ဘုရားသခင်ဟာ နေရာတိုင်းမှာ တစ်ပြိုင်နက် စံမြန်းနေတယ်လို့ ဘာသာတရားအမျိုးမျိုးက သွန်သင်ကြတယ်။ ဥပမာ၊ ကက်သလစ်စွယ်စုံကျမ်းသစ်မှာ ဘုရားသခင်ကို “နေရာတိုင်း၊ အရာရာတိုင်းမှာ အမှန်တကယ် တည်ရှိတဲ့အရှင်” လို့ဖော်ပြထားတယ်။ မက်သဒစ်အသင်းကို တည်ထောင်သူ ဂျွန် ဝက်စ်လေကလည်း “နေရာတိုင်းမှာ တည်ရှိတဲ့ ဘုရားသခင်အကြောင်း” လို့ခေါင်းစဉ်တပ်ထားတဲ့ တရားစာပေတစ်ခု ရေးသားခဲ့တယ်။ “စကြဝဠာရဲ့ အတွင်းမှာရော အပြင်ဘက်မှာပါ ဘုရားသခင်မရှိတဲ့နေရာဆိုလို့ တစ်နေရာမှ မရှိဘူး” ဆိုပြီး အဲဒီစာအုပ်ထဲမှာ သူဖော်ပြထားတယ်။

သမ္မာကျမ်းစာမှာ ဘယ်လိုသွန်သင်ထားသလဲ။ ဘုရားသခင်က ကောင်းကင်နဲ့မြေကြီးပေါ်မှာရော လူသားတွေထဲမှာပါ တစ်ပြိုင်နက် တည်ရှိနေပါသလား။

တကယ်တော့ ဘုရားသခင်မှာ စံမြန်းရာနေရာ သတ်သတ်မှတ်မှတ် ရှိပြီး အဲဒီနေရာက ကောင်းကင်ဘုံဖြစ်တယ်လို့ ကျမ်းစာမှာ ဆိုထားပါတယ်။ ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန်ဟာ ဘုရားသခင်ဆီ ဒီလိုဆုတောင်းခဲ့တယ်– ‘ကိုယ်တော် စံတော်မူရာ ကောင်းကင်ဘုံကနေ၍ နားထောင်တော်မူပါ။’ (၃ ရာ. ၈:၄၃၊ ခမ) “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ” လို့ပြောပြီး ဆုတောင်းကြဖို့လည်း မိမိရဲ့တပည့်တွေကို ယေရှု သွန်သင်ပေးခဲ့တယ်။ (မဿဲ ၆:၉) ခရစ်တော်ဟာ ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ “ဘုရားသခင့် ရှေ့တော်မှောက်သို့ ရောက်ရှိရန် ကောင်းကင်ဘုံထဲ ယခုဝင်” ခဲ့တယ်။—ဟေဗြဲ ၉:၂၄

ယေဟောဝါဘုရားသခင်ဟာ နေရာတိုင်းမှာမဟုတ်ဘဲ ကောင်းကင်ဘုံမှာပဲ စံမြန်းတယ်ဆိုတာကို အဲဒီကျမ်းချက်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ အဲဒီကျမ်းချက်တွေထဲက “ကောင်းကင်ဘုံ” ဆိုတာ ကမ္ဘာမြေဝန်းကျင်က လေထုကို ရည်ညွှန်းတာလည်းမဟုတ်သလို ကျယ်ပြောလှတဲ့ အာကာသဟင်းလင်းပြင်ကြီးကိုလည်း ရည်ညွှန်းနေတာ မဟုတ်ပါဘူး။ စကြဝဠာဖန်ဆင်းရှင်ဟာ မြင်နိုင်တဲ့ မိုးကောင်းကင်မှာ မနေဘူး။ (၃ ရာ. ၈:၂၇) ဘာဖြစ်လို့လဲဆိုတော့ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏” လို့ကျမ်းစာမှာ ဆိုထားတယ်။ (ယောဟန် ၄:၂၄) ဒါကြောင့် ကိုယ်တော်ဟာ စကြဝဠာနဲ့ သီးခြားဖြစ်နေတဲ့ နာမ်ဝိညာဉ်ဘုံမှာ စံမြန်းနေပါတယ်။—၁ ကောရိန္သု ၁၅:၄၄

