မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ် ၁၆:၁-၂၁

၁၆  အသန့်ရှင်းဆုံးဌာနမှ ကျယ်သောအသံက ကောင်းကင်တမန်ခုနစ်ပါးအား “သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့” ဟုဆိုသည်ကို ငါကြား၏။ ၂  ပထမကောင်းကင်တမန်သည် သွား၍ မိမိ၏ဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါ သားရဲ၏အမှတ်တံဆိပ် ပါရှိသူများနှင့် သူ၏ရုပ်တုကို ကိုးကွယ်သူများတွင် နာကျင်၍ အလွန်ဆိုးဝါးသော အနာစိမ်းများ ပေါက်လေ၏။ ၃  ဒုတိယကောင်းကင်တမန်သည် မိမိ၏ဖလားကို ပင်လယ်ထဲသို့ သွန်းလောင်းလိုက်၏။ ထိုအခါ ပင်လယ်သည် လူသေ၏သွေးကဲ့သို့ ဖြစ်လေ၏။ ပင်လယ်ထဲရှိ သက်ရှိသတ္တဝါ*မှန်သမျှ သေကြ၏။ ၄  တတိယကောင်းကင်တမန်သည် မိမိ၏ဖလားကို မြစ်များနှင့် စမ်းရေများထဲသို့ သွန်းလောင်းလိုက်၏။ ထိုအခါ ရေသည် သွေးဖြစ်လေ၏။ ၅  ရေကိုအစိုးရသော ကောင်းကင်တမန်က “အတိတ်နှင့် ပစ္စုပ္ပန်ကာလ၌ အစဉ်ရှိ၍ သစ္စာစောင့်သိတော်မူသောအရှင်၊ ကိုယ်တော်သည် ဤသို့စီရင်ဆုံးဖြတ်ပြီဖြစ်၍ ဖြောင့်မတ်တော်မူ၏။ ၆  အကြောင်းမူကား သူတို့သည် သန့်ရှင်းသူတို့နှင့် ပရောဖက်တို့၏သွေးကို သွန်းခဲ့သဖြင့် သူတို့အား သွေးကို သောက်စေတော်မူ၏။ သူတို့သည် ထိုသို့ ဖြစ်ထိုက်ပါ၏” ဟုဆို သည်ကို ငါကြား၏။ ၇  ယဇ်ပလ္လင်ကလည်း “မှန်ပါ၏၊ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်။ ကိုယ်တော်၏ စီရင်ဆုံးဖြတ်ချက်တို့သည် မှန်ကန်ဖြောင့်မတ်ပါ၏” ဟုဆိုသည်ကို ငါကြား၏။ ၈  စတုတ္ထကောင်းကင်တမန်သည် မိမိ၏ဖလားကို နေပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါ နေသည် လူတို့အား မီးဖြင့်လောင်ကျွမ်းစေနိုင်သော အခွင့်ကိုရ၏။ ၉  လူတို့သည် ပြင်းထန်သောအပူရှိန်ဖြင့် လောင်ကျွမ်းခံရကြ၏။ သို့သော် ထိုကပ်ဘေးများအပေါ် အခွင့်အာဏာရှိသော ဘုရားသခင်၏ နာမတော်ကို စော်ကားကြ၏။ ကိုယ်တော်၏ ဘုန်းတော်ကို ချီးမွမ်းရန် နောင်တမရကြ။ ၁၀  ပဉ္စမကောင်းကင်တမန်သည် မိမိ၏ဖလားကို သားရဲ၏ပလ္လင်ပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါ သားရဲ၏နိုင်ငံသည် မှောင်မိုက်သွားသဖြင့် သူတို့သည် ဝေဒနာကြောင့် မိမိတို့လျှာကို ကိုက်ကြ၏။ ၁၁  သို့သော် မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများအတွက် ကောင်းကင်ဘုံရှင် ဘုရားသခင်ကို စော်ကားကြ၏။ မိမိတို့အကျင့်များအတွက် နောင်တမရကြ။ ၁၂  ဆဋ္ဌမကောင်းကင်တမန်သည် မိမိ၏ဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါ နေထွက်ရာအရပ်မှလာသော ဘုရင်တို့အတွက် လမ်းပြင်ရန် မြစ်ရေခန်းခြောက်လေ၏။ ၁၃  ထို့နောက် နဂါး၏ခံတွင်း၊ သားရဲ၏ခံတွင်း၊ ပရောဖက်အတုအယောင်၏ခံတွင်းမှ ဖားနှင့်တူသော ညစ်ညူးသည့် သတင်းစကား သုံးချက် ထွက်လာသည်ကို ငါမြင်၏။ ၁၄  အမှန်စင်စစ် ၎င်းတို့သည် နတ်ဆိုးများ၏သတင်းစကားများဖြစ်၍ နိမိတ်လက္ခဏာများကို ပြနိုင်၏။ ၎င်းတို့သည် လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိ ဘုရင်များထံသို့ ထွက်သွား၍ သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့် စစ်ပွဲသို့ စုရုံးစေ၏။ ၁၅  “ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်အချည်းစည်းနှင့် သွားလာရ၍ မိမိ၏ ရှက်ဖွယ်ရာအဖြစ်ကို လူတို့မတွေ့မြင်စေရန် နိုးနိုးကြားကြားနေလျက် မိမိ၏ဝတ်ရုံများကို ထိန်းသိမ်းသောသူသည် ပျော်ရွှင်၏။” ၁၆  ၎င်းတို့သည် သူတို့ကို ဟေဗြဲဘာသာအားဖြင့် ဟာ-မဂေဒုန်ဟု ခေါ်ဆိုသောအရပ်သို့ စုရုံးစေကြ၏။ ၁၇  သတ္တမကောင်းကင်တမန်သည် မိမိ၏ဖလားကို လေပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါ အသန့်ရှင်းဆုံးဌာနရှိ ပလ္လင်တော်မှ ကျယ်သောအသံ ထွက်လာ၍ “အမှုပြီးပြီ” ဟုဆို၏။ ၁၈  ထို့နောက် လျှပ်စီးများ၊ စကားသံများနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လျက် မြေငလျင် ကြီးစွာလှုပ်လေ၏။ မြေကြီးပေါ်တွင် လူသားများ တည်ရှိချိန်မှစ၍ မဖြစ်စဖူးသော အလွန်ကြီးကျယ် ပြင်းထန်သည့် မြေငလျင်ကြီး ဖြစ်၏။ ၁၉  မြို့ကြီးသည် သုံးပိုင်းကွဲ၍ လူမျိုးတို့၏ မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် မဟာဗာဗုလုန်ကို အောက်မေ့လျက် မိမိ၏အမျက်ဒေါသ ဝိုင်ဖလားကို သောက်စေတော်မူ၏။ ၂၀  ထို့ပြင် ကျွန်းရှိသမျှသည် ပျောက်လွင့်၍ တောင်များကိုလည်း မတွေ့ရတော့။ ၂၁  မိုးသီးတစ်လုံးလျှင် လေးဆယ့်ငါးပေါင်မျှ အလေးချိန်ရှိသော မိုးသီးကြီးများသည် ကောင်းကင်မှ လူတို့အပေါ်သို့ ကျလေ၏။ မိုးသီးကပ်ဘေးသည် အလွန့်အလွန် ကြီးမားသဖြင့် ထိုကပ်ဘေးကြောင့် လူတို့သည် ဘုရားသခင်အား စော်ကားကြ၏။

အောက်ခြေမှတ်ချက်များ

ဗ ၁၆:၃ ဂရိ၊ “ပစီးခီး” နောက်ဆက်တွဲ ၇ ရှု။