ယုံကြည်ခြင်းဆိုတာ ဘာလဲ။

သမ္မာကျမ်းစာ ဖော်ပြချက်အရ၊ “ယုံကြည်ခြင်း” ဆိုတာ ခြေမြစ်ခိုင်လုံတဲ့ အထောက်အထားအပေါ် အခြေပြုထားတဲ့ မမြင်ရတဲ့အရာကို အခိုင်အမာ လက်ခံယုံကြည်ခြင်းဖြစ်တယ်။ ဘုရားသခင်ကို ယုံကြည်တဲ့သူဟာ ကတိတော်အားလုံးကို ကိုယ်တော် ပြည့်စုံစေမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။

ယုံကြည်ခြင်းကို မောရှေ ဘယ်လိုပြသခဲ့သလဲ။

ဘုရားသခင်ရဲ့ ကတိတော်တွေကို ယုံကြည်ကြောင်း ပြသဖို့ မောရှေ ဆုံးဖြတ်ချက်ချထားပါတယ်။ (ကမ္ဘာဦး ၂၂:၁၅-၁၈) အီဂျစ်ပြည်မှာ သက်သောင့်သက်သာနဲ့ ဇိမ်ကျကျနေနိုင်တဲ့ အခွင့်အရေးကို ရရှိထားသူဖြစ်ပေမဲ့ “အပြစ်နှင့်ဆိုင်သော ပျော်မွေ့ခြင်းကို ခဏ ခံစားခြင်းထက် ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခံရန် ရွေးချယ်” ပြီး အဲဒီအခွင့်အရေးတွေကို လက်လွှတ်လိုက်တယ်။ (ဟေဗြဲ ၁၁:၂၅) သူဟာ နောက်ပိုင်းမှာ နောင်တရစေမယ့် ဆုံးဖြတ်ချက်ကို မဆင်မခြင် ချလိုက်တာလား။ မဟုတ်ပါဘူး၊ သူနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “[မောရှေသည်] မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့ တည်ကြည်လျက်နေ၏။” (ဟေဗြဲ ၁၁:၂၇) မောရှေဟာ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး သူချခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တ မရခဲ့ပါဘူး။

တခြားသူတွေ ဘုရားသခင်ကို ယုံကြည်ခြင်းရှိလာအောင် မောရှေ ကူညီပေးခဲ့တယ်။ ဥပမာ၊ အစ္စရေးလူတွေ ဖာရောစစ်တပ်နဲ့ ပင်လယ်နီကြားမှာ ပိတ်မိသွားပြီလို့ သူတို့ ထင်တဲ့အခါ ဘာဖြစ်ခဲ့သလဲဆိုတာ စဉ်းစားကြည့်ပါ။ သူတို့ဟာ ဖြစ်လာနိုင်ဖွယ်ဒုက္ခကြောင့် ကြောက်လန့်ပြီး ယေဟောဝါဘုရားသခင်နဲ့ မောရှေကို အော်ဟစ်အကူအညီ တောင်းကြတယ်။ မောရှေ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

ဘုရားသခင်ဟာ အစ္စရေးလူတွေအတွက် ပင်လယ်နီကို နှစ်ခြမ်းခွဲပြီး လွတ်မြောက်ရာလမ်း ဖွင့်ပေးမယ်ဆိုတာ မောရှေ သိထားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကို တစ်နည်းနည်းနဲ့ ဘုရားသခင် ကာကွယ်ပေးမယ်ဆိုတာကိုတော့ မောရှေ ယုံကြည်စိတ်ချတယ်။ ဒါကြောင့် အစ္စရေးလူတွေကို သူ့လိုပဲ ယုံကြည်စိတ်ချစေချင်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖတ်ရတယ်– ‘မောရှေကလည်း “မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာ ရပ်နေကြ။ ထာဝရဘုရားသည် ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့” ဟု လူများတို့အား ဆို၏။’ (ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄) အစ္စရေးလူတွေ ယုံကြည်ခြင်း ပိုခိုင်ခံ့လာအောင် မောရှေ ကူညီပေးခဲ့သလား။ သူကူညီပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မောရှေအပြင် အစ္စရေးတစ်မျိုးသားလုံးနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားလို့ပါပဲ– “သူတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သော မြေပြင်ကဲ့သို့ ဖြတ်သွားကြ၏။” (ဟေဗြဲ ၁၁:၂၉) မောရှေရဲ့ယုံကြည်ခြင်းက သူ့ကိုရော သူ့ရဲ့ယုံကြည်ခြင်းကို တုပတဲ့သူတွေကိုပါ အကျိုးရရှိစေခဲ့ပါတယ်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာက ဘာလဲ။

ဘုရားသခင့်ကတိတော်တွေကို ကျွန်ုပ်တို့ ယုံကြည်ကြောင်း ပြသဖို့ ဆုံးဖြတ်ချက်ချထားခြင်းအားဖြင့် မောရှေကို တုပနိုင်ပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့ဘဝမှာ ဝတ်ပြုရေးကို ဦးစားထားမယ်ဆိုရင် ကျွန်ုပ်တို့လိုအပ်တဲ့ ရုပ်ပစ္စည်းတွေကို ပေးမယ်လို့ ဘုရားသခင် ကတိပြုထားတယ်။ (မဿဲ ၆:၃၃) ရုပ်ပစ္စည်းလိုအပ်ရာတွေကို ဦးစားမထားဖို့ အခက်တွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုက ရုပ်ပစ္စည်းတွေကို ဦးစားထားနေလို့ပါပဲ။ ဒါပေမဲ့ ဝတ်ပြုရေးကို အာရုံစိုက်ပြီး ဘဝကို အတတ်နိုင်ဆုံး ရိုးရှင်းအောင် ထားမယ်ဆိုရင် ယေဟောဝါဘုရားသခင်ကလည်း ကျွန်ုပ်တို့ လိုအပ်ရာကို ပေးပါလိမ့်မယ်။ ကိုယ်တော် ဒီလိုအာမခံထားတယ်– “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍ မထား။”—ဟေဗြဲ ၁၃:၅

တခြားသူတွေလည်း ယုံကြည်ခြင်းခိုင်ခံ့လာအောင် ကျွန်ုပ်တို့ ကြိုးစားကူညီပေးကြပါတယ်။ ဥပမာ၊ ပညာရှိတဲ့မိဘတွေဟာ သူတို့ကလေးတွေ ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိလာအောင် ကူညီပေးနိုင်တဲ့ အခွင့်အရေး ရရှိထားကြတယ်။ အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်အောင် သွန်သင်ပေးတဲ့ ဘုရားသခင်ရှိတယ်ဆိုတာ ကလေးတွေ သိရှိအောင် ငယ်ငယ်လေးကတည်းက မိဘတွေ သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဘုရားသခင့်စံနှုန်းတွေကို လိုက်နာတာက အကောင်းဆုံးဘဝလမ်းစဉ် ဖြစ်တယ်ဆိုတာကို ကလေးတွေ နားလည်သဘောပေါက်ပြီး ယုံကြည်လာအောင် ကူညီပေးဖို့လည်း လိုအပ်ပါတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားသခင် တကယ်တည်ရှိတယ်၊ ကိုယ်တော်ဟာ မိမိကို “စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်” ဖြစ်တယ်ဆိုတာကို ကလေးတွေ ယုံကြည်လာအောင် မိဘတွေ ကူညီပေးမယ်ဆိုရင် သူတို့ကို အဖိုးထိုက်တဲ့လက်ဆောင် ပေးလိုက်တာနဲ့ အတူတူပါပဲ။—ဟေဗြဲ ၁၁:၆