“မင်း ဘာလုပ်စေချင်သလဲ၊ ပြောသာပြောလိုက်၊ ငါ လုပ်ပေးဖို့ အဆင်သင့်ပဲ။” ကိုယ်နဲ့ လုံးဝမသိတဲ့သူစိမ်း ဒါမှမဟုတ် အသိတစ်ယောက်လောက်ကို အဲဒီလိုစကားမျိုး သင်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့ မိတ်ဆွေကိုတော့ အဲဒီစကားပြောဖို့ ဝန်လေးမှာ မဟုတ်ဘူး။ မိတ်ဆွေရင်းတွေဟာ အချင်းချင်းတောင်းဆိုရာတွေကို စိတ်လိုကိုယ်လျောက် လုပ်ပေးချင်ကြတယ်။

ယေဟောဝါဘုရားက မိမိကို ကိုးကွယ်တဲ့သူတွေရဲ့အကျိုးအတွက် အမြဲလုပ်ပေးတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ ဘုရားသခင်နဲ့ ခင်မင်ရင်းနှီးတဲ့ ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ် ဒီလိုပြောပြတယ်– “အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်တို့အဖို့ ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ၏။ . . . ရေတွက်၍မကုန်နိုင်အောင် များလှပါ၏။” (ဆာလံ ၄၀:၅) ယေဟောဝါဘုရားက မိမိကို မသိတဲ့သူတွေအတွက်တောင် ‘အစားအစာကို အလျှံပယ်ပေး၍ စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ’ စေပြီး သူတို့အကျိုးအတွက် ပြုလုပ်ပေးတယ်။—တမန်တော် ၁၄:၁၇

ကိုယ်ချစ်ခင်လေးစားရတဲ့သူတွေရဲ့ ကောင်းကျိုးအတွက် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ပေးကြ

ယေဟောဝါဘုရားက တခြားသူတွေရဲ့ကောင်းကျိုးကို လိုလိုလားလား ပြုလုပ်ပေးတယ်။ ဒါဆိုရင် ဘုရားနဲ့ မိတ်ဆွေဖွဲ့ချင်တဲ့သူတွေဆီကနေ ကိုယ်တော့်ရဲ့ “စိတ်ကို ရွှင်လန်း” စေမယ့်အရာတွေ ပြန်လုပ်ပေးဖို့ မျှော်လင့်တာက ကျိုးကြောင်းညီညွတ်တယ်မဟုတ်လား။ (သုတ္တံ ၂၇:၁၁) ဒါပေမဲ့ ဘုရားရဲ့စိတ်တော် ရွှင်လန်းအောင် အထူးသဖြင့် သင် ဘာလုပ်ပေးနိုင်သလဲ။ ကျမ်းစာမှာ ဒီလို ပြောထားပါတယ်– “ကောင်းမှုပြုခြင်း၊ သူတစ်ပါးအား ဥစ္စာဝေမျှခြင်း အမှုတို့ကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင် အားရနှစ်သက်တော်မူ၏။” (ဟေဗြဲ ၁၃:၁၆) သူတစ်ပါးကို ကောင်းမှုပြုခြင်းနဲ့ ဥစ္စာဝေမျှခြင်းတို့လုပ်ရုံနဲ့ပဲ ယေဟောဝါဘုရား အားရကျေနပ်သလား။

“ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်” ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဟေဗြဲ ၁၁:၆) ရှေးခေတ်အစ္စရေးလူမျိုး အာဗြဟံဟာ “ယေဟောဝါဘုရားကို ယုံကြည်” ပြီးမှသာ “ယေဟောဝါဘုရား၏မိတ်ဆွေ” လို့ အခေါ်ခံခဲ့ရတယ်။ (ယာကုပ် ၂:၂၃) ဘုရားသခင်ဆီကနေ ကောင်းချီးရချင်တယ်ဆိုရင် “ဘုရားသခင်ကို ယုံကြည်ကြောင်း တင်ပြ” ရမယ်လို့ ယေရှုခရစ်လည်း အလေးအနက် ပြောခဲ့တယ်။ (ယောဟန် ၁၄:၁) ဒါဆို ဘုရားရဲ့မိတ်ဆွေတွေဆီမှာ ရှိသင့်တဲ့ ယုံကြည်ခြင်းမျိုးကို သင် ဘယ်လိုရနိုင်မလဲ။ ဘုရားသခင်ရဲ့စကားတော်ဖြစ်တဲ့ သမ္မာကျမ်းစာကို မှန်မှန်လေ့လာခြင်းနဲ့ အစပြုနိုင်ပါတယ်။ ကျမ်းစာလေ့လာရင်းနဲ့ “ဘုရားသခင် အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာ” ကိုရရှိလာမယ်။ ပြီးတဲ့နောက် ကိုယ်တော်ရဲ့ “နှစ်သက်လက်ခံမှုကို” ဘယ်လို “အပြည့်အဝ” ရနိုင်မလဲဆိုတာ သိလာပါလိမ့်မယ်။ ယေဟောဝါဘုရားနဲ့ဆိုင်တဲ့ အသိပညာတွေ တဖြည်းဖြည်းရရှိလာပြီး ကိုယ်တော့်ရဲ့တောင်းဆိုရာတွေအတိုင်း လုပ်ဆောင်တဲ့အခါ ကိုယ်တော့်အပေါ် သင့်ရဲ့ယုံကြည်ခြင်း တိုးပွားလာပါလိမ့်မယ်။ ကိုယ်တော်ကလည်း သင်နဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာပါလိမ့်မယ်။—ကောလောသဲ ၁:၉၊ ၁၀