မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တမန်တော် ၁၈:၁-၂၈

၁၈  ထို့နောက် ပေါလုသည် အေသင်မြို့မှ ထွက်သွား၍ ကောရိန္သုမြို့သို့ ရောက်လေ၏။ ၂  ထိုမြို့တွင် ပုန္တုပြည်သား၊ အာကုလအမည်ရှိသော ဂျူးတစ်ဦးနှင့် သူ၏ဇနီး ပြစ်ကိလတို့ကို တွေ့လေ၏။ ဂျူးအားလုံးကို ရောမမြို့မှ ထွက်သွားရန် ကလောဒိမင်း အမိန့်ထုတ်ထားသောကြောင့် သူတို့သည် အီတလီပြည်မှ မကြာမီက ရောက်လာကြခြင်းဖြစ်၏။ ပေါလုသည် သူတို့ထံ သွားပြီးလျှင်၊ ၃  အလုပ်ချင်းတူသောကြောင့် သူတို့အိမ်တွင် နေလျက် အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ချုပ်သူများ ဖြစ်ကြ၏။ ၄  သို့သော် ပေါလုသည် ဥပုသ်နေ့တိုင်း တရားဇရပ်၌ ဟောပြော၍ ဂျူးတို့နှင့် ဂရိလူတို့ကို သွေးဆောင်လေ၏။ ၅  သိလနှင့် တိမောသေတို့သည် မက်ဆီဒိုးနီးယားပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောခြင်းအမှုကိုသာ အာရုံစိုက်ဆောင်ရွက်၍ ယေရှုသည်ခရစ်တော်ဖြစ်ကြောင်း ဂျူးတို့အား သက်သေခံလျက်နေလေ၏။ ၆  သို့သော် ထိုသူတို့သည် အတိုက်အခံပြု၍ ကဲ့ရဲ့လျက်နေကြသဖြင့် ပေါလုသည် မိမိအဝတ်ကိုခါပြီး “သင်တို့၏အသွေးသည် သင်တို့၏ခေါင်းပေါ်၌ တည်ပါစေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ လူမျိုးခြားတို့ထံသွားမည်” ဟုဆို၏။ ၇  သို့နှင့် သူသည် ထိုနေရာမှထွက်၍ ဘုရားသခင်ကို ကိုးကွယ်သည့် တိတုယုတ္တု အမည်ရှိသူ၏အိမ်သို့ ရွှေ့လေ၏။ ထိုသူ၏အိမ်သည် တရားဇရပ်နှင့် ကပ်လျက်တည်ရှိ၏။ ၈  တရားဇရပ်မှူး ကရိပ္ပုမူကား အိမ်သူအိမ်သား ရှိသမျှနှင့်တကွသခင်ကို ယုံကြည်သူဖြစ်လာ၏။ သတင်းတရားကို ကြားနာသော ကောရိန္သုမြို့သားအများတို့သည်လည်း ယုံကြည်လာသဖြင့် နှစ်ခြင်းခံကြ၏။ ၉  ညအခါ သခင်သည် ပေါလုကို ရူပါရုံအားဖြင့် “မကြောက်နှင့်။ ဆက်၍ဟောပြောလော့။ တိတ်ဆိတ်စွာ မနေနှင့်။ ၁၀  ငါသည် သင်နှင့်အတူရှိ၏။ သင့်ကို မည်သူမျှ ကိုယ်ထိလက်ရောက် မစော်ကားရ။ ဤမြို့၌ ငါ၏လူများစွာရှိသည်” ဟု မိန့်တော်မူ၏။ ၁၁  ထို့ကြောင့် ပေါလုသည် ထိုတွင် တစ်နှစ်နှင့် ခြောက်လပတ်လုံးနေ၍ ထိုမြို့သားတို့အား ဘုရားသခင်၏ တရားစကားတော်ကို သွန်သင်လေ၏။ ၁၂  ဂါလျုန်သည် အခါယနယ်စားမင်းဖြစ်စဉ် ဂျူးတို့သည် စုရုံးထကြွ၍ ပေါလုကို တရားပလ္လင်ရှေ့သို့ ခေါ်သွားပြီးလျှင်၊ ၁၃  “ဤသူသည် တရားဥပဒေနှင့်ဆန့်ကျင်၍ ဘုရားသခင်ကို ကိုးကွယ်စေရန် လူတို့ကို ဖြားယောင်းလျက်နေပါသည်” ဟုဆိုကြ၏။ ၁၄  ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော် ဂါလျုန်မင်းက “အချင်းဂျူးတို့၊ ဤအမှုသည် မတရားသောအမှု၊ ဆိုးသွမ်းသောအမှုဖြစ်လျှင် ငါသည် သင်တို့ကို စိတ်ရှည်ရှည် နားထောင်ရ ပေမည်။ ၁၅  သို့သော် စကားများနှင့်လည်းကောင်း၊ နာမည်များနှင့်လည်းကောင်း၊ သင်တို့၏တရားနှင့်လည်းကောင်း