“ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော် မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်။”—ယောဟန် ၆:၄၄

လူတချို့ မယုံရတဲ့အကြောင်းရင်း– လူများစွာက ဘုရားကို ယုံကြည်ပေမဲ့ ကိုယ်တော်နဲ့ ကွာဝေးလွန်းတယ်လို့ ခံစားကြရတယ်။ အပတ်တိုင်း ခရစ်ယာန်ဘုရားကျောင်းတက်တဲ့ အိုင်ယာလန်နိုင်ငံက ခရစ္စတီးနားဆိုတဲ့အမျိုးသမီး ဒီလိုပြောတယ်– “ဘုရားသခင်ကို ဖန်ဆင်းရှင်အနေနဲ့ပဲ ကျွန်မ ရှုမြင်တယ်။ ကိုယ်တော့်အကြောင်းကိုလည်း ကျွန်မ မသိဘူး။ ကိုယ်တော်နဲ့ ရင်းနှီးတယ်လို့လည်း တစ်ခါမှ မခံစားရဘူး။”

ဘုရားပြောဆိုရာ– ကျွန်ုပ်တို့က ယေဟောဝါဘုရားနဲ့ အလှမ်းဝေးလွန်းတယ်လို့ ခံစားရရင်တောင် ကိုယ်တော်က ကျွန်ုပ်တို့ကို အမြဲတမ်း ကူညီပေးပါတယ်။ ကျွန်ုပ်တို့ကို ဘုရားဂရုစိုက်တယ်ဆိုတာ နားလည်ဖို့ ဒီပုံဥပမာကို ယေရှုပြောပြခဲ့တယ်– “လူတစ်ဦး၌ သိုးတစ်ရာရှိ၍ တစ်ကောင်လမ်းလွဲလျှင် ကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်တွင် ထားခဲ့ပြီးမှ လမ်းလွဲသောသိုးတစ်ကောင်ကို ထွက်ရှာမည်မဟုတ်လော။” အဲဒီပုံဥပမာကနေ ဘာသိရှိရသလဲ။ “ထိုနည်းတူ ကောင်းကင်ဘုံရှိ ငါ့အဖသည် ဤသူငယ်တစ်ဦးကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။”—မဿဲ ၁၈:၁၂-၁၄

“သူငယ်တစ်ဦး” စီကို ဘုရား တန်ဖိုးထားပါတယ်။ “လမ်းလွဲသွား” တဲ့သူကို ဘုရား ဘယ်လိုရှာဖွေသလဲ။ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ ကျမ်းချက်အရ ယေဟောဝါဘုရားက လူတွေကို သွေးဆောင်တယ်။ တစ်နည်းအားဖြင့် ခေါ်ဆောင်လာတယ်။

ဒီနေ့အချိန်၊ တစ်အိမ်ပြီး တစ်အိမ်မှာ၊ လူထုရှေ့မှာ ဘုရားသခင်အကြောင်း ပြောပြနေတဲ့သူတွေဟာ ဘယ်သူတွေလဲ

စိတ်ရိုးဖြောင့်တဲ့သူတွေကို ခေါ်ဆောင်ဖို့ ဘုရားဘက်က ဘယ်လိုအစပြုလုပ်ဆောင်သလဲဆိုတာ သုံးသပ်ကြည့်ပါ။ ခရစ်နှစ် ပထမရာစုမှာ အီသီယိုးပီးယားအရာရှိတစ်ဦးနဲ့ တွေ့ဆုံဖို့ ယေရှုတပည့်ဖြစ်သူ ဖိလိပ္ပုကို ဘုရားသခင် စေလွှတ်လိုက်တယ်။ ဒါနဲ့ အရာရှိဖတ်နေတဲ့ ကျမ်းစာကြိုဟောချက်ရဲ့ အဓိပ္ပာယ်ကို ဖိလိပ္ပု ရှင်းပြပေးခဲ့တယ်။ (တမန်တော် ၈:၂၆-၃၉) နောက်ပိုင်းမှာ ကောနေလိလို့ခေါ်တဲ့ ရောမအရာရှိအိမ်ကို သွားလည်ပတ်ဖို့ တမန်တော်ပေတရုကို ဘုရားသခင် မိန့်မှာခဲ့တယ်။ ကောနေလိဟာ ဘုရားကို ဝတ်ပြုဖို့ ကြိုးစားဆုတောင်းနေသူဖြစ်တယ်။ (တမန်တော် ၁၀:၁-၄၈) တမန်တော်ပေါလုနဲ့ အပေါင်းအပါတွေကိုလည်း ဖိလိပ္ပိမြို့အပြင်မှာရှိတဲ့ မြစ်ကမ်းနားကိုသွားဖို့ ဘုရားသခင် လမ်းညွှန်ပေးခဲ့တယ်။ အဲဒီမှာ “ဘုရားသခင်ကို ကိုးကွယ်” တဲ့ လုဒိလို့ခေါ်တဲ့ အမျိုးသမီးနဲ့ တွေ့ဆုံခဲ့တယ်။ ပေါလု ဟောပြောတဲ့အကြောင်းအရာကို လက်ခံနိုင်ဖို့ “ယေဟောဝါဘုရားသည် သူ [လုဒိ] ၏ စိတ်နှလုံးကို အပြည့်အဝ ဖွင့်တော်မူ၏။”—တမန်တော် ၁၆:၉-၁၅

ဖြစ်ရပ်တစ်ခုစီကို ကြည့်မယ်ဆိုရင် ယေဟောဝါဘုရားက မိမိကိုရှာဖွေနေသူတွေကို မိမိအကြောင်း သိနိုင်ဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒီနေ့အချိန်မှာလည်း တစ်အိမ်ပြီးတစ်အိမ်မှာ၊ လူထုရှေ့မှာ ဘုရားသခင်အကြောင်း ပြောပြနေတဲ့သူတွေရှိပါတယ်။ သူတို့က ဘယ်သူတွေလဲ။ “ယေဟောဝါသက်သေတွေ” လို့ လူအများက ဖြေကြလိမ့်မယ်။ ‘ဘုရားက ငါနဲ့ရင်းနှီးဖို့ ယေဟောဝါသက်သေတွေကို အသုံးပြုနေတာ မဖြစ်နိုင်ဘူးလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ သင်နဲ့ ရင်းနှီးဖို့ ယေဟောဝါဘုရားရဲ့ ကြိုးစားမှုကို လက်ခံနိုင်အောင် ဆုတောင်းပါလို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။ *

^ စာပိုဒ်၊ 8 ထပ်သိချင်တယ်ဆိုရင် www.jw.org/mya ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ ကျမ်းစာကို ဘာကြောင့်လေ့လာသင့်သလဲ ဗီဒီယိုကိုကြည့်ပါ။