ဘုရားသခင်ဟာ နေရာတကာမှာ တည်ရှိတယ်လို့ ဆိုထားပုံပေါက်တဲ့ ကျမ်းချက်တွေနဲ့ပတ်သက်ပြီးတော့ကော။ ဥပမာ၊ ဆာလံ ၁၃၉:၇-၁၀ မှာ မှတ်တမ်းတင်ထားတဲ့အတိုင်း ဘုရားသခင်နဲ့ပတ်သက်ပြီး ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်က ဒီလိုပြောခဲ့တယ်– ‘ဝိညာဉ်တော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့်လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ သေမင်းနိုင်ငံ [သင်္ချိုင်း] ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။ နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌နေလျှင် ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကို ပို့ဆောင်ပါလိမ့်မည်။’ အဲဒီကျမ်းချက်တွေ ဖော်ပြထားရာ နေရာအသီးသီးမှာ ဘုရားသခင် စံမြန်းနေပါသလား။

ဝိညာဉ်တော်  *နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း” လို့ဒါဝိဒ် ဉီးဆုံးမေးခဲ့တာကို သတိပြုပါ။ ဘုရားသခင်ဟာ မိမိရဲ့ သန့်ရှင်းသောစွမ်းအားတော်နဲ့ အရာရာတိုင်းကို မြင်နိုင်ပြီး ဘယ်နေရာမှာမဆို မိမိရဲ့တန်ခိုးကို အသုံးပြုနိုင်တယ်။ အဲလိုလုပ်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ သွားစရာမလိုအပ်သလို နေစရာလည်း မလိုအပ်ဘူး။ ဥပမာ၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကမ္ဘာဂြိုဟ်နဲ့ မိုင်သန်းပေါင်းများစွာ ကွာဝေးတဲ့ မားစ်ဂြိုဟ်ပေါ်က မြေကြီးတွေကို သိပ္ပံပညာရှင်တွေ လေ့လာနိုင်ခဲ့ကြတယ်။ ဘယ်လိုလေ့လာနိုင်ခဲ့ကြသလဲ။ အဲဒီဂြိုဟ်ဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လေ့လာခဲ့တာမဟုတ်ပါဘူး။ အဲဒီဂြိုဟ်ဆီ လွှတ်တင်လိုက်တဲ့ လူမပါတဲ့ အာကာသစူးစမ်းရေးယာဉ်ကနေ ကမ္ဘာဂြိုဟ်ဆီ ပေးပို့လိုက်တဲ့ အသေးစိတ်ကျတဲ့ ဓာတ်ပုံတွေနဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးလေ့လာခဲ့တာဖြစ်တယ်။

အဲဒီလိုပါပဲ၊ ဘုရားသခင်လည်း စကြဝဠာရဲ့ ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သိရှိနိုင်ဖို့ နေရာတကာ သွားနေစရာမလိုပါဘူး။ “ကိုယ်တော်ရှေ့တွင် မထင်ရှားသော ဖန်ဆင်းရာတစ်ခုမျှမရှိ” လို့ကျမ်းစာမှာ ဆိုထားတယ်။ (ဟေဗြဲ ၄:၁၃) ဘုရားသခင်ဟာ “သန့်ရှင်းသောနေရာ” ကောင်းကင်ဘုံကနေ အရာခပ်သိမ်းကို တွေ့မြင်နိုင်ဖို့၊ မိမိရဲ့ရည်ရွယ်တော်မူချက် ပြီးမြောက်စေဖို့ မိမိရဲ့ တန်ခိုးပါလှတဲ့ စွမ်းအားတော်ကို နေရာတကာ ပို့ပေးနိုင်ပါတယ်။—တရားဟောရာ ၂၆:၁၅။

^ စာပိုဒ်၊ 8 “ဝိညာဉ်တော်” လို့ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးက ဘုရားသခင်ရဲ့ စွမ်းအားတော်၊ မိမိရဲ့အလိုတော်ကို ပြီးမြောက်စေရာမှာ အသုံးပြုတဲ့ တန်ခိုးကို ရည်ညွှန်းတယ်။