အငြင်းအခုံဖြစ်လျှင် သင်တို့ကိုယ်တိုင် စီရင်ဆုံးဖြတ်ကြလော့။ ထိုသို့သောအမှုကို ငါမစီရင်လို” ဟုဆိုလေ၏။ ၁၆  ထိုသို့ဆို၍ ဂျူးတို့ကို တရားပလ္လင်ရှေ့မှ နှင်ထုတ်လေ၏။ ၁၇  ထိုအခါ လူအပေါင်းတို့သည် တရားဇရပ်မှူး သုဿင်ကို ဖမ်းဆီး၍ တရားပလ္လင်ရှေ့မှာ ရိုက်ကြ၏။ သို့သော် ဂါလျုန်မင်းသည် ထိုအမှုကို လုံးဝ ဂရုမစိုက်ဘဲနေ၏။ ၁၈  ထို့နောက် ပေါလုသည် ထိုမြို့တွင် ရက်အတန်ကြာနေပြီးမှ ညီအစ်ကိုတို့ကို နှုတ်ဆက်စကားပြော၍ ပြစ်ကိလနှင့် အာကုလတို့ကို ခေါ်ပြီးလျှင် ဆီးရီးယားပြည်သို့ သင်္ဘောနှင့်လွှင့်သွားလေ၏။ အထက်က သစ္စာကတိပြုသည်နှင့်အညီ ကင်ခြေမြို့၌ ဆံပင်တိုတိုညှပ်လေ၏။ ၁၉  ဧဖက်မြို့သို့ ရောက်သောအခါ ပေါလုသည် ထိုသူတို့ကို ထားခဲ့ပြီးလျှင် တရားဇရပ်သို့ဝင်၍ ဂျူးတို့နှင့် ကျိုးကြောင်းဆင်ခြင်လျက် ဆွေးနွေးလေ၏။ ၂၀  သူတို့သည် ပေါလုအား အတန်ကြာဆက်နေရန် တောင်းပန်ကြသော်လည်း သူသည် လက်မခံဘဲ၊ ၂၁  “ယေဟောဝါဘုရား အလိုတော်ရှိလျှင် သင်တို့ရှိရာသို့ ငါပြန်လာဦးမည်” ဟူ၍ နှုတ်ဆက်စကား ပြောပြီးနောက် ဧဖက်မြို့မှ သင်္ဘောနှင့်လွှင့်လေ၏။ ၂၂  ကဲသရိမြို့သို့ ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကို နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားပြန်၏။ ၂၃  ထိုမြို့၌ အတန်ကြာနေပြီး ပြန်ထွက်သောအခါ ဂလာတိပြည်နှင့် ဖြုဂိပြည်တစ်လျှောက် တစ်နေရာပြီး တစ်နေရာသွား၍ တပည့်တော်အပေါင်းတို့ကို ခိုင်ခံ့မြဲမြံစေ၏။ ၂၄  အာပေါလုအမည်ရှိသော အလက်ဇန္ဒြားမြို့သား ဂျူးတစ်ဦးသည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည် အဟောအပြောကောင်း၍ ကျမ်းစာကိုလည်း အထူးတတ်ကျွမ်း၏။ ၂၅  ထိုသူသည် ယေဟောဝါဘုရား၏ လမ်းစဉ်အကြောင်း သွန်သင်ခြင်းခံရ၍ စွမ်းအားတော်နှင့် စိတ်ထက်သန်သဖြင့် ယေရှုနှင့်ဆိုင်သော အကြောင်းအရာများကို မှန်ကန်စွာ ဟောပြောသွန်သင်၏။ သို့သော်လည်း ယောဟန်၏ နှစ်ခြင်းတရားကိုသာ သိ၏။ ၂၆  ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာ ဟောစပြုလေ၏။ သူ၏ဟောပြောချက်ကို ပြစ်ကိလနှင့် အာကုလတို့သည် ကြားသောအခါ သူနှင့်ပေါင်းသင်းမှုပြုပြီးလျှင် ဘုရားသခင်၏လမ်းစဉ်တော်အကြောင်းကို သာ၍မှန်ကန်စွာ ရှင်းလင်းဖော်ပြကြ၏။ ၂၇  အာပေါလုသည် အခါယပြည်သို့ သွားလိုသောကြောင့် သူ့ကိုကြိုဆိုလက်ခံရန် ညီအစ်ကိုတို့သည် တပည့်တော်တို့ထံ စာရေးနှိုးဆော်လိုက်ကြ၏။ ထိုသူသည် ရောက်သွားလျှင် ဘုရားသခင်၏မဟာကရုဏာတော်အားဖြင့် ယုံကြည်သောသူတို့ကို များစွာကူညီပေးလေ၏။ ၂၈  ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ကျမ်းစာဖြင့် ထောက်ပြလျက် လူအများရှေ့တွင် ဂျူးတို့မှားကြောင်းကို လေးနက်သေချာစွာ ဖော်ပြခြင်းဖြင့် ထိုသို့ကူညီပေးလေ၏။

အောက်ခြေမှတ်ချက်များ