို မသိ။ ၁၈  သင်သည် ကြွယ်ဝလာစေရန် မီးဖြင့် သန့်စင်ပြီးသော ရွှေကိုလည်းကောင်း၊ အဝတ်အချည်းစည်းဖြစ်၍ အရှက်မကွဲစေရန် ဝတ်ရုံဖြူကိုလည်းကောင်း၊ မျက်စိမြင်နိုင်ရန် မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် ငါအကြံပေး၏။ ၁၉  “‘ငါသည် ချစ်ခင်သောသူအပေါင်းကို ပြစ်တင်ဆုံးမ၍ ပဲ့ပြင်ပေးတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်လော့။ နောင်တရလော့။ ၂၀  ငါသည် တံခါးဝတွင် ရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးဖွင့်လျှင် သူ၏အိမ်သို့ ငါဝင်ပြီး သူနှင့်အတူ ညစာသုံးဆောင်မည်။ သူသည်လည်း ငါနှင့်အတူ သုံးဆောင်ရလိမ့်မည်။ ၂၁  ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်ရသည်နည်းတူ အောင်မြင်သောသူအား ငါ့ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပေးမည်။ ၂၂  အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။’”

အောက်ခြေမှတ်ချက်များ