မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ် ၂:၁-၂၉

 “ဧဖက်မြို့ရှိ အသင်းတော်၏ စေတမန်ထံ ဤသို့ရေးလော့။ လက်ယာလက်တွင် ကြယ်ခုနစ်လုံးကိုကိုင်လျက် ရွှေမီးခုံ ခုနစ်ခုံအလယ်၌ သွားလာသောသူက ဤအရာများကို မိန့်တော်မူ၏။ ၂  ‘သင်၏အကျင့်များ၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် ခံနိုင်ရည်ရှိမှုတို့ကို ငါသိ၏။ သင်သည် လူဆိုးများကို သည်းမခံနိုင်ကြောင်း၊ တမန်တော်ဖြစ်သည်ဟု ဆိုသော်လည်း စင်စစ်မဟုတ်သူတို့ကို စစ်ဆေး၍ လူလိမ်ဖြစ်သည်ကို တွေ့ရှိကြောင်း ငါသိ၏။ ၃  သင်သည် ခံနိုင်ရည်ကိုတင်ပြလျက် ငါ့နာမအတွက် ဆင်းရဲခံရသော်လည်း စိတ်အားမလျော့။ ၄  သို့ရာတွင် သင်၌ရှိခဲ့သော ကနဦးမေတ္တာ ပျောက်ဆုံးသည့်အတွက် သင့်အား အပြစ်တင်စရာရှိ၏။ ၅  “‘ထို့ကြောင့် အဘယ်အခြေအနေမှ သင်ကျဆင်းလာသည်ကို သတိရလျက် နောင်တရ၍ ယခင်က အကျင့်များကို ပြုကျင့်လော့။ သို့မပြုလျှင် သင့်ထံသို့ ငါလာမည်။ နောင်တမရလျှင် သင်၏မီးခုံကို နေရာမှ ငါဖယ်ရှားမည်။ ၆  သို့သော် ငါမုန်းသော နိကောလဂိုဏ်း၏ အကျင့်များကို သင်လည်း မုန်းသောကြောင့် ချီးမွမ်းစရာရှိ၏။ ၇  အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင့်ပရဒိသုရှိ အသက်ပင်၏ အသီးကိုစားခွင့် ငါပေးမည်။’ ၈  “စမုရနမြို့ရှိ အသင်းတော်၏ စေတမန်ထံ ဤသို့ရေးလော့။ ‘အဦးဆုံးနှင့် နောက်ဆုံး’ ဖြစ်သောသူ၊ သေပြီးမှ အသက်ပြန်ရှင်လာသောသူက ဤအရာများကို မိန့်တော်မူ၏။ ၉  ‘သင်၏ဆင်းရဲဒုက္ခနှင့် နွမ်းပါးမှုကို ငါသိ၏။ သို့သော် သင်သည် ကြွယ်ဝ၏။ မိမိတို့ကိုယ်ကို ဂျူးများဖြစ်သည်ဟု ဆိုသော်လည်း စင်စစ်မဟုတ်သူတို့၏ စော်ကားပြောဆိုခြင်း ခံရသည်ကိုလည်း ငါသိ၏။ သူတို့သည် စာတန်၏အဖွဲ့ဝင်များ ဖြစ်ကြ၏။ ၁၀  သင်ခံရမည့် ဆင်းရဲဒုက္ခများကို မကြောက်နှင့်။ စာတန်သည် သင်တို့ကို အပြည့်အဝ စမ်းသပ်ရန်နှင့် သင်တို့အား ဆယ်ရက်တိုင် ဆင်းရဲဒုက္ခခံစေရန် သင်တို့ထဲမှ အချို့ကို အဆက်မပြတ် အကျဉ်းချလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ သို့ပြုလျှင် သင့်အား အသက်သရဖူကို ငါပေးမည်။ ၁၁  အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်း၏ ဘေးပြုမှုကို လုံးဝခံရမည်မဟုတ်။’ ၁၂  “ပေရဂံမြို့ရှိ အသင်းတော်၏ စေတမန်ထံ ဤသို့ရေးလော့။ ထက်သောသန်လျက်ရှည် ရှိသူက ဤအရာများကို မိန့်တော်မူ၏။ ၁၃  ‘သင်နေထိုင်ရာအရပ်ကို ငါသိ၏။ စာတန်၏ပလ္လင် တည်ရှိရာအရပ်ပင်ဖြစ်၏။ သို့တစေ သင်သည် ငါ့နာမကို စွဲကိုင်၏။ စာတန် နေထိုင်ရာအရပ်၌ သင့်ရှေ့တွင် အသတ်ခံရသော သစ္စာရှိသူ ငါ၏သက်သေ အန္တိပလက်ထက်၌ပင် သင်သည် ငါ့အပေါ်ထားရှိသော ယုံကြည်ခြင်းကို မငြင်းပယ်ခဲ့ချေ။ ၁၄  “‘သို့ရာတွင်၊ သင့်ကို ငါအပြစ်တင်စရာ အနည်းငယ်ရှိ၏။ ရုပ်တုရှေ့ ပူဇော်သော အရာများကိုစား၍ မတရားမေထုန် ကျူးလွန်စေရန် အစ္စရေးအမျိုးသားများကို