ကျမ်းစာလမ်းညွှန်ချက်– “မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါဘုရားသည် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။”—ကောလောသဲ ၃:၁၃

ဘာကို ဆိုလိုသလဲ။ ကျမ်းစာထဲမှာ အပြစ်ကို အကြွေးနဲ့၊ ခွင့်လွှတ်ခြင်းကို အကြွေးလျှော်ပစ်လိုက်တာနဲ့ တင်စားထားပါတယ်။ (လုကာ ၁၁:၄) ကျမ်းစာထဲမှာ “ခွင့်လွှတ်” ဆိုတဲ့ဂရိစကားလုံးက “အကြွေးကို ပြန်မတောင်းတော့ဘဲ အဆုံးခံလိုက်တယ်” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့ အကိုးအကားစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ဒါကြောင့် ပြစ်မှားသူတစ်ဦးကို ခွင့်လွှတ်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုရင် သူ့ဆီကနေ ကျွန်ုပ်တို့ ဘာကိုမှ မမျှော်လင့်တော့ပါဘူး။ ကျွန်ုပ်တို့ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်လိုက်တာက ပြစ်မှားမှုကို သဘောကျလို့ ဒါမှမဟုတ် ကိုယ့်ရဲ့နာကျင်မှုက မဖြစ်စလောက်လေးဆိုပြီး သဘောထားလိုက်လို့ မဟုတ်ဘူး။ ကျွန်ုပ်တို့မှာ “မကျေနပ်စရာအကြောင်း” အခိုင်အလုံရှိရင်တောင် ခွင့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။

ဒီနေ့ခေတ်အတွက် လက်တွေ့ကျသေးသလား။ ကျွန်ုပ်တို့အားလုံး ခြောက်ပစ်ကင်း သဲလဲစင်တွေ မဟုတ်ကြပါဘူး။ (ရောမ ၃:၂၃) တခြားသူတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်လိုက်တာက ပညာရှိရာရောက်တယ်။ အကြောင်းက ကျွန်ုပ်တို့လည်း တခြားသူတွေရဲ့ ခွင့်လွှတ်မှုကို လိုအပ်လာမှာဖြစ်လို့ပါ။ ဒီအပြင် ခွင့်လွှတ်လိုက်ခြင်းက ကျွန်ုပ်တို့အတွက်လည်း အကျိုးရှိပါတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။

ကျွန်ုပ်တို့ ဒေါသသိုထားပြီး မကျေမနပ်ဖြစ်နေမယ်၊ ခွင့်မလွှတ်ဘဲနေမယ်ဆိုရင် ကိုယ်ပဲ ထိခိုက်လာမှာဖြစ်တယ်။ အဲဒီလိုအပျက်သဘောထားတွေကြောင့် မပျော်ရွှင်တော့ဘူး၊ အသက်လည်းတိုလာနိုင်တယ်၊ စိတ်ဆင်းရဲနိုင်တယ်။ ဒါ့အပြင် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်။ ဂျာနယ်တစ်စောင်က ဆောင်းပါးတစ်ပုဒ်မှာ ဒေါက်တာ ယိုအီချီ ချီဒါနဲ့ စိတ်ပညာပါမောက္ခ အန်ထရူး စတက်တိုက အခုလိုရေးသားခဲ့တယ်– “လက်ရှိရှာဖွေတွေ့ရှိချက်တွေအရ ဒေါသနဲ့ ရန်လိုစိတ်ကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါ [CHD] ဖြစ်နိုင်ခြေပိုများနိုင်တယ်။”—Journal of the American College of Cardiology.

ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်း သုံးသပ်ကြည့်ပါ။ တခြားသူကို အကြွင်းမဲ့ခွင့်လွှတ်လိုက်ရင် စည်းလုံးမှု၊ ငြိမ်သက်မှုနဲ့ ဆက်ဆံရေးကောင်းကို ဆက်ထိန်းထားနိုင်မှာဖြစ်တယ်။ အရေးအကြီးဆုံးကတော့ နောင်တစစ်ရတဲ့အပြစ်ပြုသူတွေကို အကြွင်းမဲ့ခွင့်လွှတ်ပြီး ကျွန်ုပ်တို့ကိုလည်း အဲဒီလိုခွင့်လွှတ်ဖို့ မျှော်လင့်တဲ့အရှင် ဘုရားသခင်ကို တုပရာရောက်တယ်။—မာကု ၁၁:၂၅; ဧဖက် ၄:၃၂; ၅:၁