ဖြားယောင်းသွေးဆောင်ပါဟု ဗာလက်အား သင်ကြားပေးသူ ဗာလမ်၏အယူကို ကိုင်စွဲသူများ သင့်အထဲတွင်ရှိ၏။ ၁၅  ထိုနည်းတူ နိကောလဂိုဏ်း၏ အယူကို ကိုင်စွဲသူများလည်း သင့်အထဲတွင်ရှိ၏။ ၁၆  ထို့ကြောင့် နောင်တရလော့။ နောင်တမရလျှင် သင့်ထံသို့ ငါအမြန်လာမည်။ ငါ့ခံတွင်းမှ သန်လျက်ရှည်နှင့် ထိုသူတို့ကို စစ်တိုက်မည်။ ၁၇  “‘အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသော မန္နမုန့်အချို့ကို ငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်စရစ်ဖြူပေါ်တွင် အမည်သစ်ကို ရေးထား၏။ ထိုအမည်သစ်ကို လက်ခံရရှိသောသူမှတစ်ပါး အဘယ်သူမျှ မသိ။’ ၁၈  “သွာတိရမြို့ရှိ အသင်းတော်၏ စေတမန်ထံ ဤသို့ရေးလော့။ မီးလျှံနှင့်တူသော မျက်စိတော်၊ ကြေးနီစစ်နှင့်တူသော ခြေတော်ရှိသည့် ဘုရားသခင့်သားတော်က ဤအရာများကို မိန့်တော်မူ၏။ ၁၉  ‘သင်၏အကျင့်များ၊ သင်၏မေတ္တာ၊ ယုံကြည်ခြင်း၊ ဓမ္မအမှုနှင့် ခံနိုင်ရည်တို့ကို ငါသိ၏။ မကြာသေးမီက သင်ကျင့်သော အကျင့်များသည် ယခင်ကထက် သာ၍များကြောင်းကိုလည်း ငါသိ၏။ ၂၀  “‘သို့ရာတွင် မိမိကိုယ်ကို ပရောဖက်မဟုခေါ်၍ ငါ့ကျွန်တို့အား မတရားမေထုန်ပြုစေရန်လည်းကောင်း၊ ရုပ်တုရှေ့ပူဇော်သော အရာများကို စားစေရန်လည်းကောင်း သွန်သင်ပြီး လမ်းလွဲစေသော ထိုမိန်းမ ယေဇဗေလကို သင်သည် သည်းခံသောကြောင့် သင့်ကို ငါအပြစ်တင်စရာ ရှိ၏။ ၂၁  နောင်တရရန် သူ့ကို ငါအချိန်ပေးသော်လည်း သူသည် မတရားမေထုန်ပြုခြင်း*အတွက် နောင်တရလိုစိတ် မရှိ။ ၂၂  သူ့ကို ငါဖျားနာစေမည်။ သူနှင့်ဖောက်ပြန်သော သူတို့သည် သူ့နည်းတူကျင့်သော အကျင့်များကို နောင်တမရလျှင် သူတို့ကို အလွန်ဆင်းရဲဒုက္ခရောက်စေမည်။ ၂၃  သူ၏ သားသမီးများကိုလည်း သေစေနိုင်သော ကပ်ရောဂါဖြင့် ငါသတ်မည်။ ဤသို့ဖြင့် ငါသည် ကျောက်ကပ်များနှင့် နှလုံးများကို စစ်ဆေးသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့ သိကြရမည်။ သင်တို့၏အကျင့်များအတိုင်း သင်တို့တစ်ဦးစီကို ငါဆပ်ပေးမည်။ ၂၄  “‘သို့ရာတွင် ယေဇဗေလ၏အယူကို မခံယူသော၊ “စာတန်၏ နက်နဲရာများ” ဟုခေါ်ဆိုကြသည့်အရာကို မသိသော သွာတိရမြို့မှ ကျန်ရှိသူအပေါင်းတို့အား ငါဆိုသည်ကား သင်တို့အပေါ်သို့ အခြားမည်သည့်ဝန်ကိုမျှ ငါတင်မည်မဟုတ်။ ၂၅  သို့သော် ငါလာသည်တိုင် ရှိရင်းစွဲကို မြဲမြဲကိုင်စွဲထားလော့။ ၂၆  အောင်မြင်၍ ငါကျင့်သည်အတိုင်း အဆုံးတိုင်အောင် ကျင့်သောသူအား လူမျိုးများအပေါ် အခွင့်အာဏာကို ငါပေးမည်။ ၂၇  ငါ့ခမည်းတော်ထံမှ အခွင့်အာဏာကို ငါလက်ခံရရှိသည်နည်းတူ သူသည်လည်း လူတို့ကို သံလှံတံနှင့် အုပ်စိုးသဖြင့် လူတို့သည် မြေအိုးများ အစိတ်စိတ်ကွဲသကဲ့သို့ ကွဲကြလိမ့်မည်။ ၂၈  မိုးသောက်ကြယ်ကိုလည်း သူ့အား ငါပေးမည်။ ၂၉  အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။’

အောက်ခြေမှတ်ချက်များ

ဗ ၂:၂၁ နောက်ဆက်တွဲ ၄ ရှု။